သတင်း

ကနီမြို့ တိုက်ပွဲဆက်ဖြစ်၊ ဒေသခံ တစ်သောင်းဝန်းကျင် စစ်ရှောင်ရ

စစ်ကိုင်းတိုင်း ကနီမြို့တွင် တော်လှန်ရေးအင်အားစုက လက်ဦးမှုရယူကာ မြို့ပေါ်ရှိ စစ်ရေးပစ်မှတ််များကို ထိုးစစ်ဆင်နေရာ စစ်ကောင်စီက လေတပ်အားပြုပြီး ခုခံနေသည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်တွင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ဝင်ရောက်တိုက်ခိုက်နေသည်မှာ ယနေ့ (မတ် ၄) ရက်နေ့တွင် တိုက်ပွဲ ၃ ရက် ကြာလာပြီဖြစ်ပြီး ဒေသခံ တစ်သောင်းဝန်းကျင် ထွက်ပြေးနေရသည်။

ချင်းတွင်းမြစ် အနောက်ဘက်ခြမ်း ကနီမြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကိုင် အင်အား ၁၅၀ ဝန်းကျင် တပ်စွဲထားသည့် နေရာများမှာ မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထက်တန်းကျောင်းနှင့် ရွှေစည်းခုံတောင်တို့ဖြစ်သည်။

တိုက်ပွဲစဖြစ်သည့်နေ့မှာပင် ကလေးမြို့၊ မုံရွာအခြေစိုက် စစ်စခန်းများမှ တက်လာသည့် စစ်လေယာဉ်များ ၄ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့ပြီး မတ် ၃ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်တွင် ရဟတ်ယာဉ်က နာရီဝက်နီးပါး ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့တွင်မူ လေကြောင်းတိုက်ခိုက်မှုမရှိသေးကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက နေ့လယ်ပိုင်းတွင် ပြောကြသည်။

“ဒီနေ့မနက်တော့ အနည်းအကျဉ်းလောက်ပဲ ဖြစ်သေးတာ။ မနေ့ကတော့ ကျွန်တော်တို့ဝင်လုံးတဲ့ အချိန်မှာ လေယာဉ်လာလို့ တပ်ပြန်ဆုတ်ထားရပါတယ်။ ဒီနေ့မနက်တော့ ဟိုပစ်ဒီပစ်ပဲ ရှိတယ်” ဟု ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် မြေပြင်စစ်ကူအားနည်းနေ၍ လေတပ်ကို အားပြုပြီး ခုခံနေရသည်ဟု တော်လှန်ရေးအင်အားစုများဘက်က ဆိုသည်။

ကနီမြို့ပေါ် ရပ်ကွက် ၃ ခုနှင့် မြို့ဝန်းကျင် ကျေးရွာများမှ ဒေသခံတို့မှာ ဘေးလွတ်မည်ထင်ရသော နေရာများသို့ ထွက်ပြေးသွားကြကြောင်း စစ်ရှောင်အရေးကူညီနေသူများက ဆိုကြသည်။

တော်လှန်ရေးအင်အားစုက မြို့တွင်းပိတ်မိနေသည့် ဒေသခံများကို ကယ်ထုတ်ပေးနေသည်၊ စစ်ရှောင်အရေအတွက် စာရင်းကောက်ယူနေရာ တိုက်ပွဲဆက်ဖြစ်နေသောကြောင့် အရေအတွက် မသိရသေးဟု ဆိုသည်။

ကနီမြို့နယ်တွင် ရွာပေါင်း ၅၀ ဝန်းကျင်ရှိသည့်အနက် ကနီမြို့ပေါ် ရပ်ကွက်များ၊ ပျူစောထီး ခေါ် ပြည်သူ့စစ် အားကောင်းရာ ရေလည်ကျွန်းရွာ၊ တာဝါတိုင်စခန်းကုန်းတို့တွင်သာ စစ်ကောင်စီက ထိန်းချုပ်ထားပြီး ကျန်ကျေးရွာအများစုတွင် တော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုးထားသည်။

ယမန်နှစ်ကုန်က တွေ့ရသော ကနီတော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦး။ (ဓာတ်ပုံ- DRPA)

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီး လမ်းပေါ်ရှိ ဆန္ဒပြသူများကို ပစ်သတ်ရာမှ လက်နက်ကိုင် ခုခံမှု နိုင်ငံအနှံ့တွင် ပေါ်ပေါက်လာသည်။ ခုခံလိုသူတို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အကူအညီ ရယူထားကြသည်။

၂၀၂၃ အောက်တိုဘာ ၂၇ တွင် ရခိုင်တပ် (AA)၊ ကိုးကန့်တပ် (MNDAA)၊ တအာင်း/ပလောင်တပ် (TNLA) တို့ ဦးဆောင်သည့် “၁၀၂၇ စစ်ဆင်ရေး” တွင်မူ စစ်ကောင်စီတပ် အကြီးအကျယ် အထိနာပြီး ရှမ်းမြောက်ဒေသ မြို့တချို့နှင့် စစ်စခန်း အများအပြားကို စွန့်လွှတ်လိုက်ရသည်။

ယခုနှစ်ဆန်းပိုင်းက တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများရပ်တန့်သွားသည်။

သို့သော်လည်း AA က ရခိုင်ပြည်နယ်တွင်  ထိုးစစ်ရပ်ဆိုင်းခြင်း မပြုသေးပေ။

စစ်တပ်က ရှမ်းမြောက်တွင် ယာယီအပစ်ရပ်ထားချိန် လက်နက်ကိုင် ခုခံမှု၏ အဓိကကျသည့် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းကို ၂၀၂၄ နှစ်ဆန်းပိုင်းမှစပြီး တစ်ကျော့ပြန် စစ်ရေးအရှိန်မြှင့်တင်နေသည်။

စစ်ကိုင်းတိုင်းအလယ်ပိုင်းရှိ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်း၊ ဘုတလင် စသည့်မြို့များကို အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးကာ အရပ်သားများပင်မချန် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့နှင့် ထိစပ်နေသည့် နေရာများ၏ စစ်ဆင်ရေးဆိုင်ရာ ကိစ္စများကို ကွပ်ကဲဆောင်ရွက်ရသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာမြို့တွင်လည်း စစ်တပ်က လုံခြုံရေးပိုမိုတင်းကျပ်ထားပြီး မြို့နှင့်အနီးတစ်ဝိုက်ကိုလည်း မကြာခဏ စစ်ကြောင်းထိုးလျက်ရှိကြောင်း တော်လှန်ရေးအင်အားစုထံမှ သိရသည်။

စစ်တပ်က မြို့ပေါ်တွင် ဘယ်ရီဂိတ် ခေါ် အရံအတားများ ချပြီး စစ်ဆေးနေသဖြင့် တော်လှန်ရေးသမားများသည် ယခင်ကကဲ့သို့ သွားရောက် ကင်းထောက်ရန် ခက်ခဲလာသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မုံရွာခရိုင် အမှတ် (၂၅) တပ်ရင်းမှ ကိုသံမဏိက ပြောသည်။

“မြို့တွင်းတွေမှာဆိုရင် ကင်းထောက်သွားတာတွေ လွတ်လွတ်လပ်လပ်သွားလာ လို့ရတဲ့ အခြေအနေကနေ ခုဆိုရင် မြို့ထဲမှာ ရပ်ကွက်တွေအလိုက် တစ်လမ်းကျော်၊ တစ်လမ်းကျော်မှာ ဘယ်ရီဂိတ်ထားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေလုပ်လာတာပေါ့” ဟု ပြောသည်။

ဖေဖော်ဝါရီလကုန်တွင် စစ်တပ်က နမခ အနီးအနားရှိ ကျေးရွာများကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးခဲ့ရာ ခိုးသန်း၊ ဘူးတောင်းကန်၊ ကံကြီးကုန်း စသည့်ကျေးရွာတို့မှ အိမ်ခြေ ၂၀၀ နီးပါး မီးရှို့ခံရသည်။

ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့သည် သုံးပွင့်ဆိုင် ထိစပ်နေပြီး ဒေသအခြေစိုက်ကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အခြေစိုက်ရာ ကလေးမြို့တွင်လည်း ဖေဖော်ဝါရီလကုန်မှစတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးအရှိန်မြှင့်တင်မည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားသည်။

မတ် ၂ ရက်နေ့က ကလေးမြို့တောင်ဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးအရှိန်တက်နေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် စစ်ကိုင်းတိုင်း ကောလင်း၊ ခမ်းပါတ်၊ ရွှေပြည်အေး၊ မော်လူးမြို့တို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်နိုင်ခဲ့သော်လည်း ဖေဖော်ဝါရီလဆန်းတွင် ကောလင်းမြို့ကို စစ်တပ်က ပြန်လည် သိမ်းပိုက်ခဲ့သည်။

ထို့ပြင် ထီးချိုင့်မြို့၊ ပင်လည်ဘူးမြို့တွင်တို့တွင်လည်း မြို့ပေါ်တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို တော်လှန်ရေးအင်အားစုများက ဆက်လက်ထိုးစစ်ဆင်နေသည်။

Show More

Related Articles

Back to top button