နိုင်ငံအနောက်ပိုင်းတွင် မြို့ ၆ မြို့ သိမ်းပိုက်ထားသည့် ရက္ခိုင့်တပ်တော် (AA) က ရခိုင်ဒေသတစ်ခုလုံး လွတ်မြောက်ရန် စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ယနေ့ (မတ် ၄) သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
စစ်သည်အင်အား ၄ သောင်းဝန်းကျင်ခန့်ရှိသော AA က ရခိုင်ပြည်နယ်ရှိ စစ်တပ်စခန်းတိုင်းကို တစ်ခုမကျန် တိုက်ထုတ်မည်ဟု မကြာခဏ သတင်းထုတ်ပြန်တတ်သလို သတင်းထောက်များနှင့် အွန်လိုင်းတွင် တွေ့ဆုံစဉ် ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့၊ ရခိုင့်ကြမ္မာကို ရခိုင်ဖန်တီးနိုင်တဲ့ အာရက္ခပြည်ရဲ့ အနာဂတ်ကို ကျွန်တော်တို့ကိုယ်တိုင် ကျွန်တော်တို့လက်နဲ့ တည်ဆောက်သွားဖို့ဖြစ်တယ်ဆိုတာကို အခိုင်အမာပြောလိုပါတယ်” ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုသည်။
“ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံရေးအဆင့်အတန်းကို ရအောင် ကျွန်တော်တို့ဘက်ကတော့ လက်တွေ့ကျကျ ကြိုးစားနေတာဖြစ်ပါတယ်”
နေပြည်တော်၏စီမံခန့်ခွဲမှုကို မလိုက်နာဘဲ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေးနှင့် အခွန်အကောက် စသည်တို့ကို AA က ၎င်းတို့၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ရန် ရည်မှန်းထားခြင်း ဖြစ်သည်။
လက်ရှိတွင် ယင်းကဲ့သို့သော အခွင့်အရေးမျိုးကို ရှမ်းပြည်နယ်အခြေစိုက် UWSA ခေါ် ‘ဝ’ တပ်ဖွဲ့က ရရှိထားသည်။
လတ်တလောအခြေအနေတွင် ရခိုင်ဒေသကို မြန်မာပြည်မှ ခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်ရန် အခြေအနေမရှိသေးဟု သူက ဆိုသည်။
“သီးခြားနိုင်ငံဆိုတာကတော့ အတူတူပေါင်းနေလို့မရတော့တဲ့ အခြေအနေတစ်ခုမှာ သူ့ဟာနဲ့သူ ဖြစ်လာတဲ့ကိစ္စပါ။ ဒါကြောင့် သီးခြားခွဲထွက်ရေးဆိုတာကတော့ အတူတူနေလို့ ရ၊ မရဆိုတာနဲ့ တိုက်ရိုက် အချိုးကျပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။
“အတူတူပေါင်းနေလို့ နေ့တိုင်း စိတ်မချမ်းသာဖြစ်နေရတဲ့အခြေအနေမျိုး၊ နောက်ပြီးတော့ ကျွန်တော်တို့ပြည်သူတွေကို နေ့စဉ်နေ့တိုင်း မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်၊ အဲလိုပုံစံမျိုးတွေ လုပ်နေမယ်ဆိုရင် ဒါကတော့ အများကြီး စဉ်းစရာတွေရှိပါတယ်”
ဆက်လက်၍ “နောက်တစ်ခုက မခွဲထွက်နဲ့လို့ ပြောပြီးတော့ တစ်ဖက်မှာ လူမျိုးသုဉ်းသတ်ဖြတ်ဖို့အတွက် ကြွေးကြော်နေတာမျိုးတွေ၊ ဥပမာ လူမျိုးရေးပဋိပက္ခဖြစ်အောင်၊ မုန်းတီးရေးတွေ လှုံ့ဆော်နေတာမျိုးတွေ ဒီလိုဟာမျိုးဆိုတော့ ဒီလူတွေနဲ့အတူတူနေလို့ဖြစ်ပါ့မလားလို့ ကျွန်တော်တို့စဉ်းစရာတွေရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
AA သည် နိုဝင်ဘာ ၁၃ မှစတင်ကာ နိုင်ငံအနောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီး ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်မြောက်ပိုင်းရှိ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦးမြို့တို့ကို သိမ်းပိုက်ထားသည်။ သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီတပ်စခန်း အရေအတွက် ၂၁၅ ခု ရှိသည်။
ဆက်လက်တိုက်ခိုက်နေသည်မှာ ပုဏ္ဏားကျွန်း ၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်နှင့် ရမ်းဗြဲမြို့တို့ရှိ စစ်ကောင်စီ တပ်စခန်းများ ဖြစ်သည်။ စစ်တွေ၊ ကျောက်ဖြူ၊ အမ်းတို့တွင်လည်း စစ်ရေးအရှိန်တက်နေသည်။
AA တပ်များ ရှမ်းပြည်နယ်တွင်သာ အပစ်ရပ်
အောက်တိုဘာ ၂၇ တွင် AA က ကိုးကန့်တပ်၊ တအာင်း/ပလောင်တပ်တို့နှင့် လက်တွဲပြီး ရှမ်းမြောက်ဒေသ စစ်ကောင်စီတပ်စခန်းများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရာ ထိုထိုးစစ်ကို “၁၀၂၇ စစ်ဆင်ရေး” ဟု အမည်ပေးခဲ့သည်။
ထိုစစ်ဆင်ရေးတွင် စစ်ကောင်စီတပ် အကြီးအကျယ်အထိနာပြီးနောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှု ပေါ်ပေါက်လာသည်။
မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီကြား ယခုနှစ် ဇန်နဝါရီ ပထမပတ်က ယူနန်ပြည်နယ်၊ ဟိုင်ဂင်ဟိုတယ်တွင် ပြုလုပ်ခဲ့သော “ဟိုင်ဂင်” သဘောတူညီချက်အရ အပစ်အခတ် ရပ်စဲမှုမှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများသာ ပါဝင်ပြီး ရခိုင်ဒေသ ပါဝင်ခြင်းမရှိပေ။
AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ကလည်း ရခိုင်ဒေသတွင် အပစ်ရပ်မည့်အခြေအနေ လောလောဆယ် မရှိသေးကြောင်း အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားသွားသည်။
“(ရခိုင်တိုက်ပွဲက) လက်ရှိ မြင်တဲ့အတိုင်းပါပဲ၊ တွေ့နေမြင်နေတဲ့အတိုင်းပါပဲ၊ ကျွန်တော်တို့ ဟိုင်ဂင်ကိစ္စပဲ ဆွေးနွေးတယ်ဆိုတော့ ဟိုင်ဂင်ထဲမှာက ရှမ်းမြောက်မှာရှိတဲ့ AA နဲ့ပဲ သက်ဆိုင်နေတယ်၊ ရခိုင်ပြည်ဘက်မှာရှိတဲ့ AA က မပါသေးဘူးဗျ” ဟု သူက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။