စစ်ကိုင်းတိုင်းကို စစ်ရေးကွပ်ကဲသည့် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် မိုင် ၃၀ ခန့်အကွာ ကနီမြို့ကို တော်လှန်ရေးတပ်များက ထိုးစစ်ဆင်ခဲ့ရာ ယနေ့ (မတ်လ ၇ ရက်) နံနက်ပိုင်းတွင် မြို့၏ဧရိယာအများစုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ခိုင်လုံသည့် စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ပြီးခဲ့သည့် မတ် ၂ ရက်ကတည်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ် အင်အား ၁၅၀ နီးပါး တပ်စွဲထားသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲစခန်း၊ အထက်တန်းကျောင်း စသည့် နေရာများကို တော်လှန်ရေးအင်အားစုများက စတင်တိုက်ခိုက်ခဲ့ပြီး ၆ ရက်အကြာတွင် အပြည့်အဝထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။
“မြို့ကို အပြည့်အဝနီးပါး ထိန်းချုပ်ထားနိုင်တယ်။ မြို့နားတစ်ဝိုက်မှာ တိုက်ပွဲများ ဆက်လက်ဖြစ်နေဆဲ ဖြစ်တယ်” ဟု အထက်ပါ ခိုင်လုံသည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ကနီမြို့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ လက်နက်ချခဲ့ပြီး အသေးစိတ်အခြေအနေ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီ သတင်းဌာနများ၏အဆိုအရ ကနီကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားကြသည်။
သီတင်းတစ်ပတ်နီးပါး ဖြစ်ပွားသော ကနီမြို့ပေါ်တိုက်ပွဲအတွင်း မြို့ကို လက်မလွှတ်ရရေးအတွက် စစ်တပ်က လေကြောင်းမှ အပြင်းအထန် ခုခံလျက်ရှိကြောင်း ကနီအခြေစိုက်တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၊ MI 35 ရဟတ်ယာဉ်နှင့် သယ်ယူပို့ဆောင်ရေး Y-12 အစရှိသော လေယာဉ်များဖြင့် နေ့စဉ် တိုက်ခိုက်လျက်ရှိရာ ၆ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ ကျော် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ (မတ် ၆) တွင်လည်း ညပိုင်းအချိန်အထိ တစ်နေကုန် လေကြောင်းမှ တိုက်ခိုက်ခဲ့သည့်အပြင် ယနေ့ နံနက် ၅ နာရီဝန်းကျင်တွင် တစ်နာရီနီးပါး လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ဆိုကြသည်။
“မနေ့ညက တစ်ညလုံး ပဲ။ လေကြောင်းတိုက်ခိုက်မှုက ကနီမြို့နယ်အတွင်းမှာကို ၃၊ ၄ နေရာလောက် လုပ်သွားတယ်။ မြို့ပေါ်မှာလည်း တော်တော်လေးလုပ်သွားတယ်။ … မနက်က ၅ နာရီ ၄၈ မိနစ်ကနေ ၆ နာရီ ၄၆ အထိ (လေကြောင်းတိုက်ခိုက်မှု) ၁၁ ကြိမ် မနက်က လုပ်သွားတယ်။ ကနီမြို့ပေါ်ကိုပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကနီဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကူအင်အားတချို့ကိုလည်း ယနေ့နံနက်က လေကြောင်းဖြင့် လာရောက်ချထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မြို့ပေါ်ရှိ တပ်စွဲထားရာနေရာများ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခံနေရသဖြင့် လေကြောင်းနှင့် မြေပြင်စစ်ကူများ ပေးပို့ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကူအညီတောင်းသည့် အသံဖိုင်များ ယမန်နေ့ ညတွင် ဝါဒဖြန့်တယ်လီဂရန်ချန်နယ်များမှတစ်ဆင့် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သည့် လက်နက်ကိုင်ခုခံမှုအားကောင်းရာဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနှင့် ချင်းပြည်နယ်ရှိ စစ်ရေးကိစ္စများကို ကိုင်တွယ်သည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်သည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်လိုက်သည့် ကနီမြို့မှ မိုင် ၃၀ ကျော်သာ ကွာဝေးပြီး ကားဖြင့် သွားလာပါက တစ်နာရီကျော်သာ ကြာမြင့်သည်။
“အဓိကတော့ စစ်ရေးအရ အရေးပါတဲ့ နယ်မြေတွေ Control (ထိန်းချုပ်မှု) လုပ်တာပါ။ (ကနီ) မြို့ တစ်မြို့တည်းကို ရည်ရွယ်တဲ့ အော်ပရေးရှင်း (စစ်ဆင်ရေး) တော့ မဟုတ်ဘူး။ မဟာဗျူဟာတစ်စုံလုံး ရည်ရွယ်တဲ့ အော်ပရေးရှင်းပါ” ဟု အထက်ပါ ခိုင်မာသည့် စစ်ရေးအရင်းအမြစ်က ဆိုသည်။
ကနီကို ထိန်းချုပ်နိုင်ရေး တော်လှန်ရေးအင်အားစုများ ကြိုးပမ်း
မတ် ၂ ရက်တွင် မြို့ပေါ်ရှိ စစ်တပ်တပ်စွဲထားရာနေရာများကို စတင်တိုက်ခိုက်ပြီး နာရီပိုင်းအကြာ နံနက် ၈ နာရီဝန်းကျင်မှစကာ မုံရွာမြို့၊ ကလေးမြို့နှင့် တံတားဦးလေတပ်တို့မှ တက်လာသည့် လေယာဉ်များဖြင့် တစ်နေကုန် အကြိမ် ၂၀ နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲတတိယရက်ဖြစ်သည့် မတ် ၄ ရက်နေ့မှအပ ကျန်ရက်များတွင် မြို့နှင့် အနီးတစ်ဝိုက် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု နေ့စဉ် ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
လေကြောင်းတိုက်ခိုက်မှုများကြောင့် မင်းကုန်းရွာမှ အမျိုးသား ၁ ဦး သေဆုံးပြီး၊ ဘုန်းကြီး ကျောင်း ၁ ကျောင်း အပါအဝင် နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကနီမြို့နယ်လက်ရှိတိုက်ပွဲများကြောင့် မြို့ပေါ် ရပ်ကွက် ၃ ခုနှင့် အနီးအနားရွာများမှ လူဦးရေ တစ်သောင်းနီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။
လက်နက်ကိုင်ခုခံမှု အစောဆုံးစတင်ခဲ့ရာ မြို့များတွင် အပါအဝင်ဖြစ်သည် ကနီမြို့နယ်တွင် စစ်တပ်က မြို့ပေါ်ရပ်ကွက် ၃ ခု၊ မြို့နှင့် မိုင်အနည်းငယ်ခန့်အကွာ ပျူစောထီး (ပြည်သူ့စစ်) များနှင့် ပူးပေါင်း တပ်စွဲထားသည့် ရေလည်ကျွန်းရွာနှင့် မုံရွာ-ယာကြီးကားလမ်းပေါ်ရှိ တာဝါတိုင်စခန်းကုန်းတို့တွင်သာ နယ်မြေစိုးမိုးထားပြီး တော်လှန်ရေးအင်အားစုများက ကျေးရွာအများစုကို ထိန်းချုပ်ထားသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ မြို့နယ်များသို့ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ ပို့ရန်အတွက် ချင်းတွင်းမြစ်ကြောင်း ရေနည်းချိန် နွေရာသီမှအပ ကျန်အချိန်များတွင် မြစ်ကြောင်းမှတစ်ဆင့် သယ်ယူပို့ဆောင်ရေးကို စစ်တပ်က ပြီးခဲ့သည့်နှစ်ပိုင်းကစပြီး ပိုမိုအားပြုလာသည်။
ပြီးခဲ့သည့်နှစ်ကုန်တွင် စစ်ကိုင်းတိုင်း ကောလင်းမြို့၊ ခမ်းပါတ်၊ ရွှေပြည်အေးနှင့် မော်လူးမြို့တို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် သုံးလကျော်အကြာတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီလဆန်းတွင် ကောလင်းမြို့ကို တော်လှန်ရေးအင်အားစုများက လက်လွှတ်ခဲ့ရသည်။
စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် မြို့များကို ဆက်လက်ထိန်းသိမ်းထားနိုင်သည့်အခြေအနေမှာ အခြားဒေသများရှိ စစ်ရေးအခြေအနေများနှင့် ဆက်စပ်နေသည်ဟု အရပ်ဘက်၊ တော်လှန်ရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသည့် စစ်ကိုင်းဖိုရမ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုးဝင်းဆွေက သုံးသပ်သည်။
“အခြားနေရာတွေမှာ ဒါမှမဟုတ်ရင် တစ်ပြည်လုံးအတိုင်းအတာမှာ စစ်ရှိန်လျော့မသွားဘူး။ ရခိုင်ကလည်း ရခိုင်အလျောက်၊ ရှမ်းမြောက်ကလည်း ရှမ်းမြောက်အလျောက် တိုက်ပွဲတွေရှိနေမယ် ဆိုရင်တော့ စစ်ကိုင်းတိုင်းမှာ စစ်ရေးရလဒ်တွေကို တော်လှန်ရေးအုပ်စုတွေက ဒီထက်ပိုပြီးတော့ ဖော်ဆောင်နိုင်မယ်။ စောစောကပြောတဲ့ မြို့ကို သိမ်းနိုင်ခဲ့ရင် မြို့ကို ကြာရှည်ထိန်းနိုင်လား၊ မထိန်းနိုင်လား ဆိုတာကတော့ အခြားသောနေရာတွေမှာ ရှိတဲ့ တိုက်ပွဲသတင်း၊ တိုက်ပွဲရလဒ်တွေနဲ့ အများကြီး ဆက်စပ်မှုရှိနေပါတယ်” ဟု ၎င်းက သုံးသပ်သည်။
“မြစ်တစ်ဖက်ကမ်းမှာလည်း ရန်သူရဲ့ တိုင်းစစ်ဌာနချုပ် နမခ ရှိနေတယ်။ မြစ် ဒီဘက်ကမ်း တံတားထိပ်မှာလည်း ရွှေတောင်ဦးမှာလည်း ရန်သူက ဗျူဟာကုန်းအနေနဲ့ ထိုင်ထားတာရှိတော့ အကယ်၍ ရန်သူအနေနဲ့ တန်ပြန်ထိုးစစ်ဆင်လာမယ်ဆိုရင်တောင်မှ လက်တစ်ကမ်းမှာရှိတဲ့ အနေအထားဆိုတော့ တော်တော်လေးတော့ သတိကြီးကြီးထားရမယ့်အပိုင်းရှိမယ်လို့ ထင်ပါတယ်” ဟု ဦးစိုးဝင်းဆွေက ဆက်ပြောသည်။
ရှမ်းမြောက်တွင် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ယခုနှစ် ဇန်နဝါရီလဆန်းတွင် အပစ်ရပ်ခဲ့ပြီးနောက်ပိုင်းတွင် စစ်တပ်က စစ်ကိုင်းတိုင်းတွင် တစ်ကျော့ပြန် အရှိန်မြှင့်ပြီး စစ်ကြောင်းထိုးနေသည်။