သတင်း

NUG ကျောင်းများ ပွဲလုပ်မည့် ကနီမြို့ လေကြောင်းမှ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ပညာရေးစုံညီပွဲတော်ပြုလုပ်ရန် ပြင်ဆင်နေသည့် စာသင်ကျောင်းတစ်ကျောင်းအနီးကို စစ်ရဟတ်ယာဉ်က သွားရောက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကနီမြို့နှင့် မင်းကင်းမြို့နယ်စပ် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း ကုန်းသာရွာရှိ အဆိုပါ စာသင်ကျောင်းအနီးတစ်ဝိုက်ကို ယမန်နေ့ (ဒီဇင်ဘာ ၁၄ ရက်) တွင် စစ်တပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

စုံညီပွဲတော်ပြင်ဆင်နေချိန်ဖြစ်သည့်အတွက် ကျောင်းသားနှင့် အရပ်သားပြည်သူ ထိခိုက်မှုမရှိ၊ စာသင်ကျောင်းအနီးရှိ ဘုန်းကြီးကျောင်းကို ၁၁ ချက် ထိမှန်ခဲ့ပြီး အနီးအနားရှိ နွား ၁ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

ထိုပစ်ခတ်မှုကြောင့် ဒီဇင်ဘာ ၁၅ တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ပညာရေးစုံညီပွဲတော် ဖျက်သိမ်းလိုက်ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။

မြေပြင်တွင် တိုက်ပွဲမရှိကြောင်း၊ ပွဲတော်ကျင်းပမည့်သတင်း ရရှိသည့်အတွက် လာရောက်ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။

အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအားကောင်းရာ ကနီမြို့နယ်ကို ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုမိုးထားပြီး ကြားကာလပညာသင်ကြားရေးအစီအစဉ်အတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလဆန်းက စတင်ပြီး ကျောင်းများဖွင့်လှစ်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို လေကြောင်းမှ ပစ်ခတ်အပြီး တွေ့ရစဉ်။ (ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး လူမှုကွန်ရက်စာမျက်နှာ)

NUG အစိုးရ လက်အောက်ခံ ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ထံမှ သိရှိရသည့်စာရင်းအချက်အလက်အရ ယခုစာသင်နှစ်တွင် ကနီမြို့နယ်၌ ကျောင်းပေါင်း ၁၅၃ ကျောင်း ဖွင့်လှစ်ထားပြီး ဆရာဆရာမ ၂၄၅၉ ဦး၊ ကျောင်းသားကျောင်းသူ ၂၅၀၀၀ နီးပါး ရှိသည်။

ကျောင်းတချို့တွင်သာ ဗုံးခိုကျင်းတူးထားသည်ဟုလည်း ကနီမြို့နယ် ပညာရေးတာဝန်ခံ ဦးဝင်းဌေးက ပြောသည်။

“လေကြောင်းအန္တရာယ် ကြုံတွေနိုင်တဲ့ အခြေအနေကို တင်(ပြ)တဲ့ ကျောင်းတွေကတော့ ဝန်ကြီးဌာနက ဗုံးခိုကျင်းတူးဖို့ရာ ချပေးထားတာ ရှိပါတယ်။ မဟုတ်လည်း ဒီကိစ္စတွေက ကြုံနေရတာ။ ကြုံနေရတာဆိုတော့ ကလေးတွေ ပြေးဖို့လွှားဖို့ကတော့ လေ့ကျင့်ထားရတာပေါ့”

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ

ဆန္ဒပြသူများကိုပင် သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲသည့် စစ်တပ်သည် အာဏာသိမ်းပြီး သုံးနှစ်နီးပါးကာလအတွင်း  စာသင်ကျောင်းများပင်မချန် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လက်ယက်ကုန်းဖြစ်စဉ်မှာ အဆိုးရွားဆုံးဖြစ်စဉ်များအနက် တစ်ခုဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၁၆ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို လေကြောင်းမှ ပစ်ခတ်ပြီး မြေပြင်ထိုးစစ်ဆင်မှုကြောင့် ကလေး ၇ ဦး သေဆုံး၊ ၁၇ ဦး ထိခိုက် ဒဏ်ရာရခဲ့သည်။

ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ပုလဲမြို့နယ် NUG အစိုးရ တရားရုံးကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့နယ်တရားသူကြီးနှင့် ဇနီး၊ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာ ၉ ညက KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ မြောက်ဘက် ၂ မိုင်အကွာက မုန်လိုင်ခက်ရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သား ၂၈ ဦး သေဆုံးသွားခဲ့သည်။

အောက်တိုဘာ ၉ ရက် ညက တိုက်ခိုက်ခံရသည့် မုန်လိုင်ခက်စစ်ရှောင်စခန်း ပျက်စီးမှုနှင့် နာရေးအစီအစဉ်ကို နောက်တစ်ရက်တွင် တွေ့ရစဉ်။ ဓာတ်ပုံ – CJ

လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ကြိမ်တည်းတွင် ရာနှင့်ချီ သေဆုံးခဲ့သည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။ ပြီးခဲ့သည့် ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို လေကြောင်းမှ တိုက်ခိုက်ရာ ကလေးငယ် ၃၀ ကျော် အပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရသည်။

အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခြင်းမပြုရန်၊ ပြည်သူ့နေအိမ်များကို မီးမရှို့ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ဟောင်း နိုလင်းဟေဇာက ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် တိုက်တွန်းခဲ့သည်။

ထိုတိုက်တွန်းမှုကို စစ်ခေါင်းဆောင်က ငြင်းဆိုထားပြီး လေကြောင်းတိုက်ခိုက်မှုသည် အရပ်သားပစ်မှတ်မဟုတ်ဘဲ စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်သည်၊ နေအိမ်များ မီးရှို့သူမှာ ယင်းလက်အောက်ခံ တပ်သားများ မဟုတ်ဟု ငြင်းဆိုခဲ့သည်။

သို့သော် Human Rights Watch – HRW ခေါ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကမူ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် ရည်ရွယ်ချက်ဖြင့် စစ်ဥပဒေကို လွန်လွန်ကျူးကျူး ချိုးဖောက်ကျူးလွန်ခြင်းဖြစ်သည်ဟု အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် အခြားနိုင်ငံများသည် စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများနှင့် လေယာဉ်ဆီရောင်းချမှုကို ကန့်သတ်ခဲ့ကြသော်လည်း ပိုမိုထိရောက်သည့် ဖိအားပေးမှုများပြုလုပ်ရန် HRW က တောင်းဆိုသည်။

နိုဝင်ဘာ ၃၀ တွင်မူ စစ်ကောင်စီက အရပ်ဘက်ပစ်မှတ်ကိုလည်း တိုက်ခိုက်ရမည့် အခြေအနေ ဖြစ်ပေါ်လာနိုင်သည်ဟု ပြောထားသည်။

Show More

Related Articles

Back to top button