
ရန်ကုန်တိုင်း လှိုင်သာယာနှင့် တိုက်ကြီးမြို့နယ်တွင် ယမန်နေ့နှင့် ယနေ့ (ဒီဇင်ဘာ ၁၁) နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးနှင့် ဒဏ်ရာရသူများ ရှိနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ပြောသည်။
ယမန်နေ့ ည ၇ နာရီခန့်က လှိုင်သာယာမြို့နယ် အနော်ရထာလမ်းမပေါ် ဒဂုံ-ဧရာအဝေးပြေးကားဝင်းရှေ့၊ အနော်ရထာစက်မှုဇုန်ထိပ်ရှိ စစ်ကောင်စီ စစ်ဗျူဟာမှူး ရုံးထိုင်သည့် စခန်းကို ဗုံးသီးခြောက်လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ရန်ကုန်တိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုကို ကြီးကြပ်နေသည့် ထိုအဖွဲ့က ပြောသည်။
တိုက်ခိုက်မှုအတွင်း ပစ်မှတ်သတ်မှတ်ထားသည့် နေရာလေးခုကို ထိမှန်ခဲ့ကာ ထိုစခန်း၏ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားသည်ဟု ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် ထိုနေရာသို့ ဦးတည်မောင်းနှင်လာသော စစ်ကောင်စီတပ်ဖွဲ့မှ ဗျူဟာမှူး ပါဝင်သည့် စစ်ကားငါးစီးပါ ယာဉ်တန်းကို သမကုန်းလမ်းဆုံ၌ မိုင်းလေးလုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ကားနှစ်စီးပျက်စီးသွားကြောင်း ၎င်းက ဆက်ပြောသည်။
“မိုင်းဆွဲ mission (စစ်ဆင်ရေး) က အပြန်မှာ အပစ်ခံရတယ်။ ပစ်ကွင်းကြားထဲက ရဲဘော်တွေအကုန် အောင်မြင်စွာပြန်ဆုတ်နိုင်ခဲ့တယ်”ဟု အထက်ပါ တာဝန်ခံက ပြောသည်။
ဗုံးသီးဖြင့် တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရမှုကို အတည်မပြုနိုင်သေးသော်လည်း ယာဉ်တန်းကို မိုင်းဖြင့်တိုက်ရာတွင် စစ်သားနှစ်ဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရသည်ဟု ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ဆိုသည်။
သို့သော် အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
လှိုင်သာယာမြို့နယ် အနော်ရထာလမ်းပေါ်ရှိ အမှတ် ၉ ရဲတပ်ရင်းရှိရာ နေရာအနီးတွင် စစ်သားအင်အား အများအပြားတပ်စွဲထားရာ နေရာ၌ ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်ခဲ့သည်မှာ မှန်ကန်ကြောင်း ထိုနေရာတွင်နေထိုင်သူ အမျိုးသားတစ်ဦးက အတည်ပြုသည်။
စစ်စခန်းအတွင်းသို့ ည ၁၂ နာရီခန့်အထိ အရေးပေါ်လူနာတင်ကားများ အဆက်မပြတ် ဝင်ထွက်နေသည်ကို တွေ့ရသည်ဟု ၎င်းက ဆက်ပြောသည်။
ထိုဖြစ်စဉ်ပြီးနောက်တွင် ကားဖြင့် ၁၀ မိနစ်ဝန်းကျင် ခရီးသာရှိသည့် သမကုန်းလမ်းဆုံဘက်မှ ပေါက်ကွဲသံများ၊ သေနတ်သံများထွက်ပေါ်ခဲ့သည်ဟုလည်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
“ကျွန်တော်တို့က အပြင်ထွက်ကြည့်လို့ မရဘူးလေ။ အသံပဲကြားရတာ။ သူတို့(စစ်ကောင်စီတပ်) ထိတာတွေတော့ များလိမ့်မယ်။ သမကုန်းမိန်းလမ်းမကြီးမှာတော့ အပြန်အလှန်ပစ်ကြသေးတယ်”ဟု ၎င်းက ဆိုသည်။
လှိုင်သာယာမြို့နယ်သတင်းများ ဖော်ပြနေသည့် HTY Information ကလည်း မြို့နယ်အတွင်း ယမန်နေ့ညက တိုက်ခိုက်မှုများ ဖြစ်ခဲ့သည်မှာ မှန်ကန်ကြောင်း ပြောသည်။
“(သေဆုံးသူအရေအတွက်) အခုထိ မသိရသေးပါဘူး။ အတွင်းသတင်းဖြစ်နေတော့ သတင်းရဖို့ မလွယ်သေးပါဘူး” ဟု HTY Information တာဝန်ရှိသူတစ်ဦးက ယနေ့ (ဒီဇင်ဘာ ၁၂) မွန်းလွဲပိုင်းတွင် ပြောသည်။
ထို့အတူ ယနေ့နံနက် ၇ နာရီဝန်းကျင်တွင် တိုက်ကြီးမြို့နယ် အိုးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် တပ်စွဲထားသည့် ဘန်ကာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ရာ စစ်သားတစ်ဦး သေဆုံးပြီး တစ်ဦးပေါင်ပြတ်သွားသည်ဟု ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
တိုက်ကြီးမြို့နယ်အတွင်း တိုက်ခိုက်မှုနှင့် ပတ်သက်၍မူ ဒေသခံများကို ဆက်သွယ်နိုင်ခြင်း မရှိသေးပါ။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းနေသည့် စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်မှုများ နိုင်ငံအနှံ့ ပေါ်ပေါက်လာပြီး ရန်ကုန်တိုင်းသည်လည်း အပါအဝင်ဖြစ်သည်။
စစ်တပ်ဘက်မှလည်း ဖမ်းဆီးမှုများ အပြင်းအထန်လုပ်နေပြီး ရန်ကုန်ရှိ ခုခံမှုများကို ဦးဆောင်နေသူများဟု ၎င်းတို့ စွပ်စွဲလေ့ရှိသူများအနက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအမတ် ဦးဖြိုးဇေယျာသော်တို့ကို ဖမ်းထားသည်။
ဖမ်းဆီးစဉ် ဒဏ်ရာအပြင်းအထန်ရခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည့် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် တို့ကို ဖမ်းဆီးပြီး လအတန်ကြာသည်အထိ မည်သည့်နေရာ၌ရှိသည်ကိုပင် စစ်ကောင်စီက ထုတ်မပြောပေ။
သို့သော် ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီကို ပစ်မှတ်ထားသည့် အထက်ပါကဲ့သို့ တိုက်ခိုက်မှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်က လှိုင်သာယာမြို့နယ် အောင်ဇေယျကြိုးတံတားအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDF ဘက်က အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ရာ စစ်တပ်ဘက်တွင် သေဆုံးမှုရှိသည်ဟု NUG ဘက်က ပြောထားသည်။
NUG ၏ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ဘက်မှ ထုတ်ပြောသည့် ရန်ကုန်တိုင်းအတွင်း အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)