သတင်း

NLD ပါတီဝင် လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော် ရန်ကုန်တွင် အဖမ်းခံရ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝင် လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်မှာ ယနေ့ (နိုဝင်ဘာ ၁၈) ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းစဉ် အဖမ်းခံရခြင်းဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီက ယနေ့ ညနေ ၃ နာရီကျော်ခန့်က ရတနာနှင်းဆီအိမ်ရာကို ရဲနှင့် စစ်သား အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းပြီးနောက် ဦးဖြိုးဇေယျာသော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်တစ်ဦးက ပြောသည်။

“နေ့ခင်းကတည်းက ပါသွားတာ။ အတည်မပြုနိုင်သေးလို့ ညနေကတော့ အတည်ပြုနိုင်ပြီ” ဟု ၎င်းက Myanmar Now ကို ယနေ့ညနေပိုင်းတွင် အတည်ပြုပြောကြားသည်။ 

ဦးဖြိုးဇေယျာသော် အဖမ်းခံရခြင်းမှာ သေချာသလောက်ရှိကြောင်း NLD ပါတီဝင် အခြားလွှတ်တော်အမတ်တစ်ဦးထံမှ သိရသည့်နည်းတူ NLD ပါတီဝင် လွှတ်တော်အမတ်မှာ ရတနာနှင်းဆီအိမ်ရာတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း VOA သတင်းဌာနကလည်း ရေးသားထားသည်။

ကားအစီး ၃၀ ကျော်ဖြင့် ရောက်ရှိလာသည့် အင်အား ၁၀၀ ကျော်ရှိ ရဲနှင့် စစ်သားများက ဝင်ရောက်စီးနင်းရှာဖွေစဉ် မည်သူမည်ဝါမသိရသော်လည်း ဖမ်းဆီးခံရသူ သုံးဦးရှိကြောင်း ရတနာနှင်းဆီအိမ်ရာတွင် နေထိုင်သူတစ်ဦးက ယနေ့ညနေပိုင်းတွင် Myanmar Now ကို ပြောကြားထားသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်တိုက်ခိုက်မှုအများစုနှင့် ပတ်သက်၍ ဖမ်းဆီးရမိသူများကို ထုတ်ပြန်ကြေညာရာတွင် ဦးဖြိုးဇေယျာသော်မှာ နောက်ကွယ်မှ ဦးဆောင်သူ၊ အဓိကတာဝန်ရှိသူဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များတွင် ပါဝင်လေ့ရှိသည်။

“တစ်ယောက် အထိန်းသိမ်းခံရတိုင်း၊ တစ်ယောက်ကျဆုံးတိုင်း ကျွန်တော်တို့ ကြေကွဲကြရတယ်။ ဝမ်းနည်းမဆုံး ဖြစ်ကြရတယ်။ ဒီတော်လှန်ရေးက ဆုံးအောင်သွားရမဲ့ ခရီးပါ။ အဆုံးထိသွားဖို့ ဆုံးဖြတ်ထားတဲ့ ရဲဘော်တွေ၊ ပြည်သူတွေ သိန်းသန်းချီရှိနေတယ်လို့ ယုံတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်း၏ လူမှုကွန်ရက်စာမျက်တွင် ယနေ့ည ၈ နာရီကျော်ခန့်က ရေးသားထားသည်။ 

ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာကို စစ်ကောင်စီ၏ ရဲနှင့် စစ်သားများ ဝင်ရောက်စီးနင်းခဲ့စဉ်။ (ဓာတ်ပုံ – Supplied) 

ရန်ကုန်တိုင်းအတွင်း ယခုရက်ပိုင်းအတွင်း ဖြစ်ပွားသော ပစ်ခတ်တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ၃၉ ဦးနှင့် ထောက်ပံ့ကူညီသူ ၈ ဦး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ယမန်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ၎င်းတို့အဖွဲ့ဝင်များအနက် အဖမ်းခံရသူ ၂၀ ခန့်ရှိသည်ဟု ယနေ့တွင် Myanmar Now ကို အတည်ပြုထားသည်။

ခုခံတော်လှန်စစ် စတင်ကြောင်း ကြေညာသည့် စက်တင်ဘာ ၇ ရက်နောက်ပိုင်း စတင်ခဲ့သော ‘ပျံလွှားအောင်’ စစ်ဆင်ရေးအရ ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း NUG ၏ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထုတ်ဖော်ပြောကြားထားသည်။

‘ပျံလွှားအောင်’ စစ်ဆင်ရေးအရ နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန်တိုင်းအတွင်း ၁၀ နေရာထက်မနည်းကို ဗုံးခွဲခဲ့သည့်ပြင် သန်လျင်တံတားအဆင်းရှိ စစ်တပ်ကင်းစခန်း၊ လှိုင်ယာယာမြို့နယ်ရှိ ရွှေလင်ဗန်းမီးသတ်ရုံနှင့် မိုးလုံလေလုံအားကစားကွင်းရှိ စစ်ကောင်စီစခန်း၊ ထန်းတပင်မြို့နယ်ရှိ တာဆုံရဲကင်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း NUG ၏ ရန်ကုန်တိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button