သတင်း

စစ်ကောင်စီ၏ ကဖျက်ယဖျက်ကြားမှ နိုင်ငံအနှံ့ အသံတိတ်၍ ဆန့်ကျင်ခဲ့ကြ

စစ်ကောင်စီက ကဖျက်ယဖျက်လုပ်၊ ခြိမ်းခြောက်နေသည့် ကြားမှပင် ကမ္ဘာ့လူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်တွင် နိုင်ငံအနှံ့ရှိ မြို့ရွာများ၌ အသံတိတ်သပိတ်ကို ပြည်သူတို့က တက်ညီလက်ညီ ဆင်နွှဲခဲ့ကြသည်။

စစ်တပ်၏ လုပ်ရပ်ကို တိတ်ဆိတ်ခြင်းခွန်အားဖြင့် တွန်းလှန်ရန် ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လမ်းပေါ်၌ သွားလာခြင်း၊ ဆိုင်များဖွင့်လှစ်ခြင်း မပြုရန် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သပိတ်အင်အားစုများက လွန်ခဲ့သည့် သုံးရက် (ဒီဇင်ဘာ ၇) တွင် တိုက်တွန်းထားခြင်းဖြစ်သည်။

စီးပွားရေးမြို့တော် ရန်ကုန်တွင် သတ်မှတ်ချိန်မတိုင်မီ နံနက်အစောပိုင်းကတည်းက ယာဉ်ကြောပိတ်ဆို့လေ့ရှိသည့် ဆူးလေကဲ့သို့ မြို့လယ်ကောင်၌ပင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ရှိနေသည်မှအပ ရှင်းလင်းနေခဲ့သည်ဟု ကိုယ်တိုင်ရောက်ရှိခဲ့သူအချို့၏ အတည်ပြုချက်နှင့် ဓာတ်ပုံမှတ်တမ်းများရခဲ့သည်။

“ကားအသွားလာ ရှင်းလင်းနေတယ်။ ကားလမ်း တစ်မြို့လုံး ရှင်းနေတာ အတူတူပဲ။ ဆူးလေဘုရားမှာတောင် လူမရှိဘူး”ဟု နံနက် ၉ နာရီခွဲခန့်တွင် ထိုနေရာသို့ ရောက်ခဲ့သူက ပြောသည်။

ရန်ကုန်မြို့တွင် အခြေစိုက်သည့် ပင်လယ်စာလုပ်ငန်းကဲ့သို့ အထားမခံသည့် စားသောက်ကုန်ရောင်းဝယ်သည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ရုံးဖွင့်သော်လည်း လုပ်ငန်းခွင် စောစောဝင်စေခြင်း၊ နေ့လယ်စာ စီစဉ်ပေးခြင်းဖြင့် သပိတ်မှောက်ချိန်အတွင်း ဝန်ထမ်းများ လမ်းပေါ်တွင် မရှိစေရန် စီမံခဲ့ကြောင်း ပြောသည်။

“မြို့ထဲမှာတောင် ရှင်းတယ်။ ကမ်းနားလမ်းမှာ မဖြစ်မနေ (အချိန်နဲ့) သွားရတဲ့ ကွန်တိန်နာယာဉ်တချို့ပဲရှိတယ်” ဟု ညနေ ၄ နာရီနောက်ပိုင်းတွင်မှ ရုံးမှထွက်ကာ ပြင်ပကိစ္စ သွားရောက်ဆောင်ရွက်သည့် အသက် ၄၀ အရွယ် အထက်ပါ ကုမ္ပဏီဝန်ထမ်းက ပြောသည်။

ထိုသို့ အသံတိတ်သပိတ် လုပ်ဆောင်မည်ဆိုသော သတင်းစကားကို ကျပန်းဈေးသည်များသည်ပင်လျှင် ရရှိနေပြီး ယမန်နေ့ (ဒီဇင်ဘာ ၉) ကတည်းက မနက်ဖြန် ဆိုင်ပိတ်မည်၊ ဈေးမထွက် စသဖြင့် ၎င်းတို့၏ ဖောက်သည်များကို အသိပေးကြောင်း ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။ 

“သူတို့ ကိုးနာရီလောက်အထိပဲ ရောင်းမယ်၊ ဆယ်နာရီဆို ထွက်တော့မှာ မဟုတ်ဘူးပေါ့။ အဲဒီလိုမျိုး ပြောတာရှိတယ်။ အခုလက်ရှိလည်း အားလုံးပိတ်နေတာ တွေ့တယ်။ သွားတဲ့သူ တစ်ယောက်နှစ်ယောက်ပဲရှိတယ်”ဟု အသက် ၂၅ နှစ်ရွယ် ၎င်းက ဆိုသည်။

မြို့လယ် ဆူးလေနှင့် ၂ မိုင်ခန့်သာဝေးသည့် ထိုမြို့နယ်အတွင်း အဓိကဈေးကြီးဖြစ်သည့် ပုဇွန်တောင်ဈေးနှင့် ရေကျော်ဈေးတို့ရှိ ဆိုင်ခန်းများ ပိတ်ထားသည်ဟု အထက်ပါ သတင်းရင်းမြစ်နှစ်ဦးက အတည်ပြုသည်။

ရန်ကုန်မြို့ သာကေတမြို့နယ်အတွင်း လူစည်ကားလေ့ရှိသည့် ထူပါရုံလမ်းကို ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ − Myanmar Now

တစ်နိုင်ငံလုံး၏ ကုန်စည်စီးဆင်းမှုနှင့် ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်စွမ်းရှိသည့် လှိုင်မြို့နယ်၊ ဘုရင့်နောင်ပွဲရုံတန်းရှိ ဆိုင်ခန်းအများအပြား ယနေ့ ပိတ်ထားပြီး ကုန်ကားအဝင်အထွက်မရှိ လူသူရှင်းလင်းနေသည်ဟု လုပ်ငန်းရှင်တစ်ဦးက အတည်ပြုသည်။

“လူအကုန်ရှင်းပါတယ်၊ (ဆိုင်) အကုန်ပိတ်ပါတယ်ဗျာ”ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ရှိ City Mart, Marketplace ကဲ့သို့ ဈေးဝယ်စင်တာအများစု ဖွင့်လှစ်ထားသော်လည်း လာရောက်သူမရှိ ခြောက်ကပ်နေသည်ကို ထိုနေရာများသို့ မွန်းလွဲပိုင်း၌ သွားရောက်လေ့လာခဲ့သူက ပြောသည်။

မန္တလေးမြို့တွင်လည်း လမ်းများရှင်းလင်း၊ ဆိုင်ခန်းများပိတ်ကြောင်း သံဃာတော်များအပါအဝင် အလွှာအသီးသီးမှ ဒေသခံအများအပြားက အတည်ပြုထားကြသလို ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းအချို့လည်း ရရှိထားသည်။

မန္တလေးမြို့ ဘူတာကြီးရှေ့ ဒီဇင်ဘာ ၁၀ ရက်မြင်ကွင်း။ ဓာတ်ပုံ − Myanmar Now

မန္တလေးနှင့် အနီးရှိ စစ်တက္ကသိုလ်များအခြေစိုက်ရာ ပြင်ဦးလွင်မြို့တွင်လည်း ဝင်ငွေနည်း အငှားယာဉ်မောင်းများသည်ပင် အသံတိတ်သပိတ်၌ ပါဝင်ကြောင်း သိရသည်။

“သာမန်အချိန်မှာ စစ်တပ်နယ်မြေ(ပြင်ဦးလွင်) ဖြစ်လို့ ငြိမ်နေရပေမဲ့လည်း တစ်တိုင်းပြည်လုံးအရေးကိစ္စမှာတော့ ကျွန်တော်တို့တွေ တတ်နိုင်တဲ့ဘက်က ပါဝင်ခဲ့ပါတယ်”ဟု ပြင်ဦးလွင် − မန္တလေး ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများ အခြေစိုက်သည့် နေပြည်တော်တွင် ပုံမှန်လူစည်ကားလေ့ရှိသော နေရာအများအပြား လူသူရှင်းလင်းနေခဲ့သည်ကို Myanmar Now သို့ ပေးပို့လာသည့် ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများအရ အတည်ပြုနိုင်သည်။

ပျဉ်းမနားမြို့လယ်ကောင် ဗိုလ်ချုပ်လမ်းအပါအဝင် ပျဉ်းမနားမြို့မဈေး၊ ကင်ပွန်းတန်းဈေး၊ ရှမ်းကန်၊ ဘောဂသီရိကားကြီးဝင်းအနီးရှိ ရာဇဌာနီလမ်းတစ်လျှောက်၊ အချက်အချာကျသည့် သပြေကုန်းဈေးနှင့် မြို့မဈေးတို့တွင်လည်း ပိတ်ထားသည့်ဆိုင်အရေအတွက်များသည်ဟု ဒေသခံအချို့က အတည်ပြုသည်။

ပျဉ်းမနားမြို့တွင်း (ဒေသအခေါ် ခြောက်လမ်း) တွင် ရဲနှင့် စစ်သား လုံခြုံရေးတချို့ချထားပြီး အမှတ် (၂) အထက်တန်းကျောင်းအနီး၌ နံနက် ၁၀နာရီကျော်တွင် စစ်ကောင်စီတပ်ဖွဲ့များက သေနတ်နှစ်ချက် ပစ်ဖောက်ခဲ့သည်မှအပ တိတ်ဆိတ်ငြိမ်သက်နေသည်ဟု မျက်မြင်သက်သေကို ကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။ ထိုဖြစ်စဉ်အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

နေပြည်တော်၊ ပျဉ်းမနားမြို့မဈေးဆိုင်ခန်းများ ပိတ်သိမ်းထားသည်ကို ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − ပေးပို့

စစ်ကောင်စီက ကဖျက်ယဖျက် လုပ်ခဲ့

မန္တလေးတွင် ယမန်နေ့ (ဒီဇင်ဘာ ၉) ည ၁၁ နာရီခန့်ကတည်းက စစ်ကောင်စီအဖွဲ့ဝင်များ မော်တော်ယာဉ်များနှင့် လှည့်လည်၍ ဒီဇင်ဘာ ၁၀ ရက် (ယနေ့) အပြင်ထွက်ကြရန် လိုက်လံနှိုးဆော်သည်ဟု စိန်ပန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

“ခုမနက် တစ်မြို့လုံးက ညီကြတယ်။ မနက်လင်းကတည်းက လမ်းပေါ် လူမရှိဘူး။ တစ်မြို့လုံးမှာ အစည်ဆုံးနေရာဖြစ်တဲ့ ကျောက်ဝိုင်းတောင် ခြောက်ကပ်တိတ်ဆိတ်လို့” ဟု ၎င်းက ပြောသည်။

သို့သော် ယနေ့တွင် နံနက် ၁၀ နာရီမှ မွန်းလွဲပိုင်းအထိ မန္တလေးမြို့အဝင်အထွက် ဂိတ်များတွင် စစ်ကောင်စီက တပ်ဖွဲ့ဝင်အင်အား အများအပြားချကာ စစ်ဆေးရှာဖွေခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အသံတိတ်သပိတ်နေ့တွင် ဆိုင်ခန်းများပိတ်၍ ပစ္စည်းသိမ်းယူ၊ ခြိမ်းခြောက်သည့် ကိစ္စများကိုမူ မန္တလေးမြို့၌ မကြားမိသေးကြောင်း မဟာအောင်မြေမြို့နယ်ဈေးတစ်ခုအတွင်း အဝတ်အထည်ဆိုင်ဖွင့်လှစ်ထားသည့် အမျိုးသားတစ်ဦးက ညနေပိုင်းတွင် ပြောသည်။

ရန်ကုန်၊ သာကေတမြို့နယ် အမှတ် ၁ နှင့် ၁၀ ဈေးတို့တွင်မူ ဆိုင်ခန်းများ ဖွင့်လှစ်ရန် ယနေ့ နံနက် ၈ နာရီဝန်းကျင်၌ စစ်ကောင်စီဘက်က လာရောက်ဖိအားပေးသည်ဟု ဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။

စစ်ကောင်စီက လာရောက်စစ်ဆေးမည်ဖြစ်၍ ဆိုင်ဖွင့်လှစ်ရန် စည်ပင်သာယာရေးကော်မတီဝန်ထမ်းက ဈေးရောင်းချသူများကို တိုက်တွန်းသဖြင့် ဆိုင်ခန်းအချို့ နံနက် ၉ နာရီခွဲခန့်အထိ ခေတ္တ အဖွင့်ပြခဲ့ရသည်ဟု သိရကြောင်း  သပိတ်မှောက်ရာတွင် ပါဝင်သည့် ဆိုင်ရှင်အမျိုးသားတစ်ဦးက ပြောသည်။ 

၁ ဈေးသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာခြင်းမရှိသော်လည်း ၁၀ ဈေး၌မူ လက်နက်ကိုင်များ ဝင်ရောက်လာကာ ခြိမ်းခြောက်သည်ဟု တစ်ဆင့်ပြန်လည်ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။

“တချို့နေရာတွေဆို မိုက်မိုက်ရိုင်းရိုင်းတွေပြောတယ်။ ထောင်ချမယ်၊ ဒဏ်ကြေးရိုက်မယ်လို့ ပြောတယ်။ ထောင်တောင် တစ်နှစ်၊ နှစ်နှစ်မဟုတ်ဘူး၊ ဆယ်နှစ်လောက်ချပစ်လိုက်မယ်၊ ငါတို့က အရင်အစိုးရမဟုတ်ဘူးတို့ (ဈေးခေါင်း၊ စည်ပင်အရာရှိက) ပြောတာ”ဟု ထိုသူက ဆိုသည်။

“ကိုယ့်ဆိုင်ကိုယ်ပဲ၊ ဖွင့်ချင်ဖွင့်မှာပေါ့။ ပိတ်ချင်ပိတ်မှာ‌ပေါ့။ သူတို့နဲ့ ဘာဆိုင်လဲ။ သူတို့လည်း ဘာမှ လုပ်ပေးထားတာမဟုတ်ဘူး။ ကိုယ့်ဆိုင်ကိုယ် ပိတ်တာကို ပြန်ဖွင့်ဖို့ ခြိမ်းခြောက်ပြောတာ ဒီကောင်တွေက လူမဆန်ဘူး”

ရန်ကုန်မြို့၊ လှည်းတန်းလမ်းမပေါ်ရှိ ပိတ်သိမ်းထားသည့် ဆိုင်ခန်းများမှ ပစ္စည်းများကို သိမ်းယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းတွင် တွေ့ရစဉ်။ ဓာတ်ပုံ− ပေးပို့

မြောက်ဥက္ကလာ၊ လှည်းတန်းနှင့် လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ်ရှိ ပိတ်ထားသော ဆိုင်ခန်းများ၏ ဆိုင်းဘုတ်နှင့် ရှေ့တွင်ချထားသည့် ပစ္စည်းအချို့ကို စစ်သား၊ ရဲ၊ စည်ပင်ဝန်ထမ်းနှင့် အရပ်ဝတ်အချို့က သယ်ဆောင် သိမ်းဆည်းသွားသည်ကို တွေ့ရကြောင်း မျက်မြင်သက်သေအချို့က ပြောသည်။

“ပိတ်ထားတဲ့ ဆိုင်အပြင်က ပစ္စည်းတွေကို လိုက်သိမ်းနေတာ။ အထဲက ပစ္စည်းတွေတော့မပါဘူး။ အပြင်မှာထားတဲ့ ခုံတွေလိုမျိုး။ သေနတ်တွေ တစ်ချိန်ချိန်နဲ့မို့ သေချာတော့ မကြည့်ခဲ့ရဘူး။ အင်အားများတယ်”ဟု ပြည်လမ်းပေါ်ရှိ မြင်ကွင်းကို နံနက် ၁၁ နာရီဝန်းကျင်တွင် တွေ့ခဲ့ရသူက ပြန်ပြောပြသည်။

မြောက်ဥက္ကလာရှိ မေဓာဝီဈေးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ မြေကြီးသယ်သည့် ထရပ်ကားပါလာပြီး ပိတ်ထားသည့် ဆိုင်ခန်းမျက်နှာစာမှ ဆိုင်းဘုတ်နှင့် ပစ္စည်းများကို သိမ်းယူသွားသည်ဟု ထိုနေရာအနီးတွင် နေထိုင်သူက ပြောသည်။

စစ်တပ်အခြေစိုက်ရာ မြို့နယ်ဖြစ်သည့် မင်္ဂလာဒုံဈေးတွင်မူ ဈေးကြီးကြပ်သူက နံနက်အစောပိုင်းကတည်းက ဓာတ်ပုံမှတ်တမ်းယူရန်ရှိ၍ ဆိုင်ဖွင့်ရန် နှိုးဆော်ခြင်း၊ မဖွင့်ပါက ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းတို့ကြောင့် အချို့ဆိုင်များ ပြန်ဖွင့်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို Facebook တွင် ဖော်ပြလေ့ရှိသည့် မင်္ဂလာဒုံအမျိုးသားအစည်းအရုံးစာမျက်နှာက သတင်းထုတ်ပြန်သည်။

ထို့အတူ နေပြည်တော်ရှိ ပုဗ္ဗသီရိဈေး၌ ယနေ့ ပိတ်ထားသည့် ဆိုင်ပိုင်ရှင်များကို မွန်းလွဲပိုင်းတွင် စစ်ကောင်စီက ဖုန်းဆက်ခြိမ်းခြောက်နေကြောင်း ကာယကံရှင်တစ်ဦးက ပြောသည်။

“ဘာလို့ ပိတ်တာလဲ၊ ဘယ်တော့ ပြန်ဖွင့်မှာလဲဆိုပြီး မေးတယ်။ တခြားပိတ်ထားတဲ့ ဆိုင်တွေကိုလည်း အဲဒီလိုပဲဆက်တယ်”ဟု ပုဗ္ဗသီရိဈေးမှ စျေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းထံ ဆက်သွယ်လာသူက ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ အထက်က ခိုင်း၍ လုပ်ရကြောင်း ဝန်ခံသည်ဟု ထိုအမျိုးသမီးက ပြောသည်။ ထိုဖြစ်စဉ်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

သို့သော် ပုဗ္ဗသီရိဈေးသို့ ညနေ ၄ နာရီခန့်တွင် ရောက်ခဲ့သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး၏ အဆိုအရ အုပ်ချုပ်ရေးမှူးဟု ယူဆရသူ၊ အရပ်ဝတ်ပုဂ္ဂိုလ်များ၊ ရဲများ၊ စည်ပင်ဝန်ထမ်းများက ပိတ်ထားသည့် ဆိုင်ခန်းများကို စာရင်းလိုက်လံကောက်ယူနေသည်ဟု ပြောသည်။

“ဈေးဆိုင်တွေကို ဘာတွေဖိအားပေးဦးမလဲ မသိဘူး”ဟု ၎င်းက ဆိုသည်။

နေပြည်တော်တွင် အချက်အချာကျသည့် ဇဗ္ဗူသီရိမြို့နယ် သပြေကုန်းဈေးအနီးတွင် စစ်ကောင်စီအဖွဲ့ဝင်အချို့က “အထိတ်တလန့်ဖြစ်စေမည့် မဟုတ်မမှန်သတင်းများကို မယုံကြည်ရန်နှင့် လုံခြုံရေးကို တာဝန်ယူသည်”ဟု အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနေကြောင်း ထိုနေရာသို့ ညနေ ၃ နာရီဝန်းကျင်တွင် ရောက်ခဲ့သည့် လူငယ်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့လယ် ဗန္ဓုလပန်းခြံအနီး ယာဉ်သွားယာဉ်လာနှင့် လူသူကင်းရှင်းနေသည့် လမ်းပေါ်တွင် တပ်ထောက်ခံပွဲတစ်ရပ်ကို ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက ပြုလုပ်စဉ်။ ဓာတ်ပုံ − ပေးပို့

ထို့အတူ နံနက်အစောပိုင်းမှစ၍ တိတ်ဆိတ်ခြောက်ကပ်သွားသည့် ရန်ကုန်မြို့လယ် ဆူးလေနှင့် ပုံမှန်လူစည်ကားရာဖြစ်သည့် အင်းလျားရှိရာ ပြည်လမ်းတွင် မွန်းလွဲ ၁ နာရီခန့်က လူအင်အား ၁၀၀ ခန့် ပါဝင်သည့် တပ်မတော်ထောက်ခံပွဲလုပ်ခဲ့ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကင်းထောက်အဖွဲ့တွင် ပါဝင်သူတစ်ဦးက အတည်ပြုသည်။

ဓာတ်ပုံမှတ်တမ်းများအရ ပုံမှန်ယာဉ်ကြောရှုပ်ထွေးလေ့ရှိသည့် အထက်ပါ ရန်ကုန်မြို့ နေရာနှစ်ခုတွင် “အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မြန်မာ့တပ်မတော်ထောက်ခံပွဲ” ဆိုသည့် ဆိုင်းဘုတ်ကိုင်ဆောင်ထားသော လူတစ်စုက လမ်းလယ်သို့ပင် တက်၍ ချီတက်နေသည်ကို တွေ့ရသည်။

လူထုမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ ဖေဖော်ဝါရီ ၁ ၌ စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်လကျော်အကြာ မတ် ၂၄ တွင် စစ်ကောင်စီကို ဆန့်ကျင်ကြောင်းပြသသည့် ထိုသို့သော အသံတိတ်သပိတ်ကို ပထမအကြိမ် နိုင်ငံအနှံ့ အောင်မြင်စွာဆင်နွှဲခဲ့ကြဖူးသည်။

ယနေ့ ထပ်မံပြုလုပ်သည့် အသံတိတ်သပိတ်အတွင်း နိုင်ငံအနှံ့ မြို့ရွာအားလုံးနီးပါး ပါဝင်ဆင်နွှဲခဲ့ကြောင်း Myanmar Now သို့ ပေးပို့လာသည့် အထောက်အထားများနှင့် Facebook တွင် မျှဝေနေသည့် ဓာတ်ပုံ၊ ရုပ်သံမှတ်တမ်းများ၌ တွေ့ရသည်။

အသံတိတ်သပိတ် ပိတ်သိမ်းချိန် ညနေ ၄ နာရီတွင် နာရီအတန်ကြာ တိတ်ဆိတ်ငြိမ်သက်၍ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသခဲ့သည့် လူထုက “အောင်ပြီဟေ့၊ အောင်ပြီဟ” စသဖြင့် ဟစ်ကြွေးကြပုံကို ရိုက်ကူးမှတ်တမ်းတင်ထားသည့် ရုပ်သံဖိုင်အများအပြား Facebook တွင် မျှဝေခဲ့ကြသည်။

“အာဏာသိမ်းတာ လချီကြာပြီ။ အောက်ခြေကစလို့ သူတို့အုပ်ချုပ်လို့ မရသေးဘူး။ ပြည်သူတွေက ဘဝပျက်ခံ တော်လှန်နေကြတုန်း။ ဒီလောက်ဆို သူတို့အုပ်ချုပ်လို့ ဘယ်လိုမှ မရတာ သဘောပေါက်သင့်ပါပြီ။ ရှက်သင့်ပါပြီဗျ” ဟု မန္တလေးမြို့ စိန်ပန်းရပ်ကွက်နေ အမျိုးသားက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button