သတင်း

အသံတိတ်သပိတ်အတွက် စီးပွားရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များပိတ်

မနက်ဖြန် မတ် ၂၄ ရက်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အသံတိတ်သပိတ် လှုပ်ရှားမှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်သွားရန် နှိုးဆော်တိုက်တွန်းမှုများနှင့် နာမည်ကျော် စီးပွားရေး လုပ်ငန်းများနှင့် စားသောက်ဆိုင်များသည်လည်း ပိတ်ထားမည်ဟု သိရသည်။

နာမည်ကျော်လုပ်ငန်းများဖြစ်သည့် စီးတီးမတ်ဆိုင်ခွဲများ၊ Grab ဝန်ဆောင်မှုများ၊ Pizza Company၊ ABC ဆိုင်ခွဲများ၊ Beauty Diaries အလှကုန်ဆိုင်ခွဲများအပါအဝင် Rangoon Tea House ကဲ့သို့ စားသောက် ဆိုင်များသည် မတ် ၂၄ ရက်တွင် ဆိုင်များပိတ်သိမ်းကာ ဝန်ဆောင်မှုရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ၎င်းတို့၏ Facebook စာမျက်နှာများမှတစ်ဆင့် ကြိုတင်ကြေညာထားသည်။ 

မြို့ရွာများတွင် အေးချမ်းစွာဖြင့် ပြည်သူများသွားလာနေကြကြောင်း ပုံဖော်လိုသည့် စစ်အုပ်စု၏ ကြိုးပမ်းမှုကို ချေဖျက်ရန်၊ တော်လှန်ရေးကာလအတွင်း အသက်ပေးခဲ့ရသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နေအိမ်များအတွင်း၌သာ နေထိုင်၍ အသံတိတ်သပိတ် (Silent Strike) ကို ပြည်သူများက ဆင်နွှဲသွားကြမည်ဖြစ်သည်။

အသံတိတ်သပိတ်တွင် ပါဝင်ကြရန် လူမှုကွန်ရက်တွင် ပြည်သူများက အချင်းချင်းနှိုးဆော်မှုများ ပြုလုပ်နေပြီး အင်တာနက်အသုံးပြု မရနိုင်သည့်နေရာများတွင်လ်း လက်ကမ်းစာစောင်များဝေကာ အသိပေးမှုများ ပြုလုပ်ခဲ့ကြသည်။

အသံတိတ် သပိတ်ပြုလုပ်သွားမည့်နေ့ မတိုင်မီ မတ် ၂၃ ရက် ည ၉နာရီဝန်းကျင်တွင် ရန်ကုန်မြို့ရှိ မြို့နယ်အချို့၌ အာဏာသိမ်းစစ်​​ကောင်စီ၏ တပ်ဖွဲ့ဝင်များက ကားဖြင့်လှည့်လည်၍ ပြည်သူများ အနေဖြင့် မတ် ၂၄ ရက်တွင် ပုံမှန်စျေးသွားလာခြင်းများ၊ အပြင်ထွက်သွားလာခြင်းများကို စိတ်​အေး ချမ်းသာစွာဖြင့် ပုံမှန်ပြုလုပ်သွားကြရန် နှိုးဆော်ကြောင်း အသံချဲ့စက်များဖြင့် လိုက်လံကြေညာ​လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည် နက်ဖြန်တွင် ရက်ပေါင်း ၅၀ ကျော်ရှိလာပြီဖြစ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူလူထုက စစ်အာဏာရှင်ဆန့်ကျင်ရေး အရှိန်အဟုန်ဖြင့် ဆန္ဒပြ နေဆဲဖြစ်သည်။ 

ယမန်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနည်းဆုံး မြို့နယ်ပေါင်း ၈၅ မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြပြီး ယနေ့ (မတ် ၂၃) တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များ ဆင်နွှဲခဲ့သည့် မြို့နယ်ပေါင်း အနည်း ၉၈ မြို့နယ်အထိရှိသည်။

အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုများကြောင့် ဖေဖော် ဝါရီ ၁ ရက်မှ မတ် ၂၃ ရက်အထိ နိုင်ငံတစ်ဝန်းတွင် သေဆုံးသူ အနည်းဆုံး ၂၆၁ ဦးရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button