သတင်း

ကန်ပက်လက်မြို့တွင်း၌ စစ်ကောင်စီစစ်ကြောင်းနှင့် ရင်ဆိုင်တိုက်ပွဲဖြစ် 

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့တွင် ယမန်နေ့ (ဒီဇင်ဘာ ၇) က ကင်းလှည့်နေသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ထံမှ သိရသည်။ 

အင်အား ၄၀ ကျော်ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းက ကန်ပက်လက်မြို့တွင်း၌ ကင်းလှည့်နေစဉ် ကင်းပုန်းဝပ်နေသည့် ၎င်းတို့အဖွဲ့နှင့် ထိပ်တိုက်တိုးကာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF ကန်ပက်လက်အဖွဲ့မှ ဒုတိယတပ်မမှူးဆိုသူက Myanmar Now ကို ပြောသည်။ 

“သူတို့ (စစ်ကောင်စီ) ဘက်က တိတိကျကျ (သေဆုံးကြောင်း) လုံးဝအတည်ပြုနိုင်တာက နှစ်ယောက်ရှိတယ်၊ အပြင်းအထန်ဒဏ်ရာရတာကတော့ တစ်ယောက်ပေါ့။ ကျန်တာကတော့ အတည်ပြုလို့မရသေးဘူး” ဟု ၎င်းက ဆိုသည်။

တစ်နာရီခန့်ကြာ ထိပ်တိုက် အပြန်အလှန်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ် ပြန်ဆုတ်သွားခဲ့ပြီး CDF ကန်ပက်လက်ဘက်မှ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း အဆိုပါ CDF ကန်ပက်လက်တပ်မမှူးဆိုသူက ဆက်ပြောသည်။​

မွန်းလွဲပိုင်း၌ ကန်ပက်လက်မြို့ပေါ်ရှိ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က အနီးပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်ခဲ့ရာ နေအိမ်တချို့ ပျက်စီးခဲ့သည်ဟု သိရသည်။ 

ကန်ပက်လက်မြို့တွင် စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံတပ်များ စာသင်ကျောင်း၊ ရဲစခန်းနှင့် ရန်အောင်စေတီတို့တွင် တပ်စွဲထားကာ စုစုပေါင်း အင်အား ၂၀၀ ဝန်းကျင်ရှိနိုင်ကြောင်း ကန်ပက်လက် CDF က ခန့်မှန်းသည်။

နိုဝင်ဘာလကုန်ပိုင်းနှင့် ဒီဇင်ဘာ ၃ ရက်ကလည်း ကန်ပက်လက်မြို့ရှိ စစ်တပ်တပ်စွဲထားရာ နေရာများကို ဒေသခံ CDF က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိသည်ဟု သိရသော်လည်း အတိအကျ မသိရပေ။ 

ကန်ပက်လက်မြို့တွင် ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိသည်ဟု ဒေသခံ CDF က ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်နည်းတူ စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ဒီဇင်ဘာ ၂ ရက်က မြို့ပေါ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း မီးရှို့ခံရပြီး အဆောက်အအုံတစ်ခု ပျက်စီးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ 

အဆိုပါ သင်တန်းကျောင်း မီးလောင်မှုမှာ ၎င်းတို့လက်ချက် မဟုတ်ကြောင်း ကန်ပက်လက် CDF က ဆိုသည်။ 

ကန်ပက်လက်မြို့သည် မကွေးတိုင်း ဆောမြို့နယ်နှင့် နယ်နိမိတ်ထိစပ်နေပြီး ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) နှင့် ချင်းဒေသ CDF အဖွဲ့များ ပူးပေါင်း၍ စစ်ကောင်စီကို ခုခံတော်လှန်လျက်ရှိရာ မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည်။ 

စစ်တပ်က အာဏာသိမ်းယူပြီး ၁၀ လကျော်အကြာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများအပါအဝင် ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများတွင်လည်း တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button