
နေပြည်တော်၌ ယူရိုငွေဖြင့် ရောင်းချမည့် နိုင်ငံတကာကျောက်မျက်ရတနာရောင်းချပွဲကို ဒီဇင်ဘာ ၁၇ မှ ၂၂ အထိ ၅ ရက်ကြာ ကျင်းပရန် စစ်ကောင်စီက သိုသိုသိပ်သိပ် စီစဉ်နေသည်။
ကျောက်မျက်ပြပွဲနှင့် ပတ်သက်၍ သတင်းမပေါက်ကြားစေရေး စစ်ကောင်စီက အထူးအာရုံစိုက်နေပြီး ပြည်တွင်းလုပ်ငန်းရှင်များ၏ တက်ရောက်ခွင့်ကိုပါ ကန့်သတ်နေသည့်သဘောရှိကြောင်း အမည်မဖော်လိုသည့် ကျောက်မျက်လုပ်ငန်းရှင်နှစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက ကျောက်မျက်လုပ်ငန်းရှင်များထံ နိုဝင်ဘာ ၂၃ ရက်တွင် ပေးပို့သည့် အကြောင်းကြားစာအရ ထိုပြပွဲတွင် ပုလဲအတွဲနှင့် အရည်အသွေးမြင့်ကျောက်စိမ်းများရောင်းချမည်ဖြစ်သည်။
အခြေခံကြမ်းခင်းဈေး ယူရိုငွေ ၅,၀၀၀ အထက် ကျောက်စိမ်းအရိုင်းနှင့် ယူရို ၁,၀၀၀ အထက် ကျောက်စိမ်းအချောထည်များကို တင်ဒါစနစ်ဖြင့် ရောင်းမည်ဟု စစ်ကောင်စီက ဆိုထားသည်။
ထိုပြပွဲအတွင်း စစ်ကောင်စီ၏ ကျောက်မျက်ဌာနနှင့် အကျိုးတူလုပ်ဆောင်နေသည့် ကုမ္ပဏီများက ကျောက်စိမ်းတွဲပေါင်း ၆၀၀ ကျော်၊ ပြင်ပကုမ္ပဏီအချို့က ကျောက်စိမ်းတွဲ ၂၀၀ ကျော်၊ စုစုပေါင်း ၈၀၀ ကျော် ရောင်းချဖွယ်ရှိကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ကျောက်အညံ့တွေ ဖြစ်သလိုလက်မခံဘဲ အကောင်းတွေကိုပဲ ပွဲထုတ်ပြီးရောင်းစားမဲ့ပွဲပါ။ ပြည်တွင်းကုန်သည်တွေကိုလည်း အလွယ်တကူလာလို့မရအောင် ကန့်သတ်ချက်တွေအများကြီး ထုတ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။
ပြည်သူ့ဆန္ဒမဲဖြင့် အုပ်ချုပ်သည့် အရပ်သားအစိုးရလက်ထက် ကျောက်မျက်ပြပွဲများတွင် ရောင်းဝယ်လိုလျှင် ယူရိုငွေ ၂၀,၀၀၀နှင့် ညီမျှသည့် မြန်မာကျပ်ငွေကို စပေါ်အဖြစ် လက်ခံခဲ့သော်လည်း စစ်ကောင်စီကမူ မြန်မာကျပ်ငွေလက်မခံဟု စည်းကမ်းသတ်မှတ်ထားကြောင်း ထိုသူထံမှ သိရသည်။
ထို့ပြင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူ၊ ပြပွဲမတိုင်မီသုံးရက်အလို ဆေးစစ်ရာတွင် ကိုဗစ်ပိုးမတွေ့သူကိုသာ တက်ရောက်ခွင့်ပြုမည်ဟု စစ်ကောင်စီက အကြောင်းကြားထားကြောင်း အထက်ပါလုပ်ငန်းရှင်က ပြောသည်။
ပြပွဲအတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုကို ကာကွယ်လိုသော သဘောဖြင့် ပြည်တွင်းကုန်သည်များ၏ တက်ရောက်ခွင့်ကိုပါ ကန့်သတ်သည့်သဘောဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
ထိုပြပွဲတွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်၊ ၎င်းတို့နှင့် ဆက်နွှယ်သည့် ကျောက်မျက်ကုမ္ပဏီများက မိတ်ဖက် တရုတ်ကုန်သည်များထံ အဓိကရောင်းချမည်ဟု ယုံကြည်ရပြီး ပြပွဲလာ ကုန်သည်များအတွက် နေပြည်တော်တွင် ဟိုတယ်သုံးလုံးစီစဉ်ပေးထားကြောင်း ထိုသူက ဆက်ပြောသည်။ အသေးစိတ်ကိုမူ မသိရပေ။
အများသိ တရားဝင်ကြေညာခြင်းမရှိသည့် ထိုပြပွဲအတွင်း ခင်းကျင်းပြသမည့် ကျောက်မျက်အတွဲများကို ပေးပို့ရောင်းချသူများကိုပင် ယခင်ကကဲ့သို့ တင်ကြိုလေ့လာခွင့်မပေးရန် စစ်ကောင်စီက စီစဉ်ထားကြောင်း နောက်ထပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ရောက်တဲ့ကျောက်တွေကို အရင်ကဆိုရင် ဝင်ကြည့်လို့ရတယ်။ အခုက ကြည့်ခွင့်မပေးဘူး။ ရောက်တာနဲ့ (သတ်မှတ်ထားသည့် နေရာ) နယ်မြေတွေထဲ ဘာတွေထဲ ထည့်ပြီးတော့ ဖုံးအုပ်ထားတယ်။ ဘယ်အပုံထဲက ဘာဆိုတာ မသိရအောင်ပေါ့” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၁ တွင် ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြတ်ချကာ အာဏာသိမ်းပြီးနောက် သုံးလအကြာ ဧပြီတွင် မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ပြပွဲတစ်ခုကို နေပြည်တော်၌ပင် စစ်ကောင်စီက ပြုလုပ်ခဲ့ဖူးသည်။ သို့သော် မည်၍မည်မျှရောင်းချရသည်ကို သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။
နိုင်ငံခြားကုန်သည်များကို ခေါ်၍ ယူရိုငွေဖြင့် ရောင်းရန် စီစဉ်ခြင်းမှာ စစ်ကောင်စီက ဝင်ငွေရှာရန်နှင့် အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နေကြောင်း ပြသရန် ဖြစ်နိုင်ကြောင်း အထက်ပါလုပ်ငန်းရှင်များက သုံးသပ်သည်။
အာဏာသိမ်းမှုကို ဆန့်ကျင်ကြသည့် ပြည်တွင်းလုပ်ငန်းရှင်များက သပိတ်မှောက်လိုသော်လည်း ဈေးကွက်အတွင်း ကျောက်မျက်ရတနာ ရှားပါးလာခြင်းကြောင့် ထိုပြပွဲတွင် ရောင်းချရမှု မြင့်တက်နိုင်ကြောင်း ၎င်းတို့က ခန့်မှန်းသည်။
ထို့ပြင် စစ်ကောင်စီ၏ ကျောက်မျက်ကဏ္ဍကို စီးပွားရေးပိတ်ဆို့ထားသည့် အမေရိကန်နှင့် ဗြိတိန်၏ ကြိုးပမ်းမှုများမှာ ယခုပြပွဲအတွက် အကျိုးသက်ရောက်နိုင်မည်မဟုတ်ကြောင်း၊ အဓိကဝယ်လက် တရုတ်ကုန်သည်များ လာရောက်မည်ဟု မျှော်လင့်ရသည်ဟု ဆိုသည်။
ယခုပြပွဲနှင့် ပတ်သက်၍ စစ်ကောင်စီ၏ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် ယူရိုငွေ၊ ကျပ်ငွေတို့ဖြင့် ရောင်းချသည့် ကျောက်စိမ်းနှင့် ကျောက်မျက် အရောင်းပြပွဲများကို နှစ်စဉ်ကျင်းပလေ့ရှိသည်။
အရပ်သားအစိုးရလက်ထက် ၂၀၁၉-၂၀၂၀ နှစ်လယ်ကျောက်မျက်ပွဲမှ ယူရို ၄၃၉ သန်းကျော်၊ ကျပ်ငွေဖြင့်ရောင်းချသည့်ပွဲမှ ကျပ်သန်း ၄၇၃၆၀ ကျော်ရကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။
အာဏာသိမ်းစစ်ကောင်စီက ကျောက်မျက်အခွန်အခများ အတင်းအကျပ်တောင်းခံခြင်း၊ လေလံတင်ရောင်းချခြင်း၊ ပြည်ပတင်ပို့ခြင်းတို့မှ ငွေရှာနေခြင်းတို့မှာ တရားမဝင်သဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းထားသည်။
ထိုညွှန်ကြားချက်ကို လျစ်လျူရှုပါက ကုမ္ပဏီနှင့် လုပ်ငန်းရှင်များကို အမည်ပျက်စာရင်းသွင်းမည့်အပြင် လိုအပ်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဟု NUG ၏ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဇွန်လတွင် ကြေညာခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)