
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၆) က အင်အား ၆၀ ကျော်ခန့်ပါ စစ်ကောင်စီယာဉ်နှစ်စီးကို လက်လုပ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရသူများပြားသည်ဟု သိရကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ထီးချိုင့် PDF) ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
နံနက် ၉ နာရီခန့်က မန္တလေး-ဗန်းမော်လမ်းအတိုင်း မောင်းနှင်လာကြသည့် ဒုတိယဗိုလ်မှူးကြီးနေဦးလှိုင် ဦးဆောင်သည့် စစ်သုံးထရပ်ကားနှစ်စီး တုံလုံရွာအနီး မိုင်းခွဲခံရအပြီး နှစ်ဖက်အပြန်အလှန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
မိုင်းနှစ်လုံးဆင့်ပေါက်ကွဲပြီးနောက် စစ်ကားတစ်စီး ပျက်စီးသွားသလို နောက်ဆက်တွဲပစ်ခတ်ခံရမှုကြောင့် ၁၅ ဦးခန့် သေဆုံးခဲ့သည်ဟု ထီးချိုင့် PDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“သူတို့တွေလည်း အတော်အထိအခိုက်အကျအဆုံးများတယ်ဆိုတော့ (ထိုးစစ်) ပြန်တည်နေတာတွေရှိတယ်၊ နောက်ထပ်လည်း အင်အားထပ်ရောက်လာတာတွေရှိတယ်၊ အဲဒီနောက်ပိုင်းမှာတော့ ထိတွေ့တိုက်ပွဲတွေတော့ မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။
မိနစ် ၃၀ ကြာ အပြန်အလှန်ပစ်ခတ်ပြီးနောက် ထီးချိုင့် PDF အဖွဲ့က ဆုတ်ခွာခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါစစ်ကောင်စီတပ်များမှာ ဒီဇင်ဘာ ၅ ရက်နေ့ကတည်းက တုံလုံကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ တပ်စွဲနေခြင်းဖြစ်ပြီး ယမန်နေ့နံနက်က အဆိုပါကျေးရွာမှ ဗန်းမော်မြို့နယ်ဘက်အသွားတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်စ ထိမှန်ပြီး ထီးချိုင့် PDF အဖွဲ့မှ အသက် ၂၀ အရွယ် PDF လူငယ်တစ်ဦး သေဆုံးသွားသည်ဟု ထီးချိုင့် PDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အဆိုပါလူငယ်မှာ တက္ကသိုလ်ဝင်တန်းကို သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ထားပြီး ပညာရေးကောလိပ်တက်ရန် ရည်မှန်းထားသူဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
၎င်း၏ အလောင်းကို ယမန်နေ့ မွန်းလွဲတွင် သေနတ်ပစ်ဖောက်ဂုဏ်ပြုကာ အမိန့်ပြန်တမ်းထုတ်ပြန်၍ မြေမြှုပ်သင်္ဂြိုဟ်လိုက်သည်ဟု ၎င်းက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကြောင်းမှာ ထပ်မံဖြည့်တင်းလာသည့် စစ်အင်အား ၄၀ နှင့် ပေါင်းပြီး ယမန်နေ့က ဗန်းမော်မြို့ဘက် ထွက်သွားသည်ဟု ထီးချိုင့် PDF အဖွဲ့ထံမှ သိရသည်။
“ဗန်းမော်ဆိုပေမဲ့ ဗန်းမော်ဘက်ကိုတော့ ဦးတည်တက်တာ မဟုတ်ဘူး။ သူတို့ ဒီလမ်းက နယ်မြေတွေထဲကိုပဲ ဝင်ပြီးမွှေမယ်ဆိုတဲ့ ပုံစံပဲထင်တယ်” ဟု ထီးချိုင့် PDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထီးချိုင့်မြို့နယ်သည် စစ်ကိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်အနီးတွင်ရှိပြီး အဆိုပါတိုင်းနှင့် ပြည်နယ် ဒေသနှစ်ခုကို ဖြတ်သန်းသွားနေသည့် စစ်ကောင်စီတပ်များနှင့် ထီးချိုင့်မြို့နယ်အတွင်း လှုပ်ရှားနေသည့် တပ်မ ၉၉ လက်အောက်ခံတပ်များကို ဒေသခံ PDF အဖွဲ့များက မကြာခဏ ကြားဖြတ်တိုက်ခိုက်နေသည်။
ဒီဇင်ဘာ ၄ တွင်လည်း ကချင်ပြည်နယ်မှဆင်းလာသည့် ဆီသယ်ယာဉ်၊ ကုန်ကားများပါ ပါဝင်သည့် စစ်ကောင်စီတပ်၏ ကား ၁၆ စီးပါ ယာဉ်တန်းကို ထီးချိုင့်မြို့အဝင်အနီးတွင် လက်လုပ်မိုင်း အလုံး ၂၀ နီးပါးဖြင့် တိုက်ခိုက်ခဲ့ပြီး ဆီသယ်ယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့သည်။
အောက်တိုဘာ ၁၇ ၌ မန္တလေး- ဗန်းမော်လမ်းအတိုင်း သပိတ်ကျင်းမြို့နယ်ဘက်မှ အရပ်ဘက်မော်တော်ယာဉ် ၃ စီးဖြင့် တက်လာသည့် စစ်ကောင်စီတပ်ကို လက်လုပ်မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့သည်ဟု ထီးချိုင့် PDF ထံမှ သိရသည်။
ထီးချိုင့် PDF ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက်ရရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးသလို သတင်းထုတ်ပြန်ခြင်းလည်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)