
မွန်ပြည်နယ်၊ သထုံမြို့ ရွှေစာရံဘုရားရှေ့တွင် ဒီဇင်ဘာ ၂ ရက် ည ၁၁ နာရီကျော်က စစ်တပ်အရာရှိ၏ ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဆိုင်ပိုင်ရှင်အပါအဝင် ၁၉ ဦးကို စစ်ကောင်စီက ဖမ်းသွားသည်။
ဗိုလ်မှူးအဆင့်ရှိသူဟု ယူဆရသူတစ်ဦး၊ တပ်သားနှစ်ဦး မော်လမြိုင်− သထုံကားလမ်းဘေး ပေါ်တော်မူကျေးရွာအနီး Sunday တည်းခိုခန်း၊ စားသောက်ဆိုင်နှင့် KTV မှ ပြန်လာစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု သိရသည်။
ယာဉ်ပေါ်ပါသူနှစ်ဦး ဒဏ်ရာရသည့် ဖောက်ခွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့ (MTHSF)က ညတွင်းချင်း သတင်းထုတ်ပြန်သည်။
ပေါက်ကွဲမှုကြောင့် ကားရှေ့ခန်း အနည်းငယ်ပျက်စီးသည်မှအပ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း၊ Sunday ဆိုင်တွင် လုပ်ကိုင်သူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း သထုံခရိုင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။
ဖမ်းဆီးခံထားရသူတို့မှာ Sunday လုပ်ငန်းပိုင်ရှင် ဦးမျိုးအေး၊ သူ၏ သား၊ ဦးမျိုးအေး၏ ဇနီးဖြစ်သူဘက်မှ တော်စပ်သော မောင်ဝမ်းကွဲလင်မယား၊ ၎င်း၏ ယာဉ်မောင်း ဇနီးမောင်နှံ၊ တည်းခိုခန်းရှိ ဧည့်သည်လင်မယား၊ ဆိုင်မန်နေဂျာနှင့် ဝန်ထမ်းများကို ဖမ်းထားကြောင်း၊ မည်သည့်နေရာတွင်ရှိမှန်း မသိကြောင်း ထိုရဲတပ်ဖွဲ့ဝင်က ပြောသည်။
“ကျွန်တော်တို့က နည်းနည်း ပြောရဆိုရခက်တယ်။ အဲဒါက လူကြီးပိုင်းတွေနဲ့ ပတ်သက်သွားတော့ အောက်ခြေပိုင်းက ပြောရဆိုရခက်တယ်” ဟု ၎င်းက ပြောသည်။
အမည်မဖော်လိုသည့် မြို့ခံတစ်ဦး၏ အဆိုအရ ပေါက်ကွဲမှုဖြစ်ပြီး နာရီပိုင်းအကြာတွင် Sunday ဆိုင်သို့ စစ်ကောင်စီက ဝင်စီးပြီးနောက် ဦးမျိုးအေး၏ ဇနီး ဒေါ်အိမွန်ကိုသာ ချန်ထားခဲ့ပြီး ကျန်သူများကို ဖမ်းသွားကာ သထုံမြို့မရဲစခန်းတွင် ထားသည်ဟု သိရသည်။
“သေနတ်တွေ တဒိုင်းဒိုင်းနဲ့ တံခါးတွေဘာတွေဖျက်ပြီး ဝင်တာ။ ကားပေါ်မှာ ပေါက်တဲ့ဗုံးက သူတို့က ဘယ်လိုသုံးသပ်လဲဆိုတော့ Sunday က တင်လိုက်တဲ့ဗုံးဆိုပြီးတော့ အဲဒီတစ်ဖွဲ့လုံး ဖမ်းလိုက်တာ” ဟု ၎င်းက ပြောသည်။
“(ပိုင်ရှင်) လင်မယားနှစ်ယောက်လုံးက အမေရိကားမှာ သွားနေတယ်၊ သွားလိုက်လာလိုက်ပါပဲ။ တော်တော်ကြာပြီးတော့မှ အခု ရန်ကုန်ကနေ အဲဒီနေ့ကမှ ပြန်ဆင်းလာပြီးတော့ ညကမှ ကံမကောင်းတော့ သူတို့လည်း အဲလိုဖြစ်သွားတာပဲ”
ပိုင်ရှင် ဦးမျိုးအေးမှာ ထိုနေ့ကပင် ရန်ကုန်မှ သထုံသို့ ပြန်ရောက်လာသူဖြစ်ကြောင်း၊ စစ်ကောင်စီက ငွေညှစ်လို၍ ဖမ်းသည်ဟု ယူဆကြောင်း ထိုသူက ဆက်ပြောသည်။
အောက်တိုဘာ ၂၀ ညပိုင်းကလည်း သထုံမြို့ရှိ မိုးထက်မြန်မာထမင်းဆိုင်တွင် ဆန္ဒပြပွဲတွင် သုံးရန် ဗီနိုင်းထုတ်ပေးသည်ဟု စွပ်စွဲကာ လူတစ်ဦးကို လာဖမ်းစဉ် သုဝဏ္ဏဘူမိဟိုတယ်ပိုင်ရှင် ဦးအာကာကိုပါ စစ်ကောင်စီက အကြောင်းမဲ့ခေါ်သွားကာ ယနေ့တိုင် ပြန်မလွှတ်သေးဟု ထိုမြို့ခံက ပြောသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ၁၀ လကျော်ရှိလာချိန်တွင် စစ်ကောင်စီက မြို့အသီးသီးတွင် အာဏာသိမ်းမှုဆန့်ကျင်သူများ၊ အာဏာဖီဆန်သောဝန်ထမ်းများ၊ လက်နက်ကိုင်ခုခံတိုက်ခိုက်သူများကို ဖမ်းဆီးခဲ့သည်။
အများအပြားကို ပြန်လွှတ်ပေးသော်လည်း နေ့စဉ် အဖမ်းအဆီးရှိနေသဖြင့် ဆက်လက်အထိန်းသိမ်းခံနေရသူ ၇၇၅၀ ထက်မနည်း ရှိနေသည်ဟု ဖမ်းဆီးနှိပ်စက်မှုများကို လက်လှမ်းမီသမျှ လေ့လာမှတ်တမ်းတင်နေသော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဒီဇင်ဘာ ၄ စာရင်းက ဆိုသည်။
ဖမ်းဆီးခံထားရသူများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ငွေရပေါက်ရလမ်းကြီးတစ်ခု ဖြစ်နေသည်။
ဖမ်းထားသည့် အင်ဂျင်နီယာ ပြန်လွတ်စေလိုလျှင် ကျပ် သိန်း ၂၀ မှ ၃၀ အထိ ပေးရန် ဌာနနှင့် အမည်နာမ ထုတ်ဖော်မပြောသူတို့က မိသားစုထံ နိုဝင်ဘာလကုန်ပိုင်းက ကမ်းလှမ်းထားသည်။
အာဏာသိမ်းမှုကို ပြည်သူထောင်သောင်းချီ လမ်းပေါ်ထွက် ကန့်ကွက်ခဲ့စဉ်ကလည်း ငွေယူပြီး ပြန်လွှတ်ပေးမှုတချို့ ရှိခဲ့သည်ဟု အွန်လိုင်းလူမှုကွန်ရက်တွင် ရေးသားခဲ့ကြသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)