စစ်ကိုင်တိုင်း၊ ဝက်လက်မြို့နယ်နှင့် ရွှေဘိုနယ်အစပ်တွင် စစ်ကောင်စီ၏ စစ်ကြောင်းတစ်ခုကို ဇူလိုင် ၂၁ ရက်က မိုင်းများဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။
အရာတော်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ စစ်ကြောင်းသည် ဇူလိုင် ၂၀ ရက်နေ့တွင် ဝက်လက်မြို့နယ် ရွာသာကြီး စစ်စခန်းသို့ ရောက်ရှိလာပြီး နောက်နေ့တွင် ရွှေဘိုမြို့သို့ ဦးတည်သွားလာနေစဉ် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် သိဒ္ဓိရှင်တပ်ဖွဲ့တာဝန်ခံက ပြောသည်။
ရွာသာကြီး စစ်စခန်းမှ ရွှေဘိုမြို့စစ်စခန်းသို့ ဦးတည်နေသည့် စစ်ကောင်စီစစ်ကြောင်းကို ဝက်လက်မြို့နယ် စိုင်နိုင်လေးကျေးရွာမှ ရွှေဘိုမြို့နယ် ဘုန်းဘွတ်ကျေးရွာ ရောက်သည်အထိ မိုင်းကွင်း ၁၅ ခုဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“ကျွန်တော်တို့ မိုင်းကွင်းတွေကို တည့်တည့်ကြီးဖြတ်ကြတော့၊ ပထမဆုံးတစ်ပွိုင့် စဆွဲခံရပြီဆိုကတည်းက သူတို့က သွားမိသွားရာ သွားပြီး ကျွန်တော်တို့ မိုင်းကွင်းတွေထဲ တည့်တည့်ဝင်တာ၊ ပဒေသာမိုင်းတွေ ၁၅ တွဲလောက်ကို တိုက်ခိုက်နိုင်ခဲ့တာ” ဟု သိဒ္ဓိရှင်တပ်ဖွဲ့တာဝန်ခံက ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း စစ်သား ၈ ဦး သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း၊ ထိခိုက်သေဆုံးသွားသူများကို ရွှေဘို အမှတ် (၈) လေ့ကျင့်ရေးတပ်နှင့် ကပ်ရပ်ရှိ ဘွတ်ကုန်းကျေးရွာတွင် သင်္ဂြိုဟ်ခဲ့သည်ဟု တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
“သူတို့ မိုင်းဆွဲခံရလို့လည်း ပြန်တိုက်တာမလုပ်ဘဲ၊ ခြောက်လှန့်ပစ်ခတ်တာပဲ ရှိတယ်။ အဲ့နေ့ ညနေမှာ ဘွတ်ကုန်းမှာ သေဆုံးစစ်သားတွေကို သင်္ဂြိုဟ်တယ်၊ ကျွန်တော်တို့(ကို) သတင်းပေးက ၁၃ ယောက် ကျော်တယ်လို့ ဆိုတယ်၊ ကျွန်တော့်တပ်ဖွဲ့က မြေပြင်မျက်မြင်ကတော့ ၈ လောင်းပဲ ရှိတယ်” ဟု ပြောသည်။
ဝက်လက်မြို့နယ်ကို စစ်ကောင်စီတပ်က ရွှေဘိုမြို့ အမှတ် (၈) လေ့ကျင့်ရေးကျောင်းနှင့် ကျောက်မြောင်းမြို့တို့ကို ခြေကုပ်ယူကာ စစ်ကြောင်းထိုးလေ့ရှိသည်။ ယခုလဆန်းပိုင်းကလည်း ရွှေဘိုမြို့မှ လာသည့် စစ်ကြောင်းတစ်ခုက သမ္မာရိုးကျေးရွာမှ အရပ်သား ၇ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သေးသည်။ ကျေးရွာများကို စီးနင်းချိန်တွင် ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိသည့် ကျေးရွာနှစ်ခုမှ အမျိုးသားနှစ်ဦးကိုလည်း သတ်ဖြတ်ခံခဲ့ရသည်။
ခင်ဦးနယ်တွင်လည်း ရေဦးမြို့မှတစ်ဆင့် အင်အား ၁၂၀ ခန့်ပါသည့် စစ်ကြောင်းတစ်ခုက ဇူလိုင် ၂၂ ရက်နေ့တွင် ရေဦး-ခင်ဦးလမ်းတစ်လျှောက် လုံခြုံရေးနှင့် မိုင်းရှင်းလင်းရေး လာရောက်လုပ်ဆောင်စဉ် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
ခင်ဦးမြို့နယ် ပျဉ်ထောင်ကျေးရွာစစ်စခန်းမှ စပါးများကို ကားများဖြင့် သယ်ယူရန် လမ်းကြောင်းရှင်းလင်းရေး လုပ်ဆောင်လာသည့် ခလရ (ခြေလျင်တပ်ရင်း) ၇၀၂ နှင့် ၇၀၈ တို့မှ စစ်သားများကို မိုင်းရှင်းလင်းရေး လုပ်ဆောင်နေချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗြိတိန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာမှု (IISS) အဖွဲ့က ပြုစုထားသည့် စာရင်းများအရ ပြီးခဲ့သည့် ဇွန်လအတွင်း မိုင်းခွဲတိုက်ခိုက်မှုများအပါအဝင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၅၉၄ ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုအထဲတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၁၆၅ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲများ ဖြစ်ပွားခြင်းနှင့်အတူ စစ်ရှောင်ဒုက္ခသည်များ များပြားလာရာ စစ်တပ် အာဏာသိမ်းထားသည့် ၂ နှစ်အတွင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရသူပေါင်း ခန့်မှန်းခြေ ၁၈ သိန်း ရှိလာသည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအဖွဲ့(UNHCR) က ၂၀၂၃ မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)