သတင်း

ဒီးမော့ဆိုမြို့ခံတချို့ အိမ်ခေတ္တပြန်ပြီး ပစ္စည်းသယ်ယူ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင်း တိုက်ပွဲများကြောင့် ၇ လကျော်ကြာ စွန့်ခွာနေကြသူတို့က ယမန်နေ့ (ဒီဇင်ဘာ ၁) တွင် နေအိမ်မှပစ္စည်းများ ပြန်ယူကြကြောင်း စစ်ရှောင်နေရသည့် ဒီးမော့ဆိုမြို့ခံများက ပြောသည်။

ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကယန်းပြည်သစ်ပါတီနှင့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တို့က စစ်ကောင်စီတပ်များနှင့် ညှိနှိုင်းခဲ့ပြီးနောက် ထိုသို့ ပစ္စည်းများ ပြန်သယ်နိုင်သည်ဟု ကြားရကြောင်း ဒီးမော့ဆိုမြို့ပေါ်နေထိုင်သူ ဒေါ်ဂျဲနီက ဆိုသည်။

“ကယန်းပြည်သစ်နဲ့ ကလလတကို အကူအညီတောင်းတော့ သူတို့ကလည်း လုံခြုံရေးယူပေးနိုင်တဲ့နေရာအထိ လုံခြုံရေးယူပေးကြတယ်၊ အမြန်လေးပေါ့။ တစ်နာရီ၊ နှစ်နာရီအတွင်း ရှိတာလေးကို ပြေးသယ်ကြတာပေါ့” ဟု လက်နက်ကြီးထိမှန်ခံရသည့်အိမ်တစ်လုံး၏ ပိုင်ရှင် ဒေါ်ဂျဲနီက ပြောသည်။

“အိမ်ကတော့ အကောင်းအတိုင်းကို မရှိတော့ပါဘူး။ ပစ္စည်းတွေလည်း ဖရိုဖရဲနဲ့ အကုန်ပျက်စီးနေတယ်။ တချို့ပစ္စည်းတွေဆို ဘယ်‌‌‌ရောက်လို့ ရောက်မှန်းတောင် မသိဘူး။ တခြားအိမ်ကပစ္စည်းတွေလည်း ကိုယ့်အိမ်ရောက်နေတာတွေလည်း ရှိတယ်” 

နီးစပ်ရာနေရာများတွင် စစ်ရှောင်နေရသည့် ဒီးမော့ဆိုမြို့ ဒေသခံအများအပြား အိမ်ခေတ္တပြန်ပြီး ပစ္စည်းပြန်သယ်ကြသော်လည်း ဒေသတွင်း စစ်ရေးတင်းမာနေပြီး လုံခြုံရေးစိတ်မချရသောကြောင့်ဟု ဆိုကာ စစ်ရှောင်နေကြဆဲဖြစ်သည်။

အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးကမူ ပစ္စည်းများပြန်သယ်ဦးမည် မဟုတ်ကြောင်း ပြောသည်။

“သယ်တဲ့လူတွေတော့ ရှိကြတယ်။ ကျွန်မတို့တော့ ပစ္စည်းတွေ သွားမသယ်ရဲဘူး။ ဘာလို့ဆို စစ်တပ်က ကျွန်မတို့ရွာရဲ့ အ‌ရှေ့ဘက်တောင်ပေါ်မှာ တပ်စွဲထားတာ”ဟု ထိုအမျိုးသမီးက ဆိုသည်။

ကရင်နီ (ကယား) ဒေသတွင် ကရင်နီလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ကယန်းပြည်သစ်ပါတီ (KNLP)၊ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ဒေသအခေါ် ကလလတ၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP- ကယောနီအဖွဲ့)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ အခြေစိုက်သည်။

​​စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်နေသည့် KNDF တပ်ဖွဲ့ဝင်များကို ဩဂုတ် ၂၀ က တွေ့ရစဉ်။ (ဓာတ်ပုံ-KNDF)

လက်ရှိတွင် ကရင်နီဒေသခံများ ပူးပေါင်းဖွဲ့စည်းထားသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့်အတူ KNPP ၏ ကရင်နီတပ်မတော် (KA) က စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) ကလည်း ပူးပေါင်းတိုက်ခိုက်နေသည်။ 

ဤအတောအတွင်း စစ်ကောင်စီတပ်သားတို့က အရပ်သားအသွင်ဝတ်စားပြီး ရိက္ခာနှင့် လူအင်အား ဖြည့်တင်းနေခြင်းကြောင့် ဒီဇင်ဘာ ၃ မှစ၍ လွိုင်ကော်-ဒီးမော့ဆို-ဒေါတမကြီး-ဘောလခဲ လမ်းပိုင်းကို ခရီးသွားလာခြင်း မပြုရန် KNDF က အသိပေးထားသည်။

“စစ်တပ်ရဲ့ လှုပ်ရှားမှုပုံစံက အရင်ကထက်စာရင် ပုံစံပြောင်းလာတယ်။ အရပ်သားပြည်သူလူထုပုံစံ ပြောင်းလဲပြီးမှ သွားလာကြတယ်။ အဲဒါကြောင့် ကျွန်တော်တို့အတွက်ရော ပြည်သူလူထုအတွက်ပါ ထည့်တွက်ပြီး လမ်းမကြီးကို ပိတ်ချလိုက်တာပါ” ဟု KNDF က ဆိုသည်။

နေရပ်စွန့်ပြီး စစ်ရှောင်နေရသူအများအပြား ဒီးမော့ဆိုမြို့ပေါ် ပစ္စည်းပြန်ယူနိုင်ရန် အဖွဲ့တချို့က စစ်ကောင်စီနှင့် ညှိနှိုင်းခဲ့သည်ဟု သိရကြောင်း၊ ၎င်းတို့ကမူ စစ်ကောင်စီနှင့် တွေ့ဆုံရန် အဆင်သင့်မဖြစ်သေးကြောင်း Myanmar Now ကို ပြောသည်။ 

“ဒီကိစ္စက ပြည်နယ်ထဲမှာရှိတဲ့ လက်နက်ကိုင်တပ်တွေဖြစ်တဲ့ ကယန်းပြည်သစ်တို့၊ ကလလတ တို့နဲ့ စကစ (စစ်ကောင်စီ) ညှိနှိုင်းပြီး လုပ်တဲ့ကိစ္စလို့ ကြားသိရပါတယ်။ ကျွန်တော်တို့ဘက်ကတော့ စကစတွေနဲ့ တစ်စုံတစ်ရာ ညှိနှိုင်းတာ၊ တွေ့ဆုံတာတော့ လုပ်မှာမဟုတ်ဘူး” ဟု KNDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ကယားပြည်နယ်တစ်ခုလုံးတွင် တိုက်ပွဲများကြောင့် စစ်ရှောင်ထွက်ပြေးနေရသည့် ဒေသခံ တစ်သိန်းသုံးသောင်းကျော်ရှိနေပြီး ယင်းတို့ထဲတွင် ဒီးမော့ဆိုမြို့နယ်မှ စစ်ရှောင်အများဆုံးဖြစ်နေကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများက ဆိုသည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်သည် အဓိကစစ်မြေပြင်ဖြစ်နေပြီး ဒေသခံအများအပြားကမူ နီးစပ်ရာ ကျေးရွာများနှင့် အခြားမြို့နယ်များသို့ တိမ်းရှောင်နေကြရသလို စစ်ဘေးရှောင်စခန်းအသီးသီးတွင် ခိုလှုံနေသူများလည်း ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button