မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်မြူးအောင်ကျေးရွာအနီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖြစ်သည့် မြတ်ဂုဏ်ရည်ပရဟိတကျောင်းမှ ကလေး ၅ ဦးနှင့် ဆရာမ ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၁၈ တွင် ဖမ်းဆီးသွားကြောင်း ကျောင်းထိုင်ဆရာတော်ထံမှ သိရသည်။
အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး၊ ၉ နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ ၁၃ နှစ်အရွယ် မိန်းကလေးနှစ်ဦး၊ ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ ၂၇ နှစ်အရွယ် ဆရာမ ဒေါ်အေးစန္ဒာတို့ ဖြစ်သည်ဟု ဆရာတော်ဦးပဏ္ဍဝက Myanmar Now ကို မိန့်သည်။
စစ်ကောင်စီတပ်သားတို့က ၎င်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲနေကြကြောင်း ဆရာတော်က ယူဆသည်။
“ဦးဇင်း ကျောင်းမှာ မနေတာ နှစ်လ၊ သုံးလလောက်ရှိပြီ။ အဲဒါကို သူတို့ သံသယဖြစ်ပြီး ဖမ်းတယ်ထင်ပါတယ်။ အဓိက ဦးဇင်းကို လာရှာတာ။ PDF ကို ထောက်ပို့လုပ်တယ်လို့ သူတို့ ထင်နေတာ” ဟု ဆရာတော်က မိန့်သည်။
“(PDF ကို) မထောက်ပံ့ပါဘူး။ ကိုယ်တော်ကတော့ ခရီးသွားတဲ့လူဆိုတော့ ခရီးကတော့ လျှောက်သွားနေတာ။ သံသယနဲ့ ဖမ်းတဲ့သဘောပါ”
နိုဝင်ဘာ ၁၇ ၊ ည ၁၂ နာရီခန့်က ကျောင်းကို စစ်သားအင်အား ၂၀ ခန့် ရောက်လာချိန်တွင် ဆရာမ ဒေါ်အေးစန္ဒာနှင့် ကျောင်းသား ၃၀ ခန့် ရှိကြောင်း၊ ကျောင်းရန်ပုံငွေ ကျပ် ၁၀ သိန်း၊ ဆန်အိတ်များ၊ ဆီပုံးများ၊ ဆေးဝါးများ၊ ကျောင်းသုံးလက်ကိုင်ဖုန်း၊ သံတိုသံစနှင့် လက်သမားသုံးပစ္စည်းများအပြင် မီးဖိုဆောင်သုံးဓားများကအစ ယူသွားကြောင်း ကျောင်းထိုင်ဆရာတော်ထံမှ သိရသည်။
“လာဖမ်းတဲ့သူတွေက ပြောတယ်၊ ကျောင်းမှာပဲနေ၊ ဘယ်မှမသွားနဲ့ပေါ့။ သူတို့ မေးချင်ရင် လာခေါ်မေးမှာပေါ့၊ အဲဒီသဘောမျိုး။ ထွက်သွားရင်လည်း လိုက်ဖမ်းမယ်၊ အဲလိုမျိုးပြောခဲ့တယ်” ဟု ဆရာမ ခြိမ်းခြောက်ခံရပုံနှင့် ပတ်သက်၍ ဆရာတော်က ရှင်းပြသည်။
ထို့ပြင် စစ်သားများက ကျောင်းမြေဝယ်စာချုပ်၊ ကျောင်းပိုင်ကျောင်းထိုင် ကျောင်းအပ်ပွဲ လုပ်ထားသည့် စာရွက်စာတမ်းများကိုပါ ယူဆောင်သွားကြောင်း ဆရာတော်ထံမှ သိရသည်။
ထိုသို့သိမ်းယူပြီး နောက်တစ်ရက်တွင် ဆရာမနှင့် ကျောင်းသား ၅ ဦးကို လာဖမ်းသွားခြင်းဖြစ်သည်။
“ကလေးတွေက အခုချိန်ထိ စစ်ကြောရေးမှာလို့ ကြားတယ်။ ဘာမှတော့ မလုပ်ဘူးတဲ့။ ဆရာမသတင်းက ပျောက်နေတယ်” ဟု ဆရာတော်က မိန့်သည်။
ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်ရွာရဲစခန်းတွင် ထိန်းသိမ်းခံနေရသည့် အဆိုပါ ကလေးများကို အောင်လံမြို့ပေါ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ခုသို့ ပို့ဆောင်ရန် စီစဉ်နေသည်ဟု သိရကြောင်း ဆရာတော်က မိန့်သည်။
အဖမ်းခံထားရသည့် အခြေအနေ၊ ပစ္စည်းများယူဆောင်သွားမှုနှင့် ပတ်သက်ပြီး ထိုရဲစခန်းသို့ မေးမြန်းရန် ကြိုးပမ်းသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရသေးပေ။
ကျောင်းကို ဝင်စီးချိန်နှင့် မရှေးမနှောင်း နိုဝင်ဘာ ၁၈ နံနက် ၁ နာရီခန့်တွင် စမ်းအိုင်ကျေးရွာနေ ဆရာတော်၏ ညီဖြစ်သူ အသက် ၃၂ နှစ် အရွယ် ကိုထွန်းထွန်းကြီးကို ဖမ်းခေါ်သွား ပြီး ၂၂ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းက ဆိုသည်။
မိဘမဲ့များနှင့် မိဘမစုံသည့် အသက် ၅ နှစ်မှ ၁၄ နှစ်ကြား ကလေးများ ကျောင်းအိပ်ကျောင်းစားနေကြသည့် ထိုကျောင်း ပိတ်ထားသည်မှာ တစ်နှစ်ခွဲခန့်ရှိပြီဟု ကျောင်းနှင့် နီးစပ်သည့် ဆင်ပေါင်ဝဲဒေသခံတစ်ဦးက ဆိုသည်။
ပုံမှန်အားဖြင့် ကျောင်းတွင် ကျောင်းသား ၁၅၀ ခန့်နှင့် ဆရာ၊ ဆရာမ ၅ ဦးရှိပြီး ကျောင်းပိတ်ထားသည့်ကာလတွင် ဆရာမတစ်ဦးနှင့် ကျောင်းသား ၃၀ ခန့်သာ ကျောင်းစောင့်အဖြစ် ကျန်ရှိနေခြင်းဖြစ်ကြောင်း အထက်ပါ ဒေသခံ အမျိုးသားက ဆိုသည်။
ဆရာမ ဒေါ်အေးစန္ဒာနှင့် ကျောင်းသား ၅ ဦးဖမ်းဆီးခံရပြီးနောက် အခြားကျောင်းသားများမှာ နီးစပ်ရာဆွေမျိုးများထံသို့ ပြန်သွားကြောင်း ၎င်းက ဆက်ပြောသည်။
“ဆရာမရဲ့ ဇာတိနဲ့ မိဘအမည်ကိုပါ မေးမြန်းသွားပြီး ကျောင်းကနေ နေရာပြောင်းပါက ဆရာမနဲ့ ကလေးတွေပါ သေနတ်နဲ့ ပစ်သတ်မယ်လို့ ခြိမ်းခြောက်သွားတယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောပြသည်။
PDF လှုပ်ရှားမှု နည်းပါးသည့် ဆင်ပေါင်ဝဲမြို့နယ်တွင် ဇူလိုင်လက တိုင်းလွှတ်တော်အမတ်တစ်ဦး၏ ဖခင်ကို စစ်သားများက ပစ်သတ်ခဲ့ကြသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)