မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရေကြည်ပေါက်ကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ကို ရှာမတွေ့သဖြင့် သူ၏ ၁၃ နှစ်အရွယ် သားဖြစ်သူကို စစ်ကောင်စီက နိုဝင်ဘာ ၁၄ ကတည်းက ခေါ်ဆောင်ထားရာ ယနေ့အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
NLD ပါတီဝင် ဦးဌေးအောင်၏ ဇနီးနှင့် သားကြီးတို့ကို စစ်ကောင်စီတပ်က ရိုက်နှက်ခဲ့ကြပြီး သားဖြစ်သူ မောင်သုခအောင်ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။
မိသားစုဝင်များက မောင်သုခအောင် လွတ်မြောက်ရေးအတွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း၊ ကလေးပြန်လွတ်လိုပါက လူကြီးလာအဖမ်းခံရမည်ဟု ပြောဆိုခဲ့ကြောင်း ရေကြည်ပေါက်ရွာဒေသခံများထံမှ သိရသည်။
“ဖမ်းခံရပြီးရက်ပိုင်းတုန်းက မိသားစုဝင်တွေက လွတ်မြောက်ဖို့ ကြိုးစားတာလည်း မအောင်မြင်ဘူး ထင်တယ်၊ အခုတော့ သူတို့မိသားစုတစ်ခုလုံး ရွာမှာ မရှိကြတော့ဘူး။ ရှောင်နေရပြီ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ရေကြည်ပေါက်ကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။
မောင်သုခအောင်အား မြစ်ငယ်ရဲစခန်းတွင် ချုပ်နှောင်ထားရာမှ အမရပူရမြို့နယ်ရဲစခန်းသို့ ပြောင်းရွှေ့ချုပ်နှောင်ထားသည်ဟုသာ သိရကြောင်း ၎င်းက ဆိုသည်။
ထပ်မံရန်ပြုခံရမည်ကို စိုးရိမ်သဖြင့် နေအိမ်မှ ယာယီထွက်ခွာသွားသော အဆိုပါမိသားစုဝင်များကို Myanmar Now က မေးမြန်းလိုသော်လည်း အဆက်အသွယ်မရသေးပေ။
အမည်မဖော်လိုသော ဒေသခံတစ်ဦးက ထိုကလေး ကျောင်းတက်သည်ကို တွေ့ရကြောင်း Myanmar Now ကို ပြောသည်။
“မောင်သုခအောင်ကို အမရပူရရဲစခန်းကနေ အစောင့်နဲ့ ရွာကျောင်းကို လာပို့ပါတယ်။ အိမ်စီးကားတစ်စီးနဲ့ လာပို့တာ မြင်တယ်။ ရွာကျောင်းကို အစောင့်နှစ်ယောက်ပါတယ်။ ကလေးလေးက သက်တော်စောင့်နဲ့ ကျောင်းတက်သလိုပဲ” ဟု လုံခြုံရေးအခြေအနေအရ အမည်မဖော်လိုသော အဆိုပါ အမျိုးသားက ပြောသည်။
ဆယ်ကျော်သက်ကလေးကို ဖမ်းဆီးထားသည့် အခြေအနေ၊ ထိုကလေး၏ အစ်ကိုနှင့် မိခင်ကို ရိုက်နှက်မှုတို့နှင့် ပတ်သက်ပြီး အမရပူရမြို့နယ်ရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
ဤဖြစ်ရပ်မျိုးနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင် မတွေ့ရသေးပေ။
အာဏာကို သိမ်းယူထားသည့် စစ်တပ်သည် ၎င်းတို့အပေါ် ဆန့်ကျင်သူများကို နည်းမျိုးစုံ ဖမ်းဆီး၊ နှိပ်စက် သတ်ဖြတ်လျက်ရှိရာ အလိုရှိသူကို ဖမ်းမမိပါက ဓားစာခံအဖြစ် မိသားစုဝင်များကို ကလေးပါမချန် ဖမ်းဆီးနေသည်။
ဖမ်းဆီးထားသူများကို အပြင်းအထန်နှိပ်စက်လျက်ရှိရာ ဖမ်းဆီးပြီးနောက်တစ်နေ့တွင် အလောင်းလာထုတ်ရန် မိသားစုကို အကြောင်းကြားသည့် ဖြစ်ရပ်များ မကြာခဏ ဖြစ်ပေါ်နေသည်။ တစ်ခါတစ်ရံ ရုပ်အလောင်း ဖျောက်ဖျက်ခံရသည်။
အမရပူရမြို့နယ်သည် ဖမ်းဆီးခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ မဲဆန္ဒနယ်မြေဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုအားကောင်းသည့်ဒေသ ဖြစ်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)