အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါက်တာဇော်မြင့်မောင်ကို မဲမသမာမှု၊ မလျော်ဩဇာသုံးမှုတို့ဖြင့် အမှုထပ်ဖွင့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မနှစ်ခုဖြင့် ထပ်တိုးတရားစွဲဆိုထားကြောင်း သက်ဆိုင်ရာတရားရုံးများ၌ ယနေ့ (နိုဝင်ဘာ ၂၂) အသိပေးခဲ့သည်ဟု ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။ 

မဲဆန္ဒနယ်မြေအတွင်းမှ လူရှစ်ဦးခန့်ကို ဆန္ဒမဲပေးခွင့်ဆုံးရှုံးအောင်လုပ်သည်ဆိုကာ ရာဇသတ်ကြီး ပုဒ်မ ၁၇၁(စ) ဖြင့် အမရပူရမြို့နယ်တရားရုံးနှင့် တိုင်းရွေးကောက်ပွဲကော်မရှင်အပေါ် မဲမသမာမှုများလုပ်သည်ဆိုကာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀(က) ဖြင့် အောင်မြေသာစံမြို့နယ်တရားရုံးတွင် ဒေါက်တာဇော်မြင့်မောင်ကို ထပ်တိုးစွဲဆိုထားသည်။  

“အမရပူရကတော့ ဒေါက်တာဇော်မြင့်မောင်ရဲ့မဲဆန္ဒနယ်၊ အဲ့ဒီမှာ လူရှစ်ယောက်ကို မဲထည့်ခွင့်မရအောင် လုပ်တယ်ဆိုပြီးစွဲတယ်၊ အောင်မြေသာစံကအမှုကကျတော့ အစိုးရအဖွဲ့ဝင်အနေနဲ့ ကျူးလွန်တယ်ဆိုပြီး စွဲသလားတော့ မသိရသေးဘူး။ အမှုနှစ်ခုလုံးကို ဦးတိုက်လျှောက်တယ်လို့ သိရတယ်” ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

ထိုအမှုနှစ်ခုလုံးအတွက် တရားလိုဖြစ်သူမှာ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်မှ ဒုညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးဖြစ်ကာ စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်သည့် ၎င်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်ဟု သိရသည်။ 

ဒေါက်တာဇော်မြင့်မောင်မှာ စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက မန္တလေး အိုးဘိုထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသူဖြစ်ကာ ၎င်းကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၃၀ (က)နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မများဖြင့် အမှုငါးမှု စွဲဆိုထားပြီးဖြစ်သည်။ 

လက်ရှိတွင် အောင်မြေသာစံမြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅(ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၃၀(က) အမှုများကို စစ်ဆေးလျက်ရှိရာ တရားခံပြသက်သေများကို စစ်ဆေးနေကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် စွဲဆိုထားသည့်အမှုများကို စစ်ဆေးခြင်း မရှိသေးဘဲ ရုံးချိန်းများသာ ချိန်းဆိုလျက်ရှိပြီး ယနေ့ နိုဝင်ဘာ ၂၂ တွင် ဒေါက်တာဇော်မြင့်မောင်ကို ၅၀၅ (ခ)၊ သဘာဝဘေး ပုဒ်မ ၅/၃၀ (က) ဖြင့် ရုံးထုတ်စစ်ဆေးနေခြင်း ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများ ကျူးလွန်သည်ဆိုကာ NLD ပါတီဥက္ကဋ္ဌနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဒေါက်တာဇော်မြင့်မောင် အပါအဝင် ၁၆ ဦးကို ရွေးကောက်ပွဲဆိုင်ရာပုဒ်မများဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက နိုဝင်ဘာ ၁၆ တွင် ထုတ်ပြန်ခဲ့သည်။ 

ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးမှု သို့မဟုတ် သူတစ်ပါးအယောင်ဆောင်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၇၁(စ) အရ ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချနိုင်ပြီး ​​ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အရေးယူအပြစ်ပေးနိုင်သည့် ပုဒ်မဖြစ်သော ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က) အရ ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးကတည်းက NLD အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် ဝန်ကြီးချုပ်များကို ၅၀၅(ခ) ဖြင့် အမှုစဖွင့်ခဲ့ပြီး အဂတိအမှု သုံးမှုထက်မနည်းဖြင့်လည်း ထပ်တိုးတရားစွဲဆိုသည့်ပြင် ယခုအခါ ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မများဖြင့်ပါ တရားစွဲလာခြင်းဖြစ်သည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button