
ရန်ကုန်တိုင်းအတွင်း PDF အဖွဲ့ဝင် ၃၉ ဦးနှင့် ထောက်ပံ့ကူညီသူ ၈ ဦး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာ ၁၇) တွင် ထုတ်ပြန်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က အဖမ်းခံရသည့် ၎င်းတို့၏ အဖွဲ့ဝင်အရေအတွက်မှာ၂၀ ခန့် ရှိသည်ဟု Myanmar Now ကို ယနေ့ ပြောသည်။
အဖမ်းခံရသူများမှာ နိုဝင်ဘာ ၁၂ မှ ၁၇ အတွင်း ပစ်ခတ်မှုများနှင့် ဆက်စပ်သူများဟု စစ်ကောင်စီက ဆိုသော်လည်း အလုံးစုံ မှန်ကန်ခြင်းမရှိဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောသည်။
“အဖမ်းခံခဲ့ရတဲ့သူတွေထဲမှာ တကယ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ပါသလို၊ သာမန်ပြည်သူတွေကို ဖမ်းဆီးပြီး ဇာတ်လမ်းဆင်ထားတာတွေ အများကြီးပါပါတယ်” ဟု ၎င်းက ဆိုသည်။
“အမှားလို့တော့ မပြောချင်ပါဘူး။ တိုက်ပွဲတိုင်းမှာ အောင်မြင်တာ ဆုံးရှုံးတာတော့ ရှိတတ်စမြဲပါပဲ။ ပြည်သူလူထုအတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့တဲ့ရဲဘော်တွေအတွက် ကျွန်တော်တို့ အမြဲဂုဏ်ယူလေးစားလျက်ပါ”
PDF အဖွဲ့ဝင် ၂၀ ကျော် ဖမ်းဆီးခံရမှုဖြစ်စဉ်အသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ စီစဉ်မှုဖြင့် နိုဝင်ဘာ ၁၅ တွင် တိုင်းအတွင်း နေရာ ၄ နေရာကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုင်းတစ်ခုလုံးတွင် ဗုံး ၁၀ ကြိမ်ခန့် ဖောက်ခွဲခဲ့သည်ဟု ဆိုသည်။ ထိုနေ့က သာကေတမြို့နယ် သန်လျင်တံတားအဆင်းပစ်ခတ်မှုတွင် စစ်သား ၃ ဦးနှင့် ယာဉ်ထိန်းရဲ ၂ ဦး သေဆုံးပြီး ထန်းတပင်မြို့နယ် တာဆုံရဲကင်းပစ်ခတ်မှုတွင် ရဲ ၃ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
NUG ၏ ပြည်သူ့ခုခံစစ် စတင်ကြောင်း ကြေညာသည့် စက်တင်ဘာ ၇ မှစ၍ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က “ပျံလွှားအောင်” ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့ပါဝင်သည့် ဟံသာဝတီခရိုင်၌ ဆောင်ရွက်နေခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းအတွင်း ပြုလုပ်နေသည့် ထိုစစ်ဆင်ရေးများကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တွင်ရှိသည့် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဦးဆောင်နေသည်ဟု သိရသည်။
“ပျံလွှားအောင်” စစ်ဆင်ရေး၏ အစိတ်အပိုင်းများဖြစ်သော နိုဝင်ဘာ ၆ ရက်နေ့က စစ်သား ၁၁ ဦး သေဆုံးခဲ့သည့် ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးရွာအနီး စစ်ကောင်စီကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်မှု၊ နိုဝင်ဘာ ၁၂ ရက်နေ့က ကော့မှူးမြို့နယ်၊ မကျီးကန်ရွာအနီး စစ်ကောင်စီကင်းလှည့်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်မှု စသည့် ဖြစ်စဉ်တို့မှာ ၎င်းအဖွဲ့က စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် လူမှုကွန်ရက်တွင် အများစိတ်ဝင်စားခဲ့သော အောက်တိုဘာ ၂၃ ရက်နေ့က စစ်သားတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရခဲ့သည့် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာမီးပွိုင့်ပစ်ခတ်မှုမှာလည်း ၎င်းအဖွဲ့၏ လုပ်ဆောင်ချက်ပင် ဖြစ်သည်။
PDF များ အများအပြားဖမ်းဆီးခံရသော်လည်း “ပျံလွှားအောင်”စစ်ဆင်ရေး အရှိန်လျော့ကျသွားမည် မဟုတ်ကြောင်း ၎င်းတာဝန်ခံက ပြောသည်။
“ပျံလွှားတွေရဲ့ ဒီထက်ပြင်းထန်တဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့ ပြင်ဆင်ထားပါလို့ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်ကို သတင်းစကားပါးလိုက်ချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ပြည်သူများအနေဖြင့် စစ်အာဏာရှင်တော်လှန်ရေးတွင် ကျရာကဏ္ဍမှ တတ်နိုင်သမျှ ပူးပေါင်းပါဝင်ပေးပါက PDF ရဲဘော်များအတွင် စိတ်အားတက်စရာဖြစ်လာမည်ဟု ၎င်းက ပြောခဲ့သည်။
ဖေဖော်ဝါရီ ၁ တွင် စစ်တပ်က နိုင်ငံတော်အာဏာကို လက်နက်ပြသိမ်းယူပြီးသည့်နောက် နိုင်ငံတစ်ဝန်း စစ်ကောင်စီကို သိန်းနှင့်ချီသည့် ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။
သို့သော် စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများကြောင့် ပြည်သူ ၁၀၀၀ ကျော်သေခဲ့ရပြီး ငြိမ်းချမ်းစွာဆန္ဒပြမှု များမှ လက်နက်ကိုင်တော်လှန်မှုသို့ ပြောင်းလဲလာခဲ့ကာ စီးပွားရေးမြို့တော် ရန်ကုန်တွင်လည်း စစ်ကောင်စီကို တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာနေသည်။
စစ်ကောင်စီက လက်နက်ကိုင်အန်တုသူတို့ကို အကြမ်းဖက်သမားဟု ကြေညာထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)