
ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်ကောင်စီအာဏာသိမ်းချိန်မှစ၍ ပြည်သူတစ်ရပ်လုံးက စစ်အာဏာရှင်ဆန့်ကျင်ရေးကို နည်းလမ်းပေါင်းစုံနှင့် အရှိန်အဟုန်မပြတ် လှုပ်ရှားလျက်ရှိသည်မှာ (၉) လကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ CDM ဖြင့် ဆန့်ကျင်ခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်း၊ CRPH ဖွဲ့စည်းတည်ထောင်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းကာ အကြမ်းဖက်မှုများကို ခုခံခြင်း စသည်ဖြင့် အဆင့်ဆင့် စနစ်တကျ စုစုစည်းစည်း ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပေသည်။
နွေဦးတော်လှန်ရေး၏ အနှစ်သာရမှာ အကြမ်းဖက်စစ်အုပ်စု အပြီးတိုင်ချုပ်ငြိမ်းရေးလုပ်ငန်းစဉ်တစ်ခုတင်မက၊ စစ်အာဏာသိမ်းမှုများ၏ အရင်းခံဖြစ်သော အကြောင်းတရားအားလုံးကို ရှင်းလင်းကာ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းစဉ်ပါ ပါဝင်လျက်ရှိသည်။
ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီကို လိုလားသည့် နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်များအပါအဝင် အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများအားလုံးက အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို ဖွဲ့စည်းကာ ပြည်သူလူထုအား ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးလုပ်ငန်းစဉ်များကို အသိပေးကတိကဝတ်ပြုကြောင်း နိုဝင်ဘာ (၁၆) ရက်နေ့တွင် ကြေညာလိုက်သည်။
ဤသို့ NUCC ကို စုပေါင်းခေါင်းဆောင်မှုဖြင့် ဖွဲ့စည်းနိုင်ခြင်းသည် ပြည်သူလူထု၏ တော်လှန်ရေးအရှိန် ရပ်တန့်မသွားရေးအတွက် မဆုတ်မနစ် အားသွန်ခွန်စိုက်ကြိုးစားမှု ရလဒ်ဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။

NUCC ဖွဲ့စည်းပုံ
NUCC ကို ဒေါက်တိုင် (၃) ခု ဖြင့် အဖွဲ့ဝင်အဖွဲ့အစည်းပေါင်း (၂၈) ဖွဲ့ဖြင့် ဖွဲ့စည်းထားကြောင်း သတင်းစာရှင်းလင်းပွဲအရ သိရှိရသည်။ ဒေါက်တိုင် (၃) ခုမှာ (၁) ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် အနိုင်ရကိုယ်စားလှယ်များပါဝင်သည့် CRPH နှင့် သက်ဆိုင်ရာလူထုကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများ၊ (၂) အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒကို ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်လျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ (EAOs) နှင့် ပြည်နယ်အလိုက်၊ လူမျိုးအလိုက်အတိုင်ပင်ခံကောင်စီများ၊ (၃) တန်းတူညီမျှရေး၊ တရားမျှတရေး စသည်တို့အတွက် နည်းလမ်းပေါင်းစုံနှင့် တိုက်ပွဲဝင်လျက်ရှိသည့် CDM အင်အားစု၊ သပိတ်ကော်မတီ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် သမဂ္ဂများဖြစ်သည်ဟု ဆိုပါသည်။
တစ်နည်းအားဖြင့် တော်လှန်ရေးကာလဖြစ်သည့်အလျောက် ပုံမှန်အချိန်ကဲ့သို့ ရွေးကောက်ပွဲရလဒ်များကိုသာ အခြေခံသည့် စုဖွဲ့မှုမျိုးဖြင့် မလုံလောက်ဘဲ NUCC သည် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ အားလုံးပါဝင်သည့် အမြင့်ဆုံးနိုင်ငံရေးအင်စတီကျူးရှင်းအဖြစ် ဖွဲ့စည်းခြင်းဟု မှတ်ယူနိုင်သည်။ ထို့ကြောင့် ရွေးကောက်ပွဲက ပေးလိုက်သည့် De Jure တရားဝင်မှု၊ တစ်နည်းအားဖြင့် ပြည်သူလူထုက ရွေးကောက်ပွဲဖြင့် အပ်နှင်းလိုက်သည့် ပြည်သူ့အာဏာရှိသူများနှင့် ရွေးကောက်ပွဲများမှ မဟုတ်သော်လည်း လူထုထောက်ခံမှုဖြင့် ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲဝင်နေကြသည့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၊ လူနည်းစုနှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၊ သမဂ္ဂများ တစ်နည်းအားဖြင့် De Facto တရားဝင်မှုဖြင့် ပြည်သူကို ဦးဆောင်မှုပေးနေကြသူများ စုပေါင်းဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံဆန့်ကျင်နေသည့် ပြည်သူအားလုံးကို ကိုယ်စားပြုသည်ဟု ဆိုနိုင်ပေသည်။

NUCC နှင့် တော်လှန်ရေး
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း နွေဦးတော်လှန်ရေးသည် စစ်ကောင်စီပြုတ်ကျရေးတင်မက စစ်အာဏာသိမ်းမှုများ၏ အရင်းခံအကြောင်းရင်းများကို ချုပ်ငြိမ်းစေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးလည်းဖြစ်သည်။ စစ်အာဏာရှင်ဆန့်ကျင်ရေးသမိုင်းကြောင်းတွင် ဒီမိုကရေစီအင်အားစုများစုစည်းရေးသည် အခက်ခဲဆုံးလုပ်ငန်းစဉ်ဖြစ်ခဲ့ပြီး ယခု NUCC ကဲ့သို့ စုဖွဲ့နိုင်မှုများ အားကောင်းကောင်းဖြင့် တိုးတက်ဖြစ်ပေါ်ခဲ့ခြင်း မရှိခဲ့ပေ။ စစ်ကောင်စီသည် အများသိရှိပြီးဖြစ်သည့်အတိုင်း လက်နက်နှင့် ဖိနှိပ်သတ်ဖြတ်ခြင်း၊ ဒီမိုကရေစီအင်အားစုများကို စည်းလုံးမလာနိုင်စေရန် သွေးခွဲသပ်လျှိုသည့်နည်းလမ်းများဖြင့် အကြိမ်ကြိမ် အနိုင်ယူခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယခုအခါ အကြမ်းဖက်စစ်တပ်သည်လည်း အကျင့်ပျက်ခြစားခြင်း၊ ရဲဘော်ရဲဘက်စိတ်ပျောက်ဆုံးခြင်း၊ ပြည်သူလူထုကို ကာကွယ်ရန် သစ္စာပျက်ယွင်းခြင်းတို့ကြောင့် အဘက်ဘက်မှ ချွတ်ခြုံကျ ကျဆုံးနေပြီဖြစ်သည်။ သို့သော် ၎င်းတို့၏ ဒုတိယလက်နက်ဖြစ်သော သွေးခွဲသပ်လျှိုသည့်နည်းလမ်းကိုမူ ဆက်လက်သုံးနိုင်ဆဲဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက်စစ်တပ်အား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ရုပ်ပိုင်းဆိုင်ရာ၊ NUG က နိုင်ငံရေး၊ နိုင်ငံခြားရေး၊ စီးပွားရေးဖိအားများ ပေးနိုင်သကဲ့သို့ ၎င်းတို့၏ သွေးခွဲခြင်းလက်နက်ကို အသုံးမပြုနိုင်စေရန် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများက NUCC ကို ဖွဲ့စည်းခြင်းဖြင့် တုံ့ပြန်သည်ဟု နားလည်ရပါသည်။
တစ်နည်းအားဖြင့် NUCC က စုပေါင်းခေါင်းဆောင်မှု၊ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများဖြစ်သည့် တန်းတူရေး၊ တရားမျှတရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဖြင့် တော်လှန်ရေးတွင် နိုင်ငံရေးဦးဆောင်မှု ဆက်လက်ပေးနိုင်ရန် လိုအပ်ပေသည်။

စုပေါင်းခေါင်းဆောင်မှုနှင့် စစ်မှန်သောဖက်ဒရယ်စိတ်ဓာတ်
ပြည်ထောင်စုမြန်မာနိုင်ငံသည် ၁၉၄၈ လွတ်လပ်ရေးရပြီးသည့် အချိန်မှစ၍ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရန် ခက်ခဲခဲ့ရသည်။ စစ်အာဏာရှင်တို့က ၎င်းအခက်အခဲကို အခွင့်ကောင်းယူပြီး အာဏာသိမ်းကာ ပြည်ထောင်စုကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချမှု၏ ဆိုးကျိုးများကို လူထုက ယနေ့တိုင်ခံစားနေရဆဲ ဖြစ်ပါသည်။
ပြည်ထောင်စုနှင့် ပတ်သက်ပြီး အကြမ်းအားဖြင့် သမိုင်းအမြင် (၂) ခုရှိသည်ဟု ဆိုနိုင်ပါသည်။ ပထမတစ်ခုမှာ မြန်မာနိုင်ငံသည် တကောင်းအဘိရာဇာ (အိန္ဒိယမှ ဗုဒ္ဓဘာသာ မင်းမျိုးမင်းနွယ်များ) မှ ဆင်းသက်လာပြီး အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရား (ဗမာလူမျိုးစစ်ဘုရင်များ) တို့က ယခုလက်ရှိ မြန်မာနိုင်ငံတော်ကြီးကို စုစည်းတည်ထောင်ခဲ့သည်။ ထို့နောက် ဗြိတိသျှကိုလိုနီဖြစ်ခဲ့ပြီး လွတ်လပ်ရေးရသောအခါ ယခင်ရှိခဲ့သည့် မြန်မာနိုင်ငံတော်ကို ပြန်လည်ထူထောင်ခြင်းဖြစ်သည်ဟူ၍ ဖြစ်သည်။ ယင်းအမြင်သည် စစ်အာဏာရှင်တို့၏ အခြေခံသမိုင်းအမြင်ဖြစ်ပြီး လူထုကိုလည်း အဆိုပါဝါဒမှိုင်း တိုက်ခဲ့သည်။
ဒုတိယအမြင်မှာ မြန်မာနိုင်ငံရှိဒေသများသည် သက်ဆိုင်ရာဒေသခံလူမျိုးများ၏ ယဉ်ကျေးမှုသမိုင်းကြောင်းများဖြင့် သီးခြားတိုးတက်ဖွံ့ဖြိုးခဲ့သည်၊ ဗမာလူမျိုးစစ်ဘုရင်များ၏ ဖိနှိပ်သိမ်းပိုက်မှုကို ခံခဲ့ကြရသော်လည်း တန်းတူညီမျှသည့် ပြည်ထောင်စုအဖြစ် တိုးတက်ပြောင်းလဲလာခြင်း မရှိခဲ့ပေ။ လက်အောက်ခံနယ်မြေများအဖြစ် ထူထောင်ခဲ့သည့် လက်နက်နိုင်ငံတော်များသာဖြစ်သည်။ လွတ်လပ်ရေးရပြီးမှသာ ပင်လုံစာချုပ်ဖြင့် စစ်မှန်သော၊ တန်းတူညီမျှသော ပြည်ထောင်စုအတွင်း အတူတကွနေထိုင်ရန် လူမျိုးစုအားလုံး ကတိပြုခဲ့ကြခြင်းဖြစ်သည်။ ဤဒုတိယအမြင်မှာ စစ်အာဏာရှင်တို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီအင်အားစု၏အမြင် ဖြစ်သည်။
အဆိုပါသမိုင်းအမြင်နှစ်ရပ်သည် ကြီးမားသည့် ပြည်ထောင်စုတည်ထောင်ရေးဆိုင်ရာ ပြဿနာအဖြစ် ယနေ့တိုင်ရှိနေသည်။
ပထမအမြင်အရ စစ်အာဏာရှင်တို့သည် မြန်မာပြည်ထောင်စုတွင် ဗုဒ္ဓဘာသာ ဗမာလူမျိုးများက အရှင်သခင်ဖြစ်ပြီး အခြားတိုင်းရင်းသားများသည် ရှေးယခင်ခေတ်များကအတိုင်း လက်အောက်ခံလူမျိုးများဖြစ်သည်ဟု သတ်မှတ်ကြခြင်းပင်။ ထို့ကြောင့် လူနည်းစုလူမျိုးများက ၎င်းတို့၏ မူလရပိုင်ခွင့်ဖြစ်သည့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုခြင်းကို ပုန်ကန်သူများအဖြစ် ပုံဖော်ကာ ဖိနှိပ်ခြင်း၊ တိုင်းရင်းသားဒေသများရှိ သယံဇာတအသွယ်သွယ်ကို အဓမ္မသိမ်းယူခြင်း စသည့် နည်းများဖြင့် စဉ်ဆက်မပြတ် တုံ့ပြန်ဆောင်ရွက်ကြခြင်းဖြစ်သည်။
ဆန့်ကျင်ဘက်ဖြစ်သည့် ဒုတိယအမြင်အရ ပြည်ထောင်စုသည် ဗမာဗုဒ္ဓဘာသာများသာ ပိုင်ဆိုင်ကြသည်မဟုတ်ဘဲ ပြည်ထောင်စုအတွင်းရှိ နိုင်ငံသားအားလုံး လူမျိုး၊ ဘာသာမရွေး တန်းတူပိုင်ဆိုင်ကြသည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဗမာတိုင်းရင်းသားတစ်မျိုးတည်းသာမက ပြည်ထောင်စုတွင်းနိုင်ငံသားအားလုံးကို ကိုယ်စားပြုနိုင်မည့် စုပေါင်းခေါင်းဆောင်မှုရှိရန် လိုအပ်သည်။ မည်သည့်အစုအဖွဲ့၊ လူတစ်ဦးတစ်ယောက်၊ လူမျိုးတစ်မျိုးကမှ ပြည်ထောင်စုတစ်ခုလုံးကို ကိုယ်စားပြုနိုင်ရန် မဖြစ်နိုင်ပေ။ အဆိုပါ ပြည်ထောင်စုအမြင်ကို အခြေခံ၍ NUCC သည် စုပေါင်းခေါင်းဆောင်မှုဖြင့် သမိုင်းစာမျက်နှာသစ်ရေးထိုးရန် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုနိုင်မည် ဖြစ်သည်။

ပြည်ထောင်စုစာမျက်နှာသစ်
နွေဦးတော်လှန်ရေးသည် အသက်သွေးချွေးများစွာစတေးနေရသည့် တော်လှန်ရေးဖြစ်သည်။ အကြမ်းဖက်စစ်တပ်သည် ဖေဖော်ဝါရီ ၁ မှစ၍ ယနေ့ထိ အာဏာဖီဆန်သည့် ပြည်သူပေါင်း (၁,၂၆၉) ဦးထက်မနည်းကို အကြမ်းဖက်သတ်ဖြတ်ခဲ့သလို၊ (၇,၃၂၂) ဦးထက်မနည်းကိုလည်း ဆက်ပြီးဖမ်းဆီးထားသည်။
ထို့ပြင် ကိုဗစ်ရောဂါပြန့်ပွားမှုကို ထိထိရောက်ရောက် စီမံခန့်ခွဲခြင်းမရှိဘဲ အာဏာတည်မြဲရေးကြိုးစားလျက်ရှိရာ လူထု၏ အသက်ပေါင်းများစွာကို သေဆုံးစေခဲ့သည်။
စီးပွားရေးအနေနှင့်လည်း လူဦးရေ၏ ထစ်ဝက်ခန့်ကို ဆင်းရဲမွဲတေမှုမျဉ်းအောက် ကျသည်ထက်ကျအောင် အလျင်အမြန်ဆွဲချလျက်ရှိသည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။
သို့သော် ထိုသို့ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးအခက်အခဲများကြားမှ လူထုသည်လည်း အသက်နှင့် ဘဝများ ပေးဆပ်ကာ အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ကြိုးပမ်းနေကြသည်။
စစ်အာဏာရှင်တို့၏ မျက်နှာဖုံးမှန်သမျှ ပြည်တွင်းရောပြည်ပတွင်ပါ ကွာကျချိန်တွင် ပြည်သူလူထု၏ နိုင်ငံရေးရေချိန်မှာလည်း သမိုင်းတစ်လျှောက် အမြင့်ဆုံးရောက်နေသည်ကို တွေ့ရပေမည်။ ပြည်ထောင်စုသားအချင်းချင်း အပြန်အလှန်နားလည်မှု၊ လူမျိုးဘာသာမခွဲခြားဘဲ နိုင်ငံသားအခွင့်အရေးတို့ကို ပိုမိုအလေးထားလာမှု စသည်တို့သည် စစ်မှန်သော၊ တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအတွက် အခြေခံစိတ်ဓာတ်များပင်ဖြစ်သည်။
ထို့အတူ NUCC ဖွဲ့စည်းမှုနှင့်အတူ ပေါ်ပေါက်လာသည့် “စုပေါင်းခေါင်းဆောင်မှု”ဆိုသည်ကိုလည်း ပြည်သူတစ်ရပ်လုံးအနေဖြင့် လေးလေးနက်နက် နားလည်လက်ခံနိုင်ရန် အရေးကြီးပါသည်။
အထက်တွင် ဆိုခဲ့သည့်အတိုင်း ပြည်ထောင်စုသည် ပြည်ထောင်များစုထားသော၊ တန်းတူညီမျှသော နိုင်ငံတော်ဖြစ်သည့်အားလျော်စွာ အနာဂတ်နိုင်ငံတော်သည် လူတစ်ဦးတစ်ယောက်၏ လွှမ်းမိုးမှု၊ အဖွဲ့အစည်းတစ်ခု၏ ခြယ်လှယ်မှု၊ လူမျိုးဘာသာဝင်တစ်ခုခု၏ ချုပ်ကိုင်မှုတို့ဖြင့် တည်ဆောက်ရန် လုံးဝမရနိုင်သည်မှာ နှစ်ပေါင်း (၇၀) ကျော်ကြာ ခါးသီးသည့် သမိုင်းသင်ခန်းစာဖြစ်သည်။ ထို့ကြောင့် လူများစုဖြစ်သည့် ဗမာတိုင်းရင်းသားများ၊ လူနည်းစုတိုင်းရင်းသားများအားလုံးအနေဖြင့် မိမိတို့ လူမျိုးနှင့် ခေါင်းဆောင်များ၏ အခန်းကဏ္ဍ ကျဆင်းသွားခြင်းမျိုးဟု မမြင်အပ်ဘဲ အခြားတိုင်းရင်းသားများသည်လည်း မိမိတို့ပြည်ထောင်စု၏ မူရင်းအချုပ်အခြာအာဏာကို ပိုင်စိုးသူများဖြစ်ပြီး တန်းတူသော အခွင့်အရေးနှင့် ခေါင်းဆောင်မှုနေရာများတွင် ရှိရမည်ဆိုသည့် အခြေခံစိတ်သည် ပြည်ထောင်စု၏ အုတ်မြစ်ဖြစ်သည်။ သို့မှသာ ဗမာလူမျိုးကြီးဝါဒသာမက လူမျိုးကြီးဝါဒအားလုံးချုပ်ငြိမ်းနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်ထောင်စုကို စစ်တပ်က ရှုမြင်သကဲ့သို့ (တပ်မတော်ကတည်ထောင်ထားသည်) အစုအဖွဲ့၊ လူတစ်ဦးတစ်ယောက်၊ ပါတီတစ်ခုက စည်းရုံး၊ ဦးဆောင်တည်ထောင်ထားသည်ဟု ရှုမြင်ခြင်းမျိုး အထူးရှောင်ရှားကာ တိုင်းရင်းသားပြည်သူအားလုံး၊ နိုင်ငံသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စုပေါင်းတည်ထောင်သည့် နိုင်ငံတော်အဖြစ် စွဲမြဲခံယူနိုင်ရန် သမိုင်းက ရပ်ခံလျက်ရှိသည်။
အဆိုပါစုပေါင်းခေါင်းဆောင်မှုဆိုသော ခံယူချက်သည် နွေဦးတော်လှန်ရေးက၊ ပြည်သူလူထုတစ်ရပ်လုံးက မွေးထုတ်ပေးလိုက်သည့်၊ စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်၏ အနာဂတ်နိုင်ငံတော်အတွက် အဖိုးမဖြတ်နိုင်သော အမြုတေလည်း ဖြစ်ပါသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)