သတင်း

ကလေး PDF ဆေးတပ်သား ၉ ဦး ထောင် ၁၂ နှစ်စီ ချခံရ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)  ဆေးတပ်သား အမျိုးသမီး  ၉ ဦးကို စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်တွင်း တရားရုံးက အောက်တိုဘာလအတွင်း ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်လိုက်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုကပြောသည်။

နိုင်ငံဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅−က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်များဖြင့် ထောင်ဒ်များ ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။”ပုဒ်မက ၅၀၅−က ရယ် ၊အကြမ်းဖက်မှုပုဒ်မတွေနဲ့ တရားစွဲခံရတာလို့သိရတယ်။ အဲ့ဒီအမှုတွေအားလုံးပေါင်းပြီး တစ်ယောက် ၁၂နှစ်စီ ချလိုက်တာ” ဟု ကလေးမြို့အကျဉ်းထောင်နှင့် နီးစပ်သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ကလေးမြို့ အနောက်တောင်ဘက်ရှိ  PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်စီးပြီး အသက် ၂၀ မှ ၂၈ နှစ်ကြားရှိ မဇမ်ဇိုးဇာမ်၊ မမန်လွန်းဒိမ်း၊

မညောင်ဒွ့န့်ကျင်၊ မမားလ်ဆောမ်ဒေါင်းအီး၊ မလားလ်တန်လွေးအီး၊ မလားလ်လွန်စန်းအီး၊ မလားလ်မွမ်းကိမ်းအီး၊ မဗန်လားရွန်းအီး၊ မလားလ်ပျန်းဖဲလ်အီးတို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

ယင်းတို့ ၉ ဦးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးPDF တပ်ဖွဲ့တွင် ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်နေသူများဟု PDF ကလေးတပ်ဖွဲ့ဝင်များက အတည်ပြုသည်။လက်ရှိတွင် ကျန်းမာရေးကောင်းမွန်ပြီး၊ မိသားစုဝင်များမှာ ကလေးမြို့ပေါ် လုံခြုံရေးအခြေအနေကြောင့် ထောင်ဝင်စာပို့ရန် အခက်ခဲကြုံနေသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

 “ထောင်သွားဖို့ကမလွယ်ဘူး၊ စစ်တပ်စစ်ဆေးရေး ဂိတ်တွေက ဆိုင်ကယ်နဲ့သွားရင် အတင်းစစ်ဆေးတာ၊ အခုကသွားလို့ကို မရတော့ဘူး” ဟု ထိန်းသိမ်းခံရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။ ၂၀၂၁  နိုဝင်ဘာ ၁၆ တွင် ကလေးမြို့အနောက်တောင်ဘက်ရှိ PDF စခန်းကို စစ်တပ်က ဝင်ရောက် စီးနင်းရာ ၃ ဦး အသတ်ခံရပြီး ထို ၉ ဦး သုံ့ပန်းဖြစ်သွားခြင်း ဖြစ်သည်။ 

ကိုဗစ်ကာလ အစောပိုင်းကတည်းက နိုင်ငံအနှံ့အပြားရှိ ထောင်များ၊ အချုပ်ခန်းများကို ဧည့်တွေ့ခွင့် ပိတ်ပင်ထားသောကြောင့် မည်သည့်အကျဉ်းသားမျှ မိသားစုဝင်နှင့် တွေ့ခွင့်မရပေ။ 

အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများ ပို့ခွင့်ကိုမူ ဆက်လက် ခွင့်ပြုထားသည်။၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းသည့်နေ့မှစပြီး စစ်တပ်က ဒေသအသီးသီးတွင် အရပ်သားများ၊အာဏာသိမ်းမှုဆန့်ကျင်သူဟု စွပ်စွဲခံရသူများကို နေ့စဉ် ဖမ်းဆီးနေသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အမျိုးသမီး ၃,၄၀၀ ကျော်ဖမ်းဆီးခံထားရပြီး စစ်ကောင်စီတပ်သားတို့ သတ်ဖြတ်ခဲ့သည့် အမျိုးသမီးအရေအတွက် ၃၀၀ ကျော်ရှိနေသည်ဟု အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာသည်။

၂၀၂၂  နိုဝင်ဘာလ ၂၅ ရက်နေ့အထိ  ဆက်လက် ဖမ်းဆီးခံထားရသူများအနက်မှ ၁၂,၉၇၃ ဦး၏ အချက်အလက်များကို ရရှိထားသည်ဟု အဖမ်းအဆီးများကို  လက်လှမ်းမီသမျှ မှတ်တမ်းတင်နေသော  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)  က ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၁၇ ရက်တွင် အကျဉ်းသား ၆,၀၀၀ နီးပါးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား ၅၃ ဦးသာ ပါဝင်စာရင်းပြုစုနိုင်သည်ဟုလည်း AAPP က ထုတ်ပြန်ထားသည်။စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူများကို AAPP က  နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button