အာဏာသိမ်းမှုအပြီး ၃ နှစ်ခွဲအကြာမှာ လက်နက်ကိုင်တော်လှန်ရေးဟာ ခေတ်အဆက်ဆက် တိုင်းပြည်ကို ကုပ်သွေးစုပ်ပြီး တည်ဆောက်ခဲ့တဲ့ အာဏာရှင်စစ်တပ်ကြီးကို ပီပီပြင်ပြင် ခြိမ်းခြောက်နိုင်နေပြီဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရယ်၊ ‘တလှိုင်းပြီး တလှိုင်းလာမယ်’ ဆိုတဲ့ ဆောင်ပုဒ်တွေရယ်နဲ့ အရှိန်မြှင့်ခဲ့တဲ့နောက်ပိုင်းမှာ စစ်တပ်ဟာ စခန်းတွေ၊ မြို့တွေ၊ အရာရှိတွေ၊ အောက်ခြေစစ်သားတွေကို တစ်နေ့တခြား ဆုံးရှုံးနေရပြီး အတော်လေး အခြေအနေဆိုးနေပြီဖြစ်ပါတယ်။ ဒီအတွက်လည်း ပြည်သူများဟာ စိတ်အားတက်ကြရပါတယ်။
စစ်ရေးမှာ ဒီလောက် တိုးတက်ပြောင်းလဲမှုတွေ များနေသလောက် တော်လှန်ရေးရဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု အပိုင်းမှာတော့ ဖြစ်သင့်သလောက် မဖြစ်ထွန်းနေပါဘူး။ အထူးသဖြင့်တော့ တော်လှန်ရေးကို နိုင်ငံရေးဦးဆောင်မှုပေးရမယ့် NUCC ဟာ စတင်ဖွဲ့စည်းစဥ်က မျှော်လင့်ချက်တွေ ကြီးခဲ့ပေမယ့် လက်တွေ့မှာ အလုပ်ဖြစ်မနေတာပါ။
မြို့သိမ်းတိုက်ပွဲတွေ၊ အရာရှိတချို့ ဖမ်းမိတဲ့ သတင်းတွေ၊ စစ်တပ်က လက်နက်ချပြီး စခန်းအပ်ရတဲ့ ဓာတ်ပုံတွေလို ပြည်သူတွေ လေ့လာနိုင်အောင် မီဒီယာတွေမှာလည်း မဖော်ပြ၊ ဖော်ပြဖို့ရာလည်း ပြည်သူတွေက စိတ်မဝင်စားလေတော့ NUCC ဟာ အလုပ်ကောင်းကောင်းလုပ်ဖို့ ဖိအားမရှိဘဲ အဆင်မပြေရင် မပြေတဲ့ အတိုင်းလေး နေနေခဲ့တာ နှစ်ပေါက်ခဲ့ပါပြီ။ ဒီတိုင်း ကြာကြာဆက်နေရင် တော်လှန်ရေးအတွက် ကောင်းကျိုးမရှိနိုင်ပါ။ အနှစ်အသားရှိရှိနဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတစ်ခုကို အမြန်ဆုံး အကောင်အထည်ဖော်သင့်ပါပြီ။
ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း
ပြီးခဲ့တဲ့ ဧပြီလမှာ ဒုတိယအကြိမ် ပြည်သူ့ညီလာခံ ကျင်းပတဲ့သတင်းကို ပြည်သူများ တစွန်းတစ မြင်တွေ့လိုက်ကြရမှာပါ။ ပြည်သူ့ညီလာခံဟာ တော်လှန်ရေးမှာ အမြင့်ဆုံးသော နိုင်ငံရေးညီလာခံတစ်ခုအဖြစ် ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် ရည်ညွှန်းထားပါတယ်။ ပြည်သူ့ညီလာခံက NUG နဲ့ NUCC ကို ဖွဲ့စည်းအတည်ပြုပေးတာ အပါအဝင် တော်လှန်ရေးရဲ့ မဟာဗျူဟာကျ လမ်းညွှန်မှုတွေကိုလည်း ချမှတ်ပေးတဲ့ အရေးကြီးတဲ့ စုဝေးမှုတစ်ခု ဖြစ်ပါတယ်။
ပြည်သူ့ညီလာခံကို ဦးဆောင်ကျင်းပပေးရတာ NUCC ကပါ။ ပဋိညာဉ်မှာ ၆ လတစ်ခါ ကျင်းပရမယ်လို့ ပြောထားပေမယ့် NUCC ဟာ သူ့ဟာသူ အလုပ်ဖြစ်မနေတာကြောင့် ပထမအကြိမ်ညီလာခံနဲ့ ဒုတိယအကြိမ်ညီလာခံဟာ ၂ နှစ်ကျော် ခြားသွားပါတယ်။ လုပ်မယ့်လုပ်တော့လည်း ဒုတိယအကြိမ်ညီလာခံဟာ ကုပ်ချောင်းချောင်းနဲ့ပဲ ပြီးသွားပါတယ်။ ညီလာခံ မပြီးခင် CRPH ထွက်သွားတာတွေ၊ ဆွေးနွေးပွဲတွေ မပြတ်လို့ ရက်တွေတိုးရတာတွေ၊ ညီလာခံတွင်း အဖွဲ့အစည်းတွေကြား မကျေလည်မှုတွေအကြောင်း သတင်းတချို့မှာ တစွန်းတစဖော်ပြချက်တွေနဲ့ ပြည်သူ့ညီလာခံကြီးဟာ အောင်မြင်သလိုလို မအောင်မြင်သလိုလို အီလည်လည်ကြီး ပြီးဆုံးသွားခဲ့ပါတယ်။ ကြံဖန်တွေးရရင် ပြည်သူတွေ စိတ်မဝင်စားတာပဲ ကံကောင်းတယ်လို့ ဆိုရမှာပါ။
NUCC နဲ့ ပြည်သူ့ညီလာခံမှာ မပါဝင်သေးတဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေ၊ နိုင်ငံတကာအစိုးရတွေ၊ ပြည်သူတွေ၊ နောက်ဆုံး ရန်သူစစ်ကောင်စီကပါ စိတ်ဝင်တစားစောင့်ကြည့်လေ့လာရပြီး တော်လှန်ရေးအတွက် ရလဒ်ကောင်းတွေ သယ်လာနိုင်ဖို့ အလားအလာရှိခဲ့တဲ့ ပြည်သူ့ညီလာခံကြီးက နွေဦးတော်လှန်ရေး နိုင်ငံရေးမြင်ကွင်းမှာ မြောင်းထဲရောက်လုနီး အနေအထားဖြစ်သွားတာဟာ တကယ်တော့ ရောဂါလက္ခဏာသာ ဖြစ်ပါတယ်။ ရောဂါဖြစ်နေတာကတော့ ဒီထက်ကြာပါပြီ။
NUCC ဆိုတာ ပြည်သူ့ညီလာခံ တစ်ခုနဲ့ တစ်ခုကြား တော်လှန်ရေးအလုပ်တွေကို မဟာဗျူဟာချ ဦးဆောင်မှုပေး၊ အာဏာရှင်ပြုတ်ကျပြီး လာမယ့် အစီအမံတွေကို ရေးဆွဲမယ့် တပ်ပေါင်းစုပုံစံ စုဖွဲ့မှုကြီးပါပဲ။ ဒီတော်လှန်ရေးကြီးကို စုပေါင်းခေါင်းဆောင်မှုနဲ့ ဦးဆောင်ပြီး အနာဂတ်အတွက် နိုင်ငံရေးသဘောတူညီချက်တွေ ဆွေးနွေး ရှာဖွေနိုင်ဖို့ပဲ ဖြစ်ပါတယ်။ NUCC မှာ ရွေးကောက်ခံအမတ်တွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ သပိတ်အဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေ၊ ဖက်ဒရယ်ယူနစ်၊ လူမျိုးစုကိုယ်စားပြုအဖွဲ့တွေ၊ ဖက်ဒရယ်ကောင်စီတွေ ပါဝင်ပါတယ်။ NUCC က ထုတ်ပြန်တဲ့ စာရင်းတွေအရ ဒီနေ့ထိ ကောင်စီဝင်အဖွဲ့ဝင် အဖွဲ့အစည်း ၃၀ ကျော် ရှိနေပြီး KNPP, KNU, ABSDF တို့လို လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေလည်း ပါဝင်နေသလို ဖက်ဒရယ်ကောင်စီဆိုတဲ့ ခေါင်းစဥ်အောက်ကနေ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီတို့ ပါဝင်ကြပြီး CRPH, လူဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ သပိတ်အဖွဲ့၊ အရပ်ဘက်အဖွဲ့တွေလည်း ပါဝင်ပါတယ်။
NUCC ဟာ စတင်ဖွဲ့စည်းချိန်မှာ အတော်လေး အားကောင်းမောင်းသန် ပုံစံမျိုးရှိခဲ့ပြီး မျှော်လင့်ချက်တွေ ကြီးကြီးမားမား ထားခဲ့ကြတာပါ။ သို့သော် တခြားတာဝန်တွေ မလုပ်ရသေးခင်မှာပဲ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း ၂ အပေါ် မကျေလည်ကြတဲ့အတွက် ပြန်သုံးသပ်ရင်း ၂၀၂၁ ခု တစ်နှစ်ကို ကုန်ဆုံးစေပါတယ်။ ၂၀၂၁ ဒီဇင်ဘာလမှ ပထမအကြိမ်ပြည်သူ့ညီလာခံမှာ ပြင်ဆင်ပြီး ပဋိညာဉ်အစိတ်အပိုင်း ၁ နဲ့ ၂ ကို အတည်ပြုနိုင်ပါတယ်။ ဒီညီလာခံအပြီးမှာပဲ NUCC အမြုတေဖွဲ့စည်းမှုနှင့် ပဋိညာဉ်ရေးဆွဲရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ Kachin Political Interim Coordination (KPICT) တို့ NUCC ကနေ ထွက်သွားပါတယ်။
အဲ့ဒီနောက်ပိုင်းကစလို့ NUCC ဟာ လူမြင်ကွင်းက ပျောက်ကွယ်သွားပြီး အရေးပါလှတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ၊ နိုင်ငံရေးသဘောတူညီချက်တွေ ဘာမှ မကြားရတော့ပါဘူး။ စတင်ဖွဲ့စည်းစဉ် တော်လှန်ရေးရဲ့ အရှိန်အကောင်းဆုံးအချိန်တွေမှာ လက်တွေ့ တော်လှန်ရေးကိစ္စတွေကို အားစိုက် – အချင်းချင်းကြားယုံကြည်မှု၊ နားလည်မှု တည်ဆောက်ရမယ့်အစား မကျေလည်မှုတွေ၊ မယုံကြည်မှုတွေနဲ့ပဲ NUCC ဟာ ဒီနေ့အထိ ခရီးဆက်နေတာဖြစ်ပါတယ်။ စတင်ဖွဲ့စည်းစဥ်က မပါဝင်သေးတဲ့ အဖွဲ့အစည်းတွေ ပါဝင်လာအောင်၊ ဒီစုဝေးမှုကို လူရိုသေရှင်ရိုသေဖြစ်အောင် လုပ်ပြရမယ့်အစား ပါဝင်တဲ့ အဖွဲ့အစည်းတွေကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်မှု မရှိတော့တာ၊ ကိုယ်စားလှယ်တွေ မှန်မှန်မတက်လို့ အစည်းအဝေးတွေ မဖြစ်မြောက်တာတွေနဲ့ ပါဝင်သူတွေကိုယ်တိုင် NUCC အပေါ် ယုံကြည်မှုလျော့နည်းလာတာတွေရဲ့ လက္ခဏာတွေ တွေ့နေရတာပါ။ NUCC ဟာ မသေမရှင် ဖြစ်နေပါပြီ။
ဒီလိုတွေ ဆက်ဖြစ်နေရင် NUCC ဟာ အရေးပါတဲ့ အားကိုးရမယ့် အဖွဲ့အစည်းအဖြစ်က လျှောကျပြီး အရေးပါတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကို တော်လှန်ရေးရဲ့ တောင်းဆိုချက်အရ လိုအပ်လာတဲ့ အခါတွေမှာ NUCC ကို ရှောင်ကွင်းပြီးသွားကြတော့မှာပါ။ ဥပမာပြောရရင် ဇန်နဝါရီလ ၃၁ ရက်နေ့က KNU, KSPP, CNF နဲ့ NUG တို့ ပူးတွဲထုတ်ပြန်ခဲ့ပြီး နောက်ရက်မှာ KIO က ပါဝင်ထောက်ခံတဲ့ ဘုံသဘောထားထုတ်ပြန်ကြေညာချက်မှာ NUCC မပါလိုက်ပါဘူး။ ဒီနေ့ထိလည်း မပါဝင်သေးတဲ့အပြင် နောင်ကို NUCC ကို အသိမပေးဘဲ ကျော်လွန်ဆောင်ရွက်တာမျိုးမလုပ်ဖို့ ပြည်သူ့ညီလာခံကနေတောင် သတိပေးလိုက်ပါတယ်။
နိုင်ငံရေးအခင်းအကျင်းကို ဦးဆောင်ရမယ့်၊ နိုင်ငံတကာနဲ့ အာဆီယံကို တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့တွေအကြား ညီညွတ်မှုရှိကြောင်း သက်သေပြရမယ့် NUCC က ပြည်သူများအတွက်တောင်မှ ပေါ်တော်မူ ဖြစ်နေပါတယ်။ ဒုတိယအကြိမ် ပြည်သူ့ညီလာခံက NUCC ပြုပြင်ပြောင်းလဲရေး၊ NUG ပြုပြင်ပြောင်းလဲရေးဆိုတာကို ဆုံးဖြတ်ချက်ချ တာဝန်ပေးထားတဲ့တိုင်အောင် ညီလာခံအပြီး NUCC အခြေအနေဟာ ပိုလို့တောင် ဆိုးရွားလာနေပါတယ်။ အောင်မြင်တဲ့ ဆွေးနွေးပွဲတွေဟာ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်စေတယ်၊ ဆွေးနွေးဖက်အပေါ်လည်း ယုံကြည်မှုတက်လာတယ်၊ ဖြစ်စဉ်တစ်ခုလုံးကိုလည်း ယုံကြည်လာစေတယ်လို့ ဆိုကြပေမယ့် NUCC ကတော့ ပြောင်းပြန်အခြေအနေဖြစ်နေပါတယ်။
ပဋိညာဉ်အစိတ်အပိုင်း ၂ ပါ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့သလို လူထုစည်းရုံးရေး၊ မဟာမိတ်စည်းရုံးရေးမှာလည်း မအောင်မြင်ခဲ့ပါဘူး။ လူထုက ဂရုမစိုက်သလို၊ မပါဝင်သေးတဲ့ ERO တွေရဲ့ စိတ်ဝင်တစား စောင့်ကြည့်ခံရတဲ့ အနေအထားလည်း မတွေ့ရတော့ပါဘူး။ ရှမ်းမြောက်မှာ စစ်ရှိန် တိုးလာနေတာဟာ NUCC နဲ့ ဘာမှ မပတ်သက်သလို၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးရဲ့ ကြားကာလအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အရွေ့မှာလည်း NUCC က ဘာသိဘာသာပါပဲ။
၂၀၂၁ အာဏာာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွင် တွေ့ရသည့် ကဗျာဆရာမောင်ဆောင်းခနှင့် ၂၀၂၃ ရန်ကုန်တွင် ပြောက်ကျားဆန္ဒပြနေသည့် ကိုနန်းလင်း (Myanmar Now)
တော်လှန်ရေး သုံးနှစ်ကျော်ကာလဆိုတော နည်းတဲ့ အချိန်မဟုတ်ပါဘူး။ ဒီလို တပ်ပေါင်းစုအလားအလာရှိတဲ့ စုဖွဲ့မှုအတွက် ဆုပ်ကိုင်ခွင့် မရလိုက်တဲ့ အခွင့်အရေးတွေများခဲ့ပါပြီ။ စစ်ကောင်စီက စစ်ရေးနဲ့ အရူးမီးဝိုင်းနေပြီး ရွေးကောက်ပွဲတွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေ အကောင်အထည်မဖော်နိုင်သေးလို့သာ ခံသာနေတာပါ။ ဒီအနေအထားဟာ နောက်ထပ်တစ်နှစ်တောင် ဆက်ဖြစ်ဖို့ မကောင်းပါဘူး။ အလုပ်မဖြစ်မှန်းသိရင် ပြင်သင့်ပါပြီ။
NUCC မှာ ပါနေတဲ့ အစုအဖွဲ့ ၅ ခုက အဖွဲ့ဝင် အဖွဲ့အစည်းတွေကိုယ်တိုင် ဦးဆောင်ပြီး အပြောင်းအလဲကို ဆောင်ကြဉ်းရမှာပါ။ အပြောလွယ်သလောက် အလုပ်ခက်ပါလိမ့်မယ်။ လူထုက စိတ်မဝင်စားတော့ အပြောင်းအလဲအတွက် ခေါင်းဆောင်တွေမှာ ဖိအားမရှိပါ။ ပထမဆုံးခြေလှမ်းကတော့ ပြည်သူကို မျက်နှာမူပါ။ NUCC နာမည်နဲ့တောင် လက်ပွန်းတတီးမရှိတဲ့ (သို့မဟုတ်) ဒီလိုအဖွဲ့မျိုးရှိဖို့ မလိုအပ်ဘူးလို့ ယူဆတဲ့ ပြည်သူတွေကို ဒီလိုစုဖွဲ့မှု လိုအပ်ကြောင်း၊ သေချာအလုပ်ဖြစ်ရင် ဘယ်လောက်တောင် အကျိုးများမှာဖြစ်ကြောင်းနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် NUCC ရဲ့ လက်ရှိအခြေအနေမှန်တွေကို ပြည်သူတွေကို တင်ပြတာက စသင့်ပါတယ်။ Zoom နဲ့ သတင်းစာရှင်းလင်းပွဲလုပ်တာထက်တော့ ပိုအားထုတ်ရပါမယ်။
ပြီးရင် လက်ရှိ NUCC ကို ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ တော်လှန်ရေးရဲ့ နိုင်ငံရေးလိုအပ်ချက်တွေကို အဓိပ္ပာယ်ရှိရှိဖြည့်စွမ်းနိုင်မယ့် တပ်ပေါင်းစု စုဖွဲ့မှုပုံစံဖြစ်အောင် အချိန်မီ အသက်ကယ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမှာပါ။ အချိန်တွေ နှမြောဖို့ကောင်းသလို၊ အခွင့်ရေးပေးတုန်း နောက်ကျမခံဘဲ အပြီးလုပ်ရမယ့် သမိုင်းပေးတာဝန်ဖြစ်ပါတယ်။ သပိတ်ဆိုလည်းမှောက်လိုက်၊ ဘွိုင်းဆိုလည်း ကောက်လိုက်၊ အလှုခံဆိုလည်း ထည့်လိုက်နဲ့ တောင်းဆိုသမျှ တာဝန်ကျေပေးနေတဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ အခုထက် ပိုပြီးသွက်လက်၊ အလုပ်ဖြစ်တဲ့ နိုင်ငံရေးခေါင်းဆောင်မှုမျိုးနဲ့ သေချာပေါက် ထိုက်တန်ပါတယ်။
(ပြင်ပဆောင်းပါးရှင် ‘စိုးကြမ်း’ သည် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသူ လူငယ်တစ်ဦးဖြစ်သည်။)