မေးမြန်းခန်း

CDM များ အနာဂတ်တွင် လစာစုပေါင်းပြီး ရစေရန် NUCC က မူဝါဒရေးဆွဲထား

အာဏာသိမ်းပြီး နှစ်နှစ်ကြာချိန်အထိ CDM များကြောင့် အုပ်ချုပ်ရေးယန္တရားလည်ပတ်မှု ထိခိုက်ခဲ့ရကာ ကျန်းမာရေးကဏ္ဍဆိုလျှင် ဆရာဝန်နှင့် ကျွမ်းကျင်ဝန်ထမ်း ၅၀ ရာခိုင်နှုန်းခန့်ထွက်သွားသည်ဟု စစ်ခေါင်းဆောင်က မကျေမချမ်းပြောနေရဆဲဖြစ်သည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်   လုပ်ငန်းခွင်မှ ထွက်ခွာကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု  (CDM) တွင် ပါဝင်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၏ ဆုံးရှုံးနစ်နာမှု ကုစားပေးမည့် မူဝါဒကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)က ဇန်နဝါရီ ၂၀ တွင် ထုတ်ပြန်သည်။

ထိုမူဝါဒတွင် CDM ဝန်ထမ်းများကို ရာထူးပြန်ပေးမည်၊ အလုပ်မှနုတ်ထွက်ထားသည့် အချိန် ကာလအတွင်း ဆုံးရှုံးသွားသော လစာများတစ်လုံးတစ်ခဲတည်း ပြန်ပေးမည်၊ အိမ်နှင့် အခြား ပိုင်ဆိုင်မှုများပေးမည် စသဖြင့် ပါဝင်သည်။

၂၀၂၁ ဧပြီနောက်ပိုင်းမှ CDM ဝင်ကြသည့် အစိုးရဝန်ထမ်းများကို အကြောင်းပြချက် မခိုင်လုံပါက အရေးယူမည့် သဘောမျိုးကိုလည်း ထိုမူဝါဒတွင် တွေ့ရသည်။ လက်တွေ့တွင် အာဏာသိမ်းပြီး နှစ်နှစ်အတွင်း CDM ဝန်ထမ်းအများစုမှာ လုံလောက်သည့် ထောက်ပံ့မှုများ မရဘဲ ခက်ခဲစွာရပ်တည်နေရသည်။

ထိုမူဝါဒမှာ CDM များအတွက် မည်မျှ အာမခံချက်ရှိမည်၊ CDMများကို အချိန်ကာလ ခွဲခြား သတ်မှတ်သည့် ကိစ္စမှာ မည်သို့သဘောဆောင်သည်၊ CDM မလုပ်ဘဲ အစိုးရဌာနများတွင် ဆက်လက်တာဝန်ထမ်းနေပြီး တော်လှန်ရေးအင်အားစုများထံ စစ်ကောင်စီ အတွင်းရေးများ ပေးပို့နေသူ(ဖရဲသီး)များကို မည်သို့ သတ်မှတ်မည်တို့ကို NUCC အဖွဲ့ဝင် ဦးနန္ဒစစ်အောင်နှင့် တွေ့ဆုံမေးမြန်းထားပါသည်။

ကျောင်းသားခေါင်းဆောင်၊ ဒီမိုကရေစီရေး၊ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူဟု လူသိများပြီး စစ်အုပ်စုကို ဆန့်ကျင်မှုကြောင့် ထောင်ချခံရဖူးသည့် ဦးနန္ဒစစ်အောင်မှာ NUCC တွင် Myanmar Labour Alliance အဖွဲ့ ကိုယ်စားပြု၍ ထိုမူဝါဒကို ရေးဆွဲရာတွင် ပါဝင်သည်။

၎င်းနှင့်မေးမြန်း ထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေကြသည့် ဆရာ၊ ဆရာမများကို မန္တလေးမြို့၌ ၂၀၂၁ ဖေဖော်ဝါရီတွင် တွေ့ရစဉ်။ ဓာတ်ပုံ-Myanmar Now

မေး –  အဓိက ရည်ရွယ်ချက်က ဘာလဲ။ ဒီ မူဝါဒက ဘယ်လောက်အာမခံချက် ပေးနိုင်လဲ၊ CDM ဝန်ထမ်းတွေက ဘာတွေမျှော်လင့်လို့ရလာမလဲ။

ဖြေ – လက်ရှိအုပ်ချုပ်ရေးတည်ဆောက်မှုမှာ CDM တွေရဲ့ပူးပေါင်းပါဝင်မှုတွေနဲ့ လက်ရှိ တော်လှန် ရေးအစိုးရ NUG အားကောင်းကောင်းနဲ့ ဆောင်ရွက်နိုင်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာဖို့ ၊ ပျက်စီးနေတဲ့ နိုင်ငံဝန်ထမ်းစနစ်ဟောင်း နေရာမှာ CDM တွေရဲ့ စံတန်ဖိုးတွေကိုသယ် ဆောင်ပြီး ဂုဏ်သိက္ခာရှိတဲ့ တရားမျှတမှု လိုလားတဲ့နိုင်ငံဝန်ထမ်း စနစ်တစ်ရပ်ပေါ်လာဖို့ ဒီရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့က ဒီမူဝါဒကိုရေးတာပါ။

တော်လှန်ရေးကာလဖြစ်တဲ့အတွက် တချို့အလုပ်တွေကို လုပ်ကိုလုပ်ရမယ်ဆိုတာရှိတယ်။ ဒါတွေကို လုပ်တဲ့အခါ နှုန်းစံတွေရှိတယ်၊ မြေပြင်အခြေအနေတွေရှိတယ်၊ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေရှိတယ်။ ကျွန်တော်တို့က ဒီအခြေအနေတွေအောက်ကနေ ဘယ်လောက်အကာကွယ် ပေးနိုင်မလဲ။ပြီးတော့ တစ်ဖက်မှာ ကူညီမှုတွေဆောင်ရွက်ရမှာရှိတယ်။ နောက် Non- CDM တွေရဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်မှုတွေကို တားဆီးနိုင်ဖို့လိုတယ်။ 

ဒါတွေအတွက်ခြေလှမ်းတစ်ရပ်စလိုက်တာဖြစ်ပါတယ်။ ဘယ်လောက် အကာကွယ်ပေးနိုင် မလဲကတော့ တော်လှန်ရေးရဲ့အကန့်အသတ်တွေအောက်ကနေ ကြိုးစားကြရတာပေါ့။ တော်လှန်ရေးရဲ့ အရေးကြီးတဲ့အလွှာတစ်ခုဖြစ်တဲ့အတွက် သူတို့ကို အကာကွယ်ပေးနိုင်ဖို့က တော်လှန်ရေးအောင်မြင်ဖို့ရဲ့အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ အတတ်နိုင်ဆုံးတော့ တိုးမြှင့်ဆောင်ရွက်ရမှာပါ။

ဒီမူဝါဒကနေ ကျွန်တော်တို့က CDM အင်အားစုတွေနဲ့ပတ်သက်ပြီး ခိုင်ခိုင်မာမာစဉ်းစားနေတယ် ဆိုတာကိုပြောတာပါပဲ။ နောက် CDM တွေအပေါ် ဖိနှိပ်တာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်တယ်။ အကြမ်းဖက်မှုတွေ ရာဇဝတ်မှုတွေပြုလုပ်တာကို ပြန်လည်အရေးယူမယ့် လုပ်ငန်းစဉ်ရှိတယ်ဆိုတာ အသိပေးတာပါ။

တစ်ဖက်က အနိုင်ကျင့်ခွင့်ရှိပြီးတော့ အနိုင်ကျင့်တာကို တားဆီးနိုင်တဲ့ယန္တယားမရှိဘူးဆိုတဲ့ အမြင်အပေါ် တားဆီးနိုင်တဲ့ယန္တယားကို ဖော်ပြတာပါ။ ပြည်သူလူထုရဲ့ တော်လှန်ရေးအပေါ် ဘယ်လောက်ယုံကြည်လဲ၊ မယုံကြည်ရင် ကျူးလွန်လို့ရတယ်၊ ကျူးလွန်ရင် သက်ဆိုင်ရာအပြစ်နဲ့တွေ့မှာပဲ။ ယုံရင်တော့ ထိန်းသိမ်းရမယ့်အခြေအနေတစ်ရပ်ဆိုတာ CDM တွေကို ဖိနှိပ်နေသူတွေစဉ်းစားရမယ့် အခြေခံပေါ့။

ကျောင်းသားအရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသည့် ဦးနန္ဒစစ်အောင် ၂၀၁၆ ခုနှစ်တွင် ပဲခူးတိုင်း သာယာဝတီခရိုင်တရားရုံးသို့ တရားရင်ဆိုင်ရန်ရောက်ရှိလာစဉ်။ ဓာတ်ပုံ-EPA

မေး –  CDM ဝန်ထမ်းတွေရဲ့နစ်နာမှုကို ပြန်လည်ကုသစားဖို့ မူလရာထူး ပြန်ပေး မယ်၊ လစာတွေ တစ်ပေါင်းတည်းပေးတာကနေ လူနေအိမ်၊ မြေယာနဲ့  အခြားပိုင်ဆိုင်မှုတွေ ပေးမယ်လို့ မူဝါဒမှာ တွေ့ရပါတယ်။ ဒါတွေက ဘယ်လောက်ထိ လက်တွေ့ကျနိုင်မလဲ။ အငြင်းပွားမှုတွေဖြစ်မလာအောင် ဘယ်လိုလုပ်မလဲ။

ဖြေ –  ဘယ်လောက်လက်တွေ့ကျမလဲဆိုတာထက် ကျွန်တော်တို့ မဖြစ်မနေလုပ်ကို လုပ်ရမယ့်အလုပ် တွေလို့မြင်တယ်။ ဒီတော်လှန်ရေးမှာ စစ်အာဏာရှင်ရဲ့ရက်စက်မှုဟာ လူမဆန်ဘူး၊ ကြမ်းတမ်းတယ်၊ ဒါကမြင်သာတဲ့ကိစ္စပါ။ CDM တွေကို ပုံစံအမျိုးမျိုးနဲ့ဖမ်းဆီးတာ၊ ထောင်ချတာ၊ ရက်ရက်စက် သတ်ဖြတ်တာ၊ အိုးအိမ်တွေ မိသားစုတွေထိ ဖြိုခွဲတာတွေ ရှိတယ်။

ဒီကာလမှာ CDM တွေက မိသားစုတစ်ဖက်နဲ့ ဝမ်းစာရှာဖွေဖို့ ရုန်းကန်ရတယ် တစ်ဖက်မှာ တော်လှန်ရေးအတွက် ရုန်းကန် တိုက်ပွဲဝင်ရတယ်။ ဒီကာလတွင်း ဆုံးရှုံးသွားတာတွေကို ပြန်လည်ကုစားပေးဖို့ တာဝန်က မဖြစ်မနေ စဉ်းစားရမယ့်ဟာပါ။ ဒါက လုပ်နိုင်မလား မလုပ်နိုင်ဘူးလားဆိုတာထက် လုပ်ကိုလုပ်ရမယ့်ဟာလို့မြင်ကြဖို့လိုတယ်။ တစ်ခုတော့ရှိတယ်။ ဒါက တော်လှန်ရေးအောင်မြင်မှုနဲ့တွဲရှိ နေတဲ့ ကိစ္စလည်းဖြစ်ပါတယ်။

အငြင်းပွားမှုတွေကတော့ မလွဲမသေရှောင်မရတဲ့ကိစ္စပါ။  ဒီလိုကိစ္စတွေကိုင်တွယ်ဖို့က ကြိုတင်ပြင် ဆင်မှုတွေလုပ်ကြရမှာပါ။ မှတ်တမ်းတွေ စာရင်းတွေရှိဖို့လိုတယ်။ ဒါတွေကို ဒီမူဝါဒအောက်ကနေ ပြင်ဆင်ဖို့လိုတယ်။ အငြင်းပွားမှုဖြစ်နိုင်တာတွေကို စဉ်းစားပြီး အဖြေရှာဖို့ကြောင့်လဲ CDM မူဝါဒပေါ်ထွန်းရေးကအရေးကြီးတာပါ။

တစ်ခုတော့ရှိတာပေါ့။ ဒါက မူဝါဒအဆင့်ပဲရှိသေးတယ်။ ကျွန်တော်တို့ NUCC က မူဝါဒ ၄ ချက်နဲ့ အတည်ပြုတာပါ။ JCC-CDM က အတည်ပြုလိုက်တာတော့ မူဝါဒစာတမ်းပေါ့။

အဲဒါကိုအခြေခံပြီး ဥပဒေတွေ၊ နည်းဥပဒေတွေ စဉ်းစားရမှာပေါ့။ JCC-CDM ဖွဲ့စည်းတာကလည်း ဒီလိုကိစ္စတွေအတွက်ပဲ။ ရှုပ်ထွေး တဲ့အခြေအနေတွေ ကြုံရမှာကို ဒါက ကြိုတင်ပြင်ဆင်တဲ့ ခြေလှမ်းတစ်ရပ်ပါပဲ။

ဇန်နဝါရီ ၂၀ရက်တွင် ထုတ်ပြန်သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏ နိုင်ငံ့ ဝန်ထမ်း CDM မူဝါဒ။

မေး –  ၂၀၂၁၊ ဧပြီလနောက်ပိုင်း CDM ဝင်လာတဲ့သူတွေကို တဆင့်နှိမ့်ပြီး နောက်ချန် စဉ်းစားမယ့်သဘော ဒီမူဝါဒမှာ တွေ့ပါတယ်။ သင့်တော်တဲ့ ခိုင်လုံမှုမရှိပါက Non-CDM အဖြစ်သတ်မှတ်မယ်၊ ဌာနတွင်း စစ်ဆေးပြီးအပြစ်ထင်ရှားရင် အရေးယူမယ်” ဆိုတာမျိုးပါ။ ဒါက ဧပြီနောက်ပိုင်းမှ CDM လုပ်လာသူတွေအတွက် စိုးရိမ်စရာ ဖြစ်လာမလား၊ CDM လည်းလုပ်တယ်၊ ရာထူး ခံစားခွင့်တွေစွန့်ပြီး ခက်ခက်ခဲခဲရှင်သန် ရတယ်။ ပြီးတော့ အရေးယူခံရနိုင်တယ်ဆိုတဲ့ သဘောမျိုးဖြစ်နေပါတယ်။

ဖြေ –  ကျွန်တော်မြင်တာကတော့ ဒီမူဝါဒစာတမ်းကို စတင်စဉ်းစားလာတာက CDM တွေက စဉ်းစားလာတာဆိုတော့ သူတို့ကြုံတွေ့ရတဲ့ ပိုင်းဖြတ်မှုပေါ့။ ဧပြီ ရှေ့နဲ့နောက်ဆိုတာက  အခြေအနေတစ်ခုအရ ပိုင်းခြားထားတဲ့ဇုန်တစ်ခုလို့ မြင်တယ်။

တစ်ခုက CDM လုပ်တဲ့သူချင်းတော့ ခွဲခြားဆက်ဆံမှုမရှိမှာသေချာပါတယ်။ ဒီလူတွေက အမှန်တရားနဲ့တရားမျှတမှုအတွက်ရုန်းကန်ခဲ့သူတွေဖြစ်တယ်၊ ဒါကိုသာမလိုချင်ဘူးဆိုရင် တန်ဖိုး မထားရင် ဒီလောက်ထိအပင်ပန်းခံစရာမလိုဘူးလေ။  Non-CDM ဘဝနဲ့ သူတို့ဘဝကို ပုံမှန်လစာ၊ အခွင့်အရေးနဲ့ နေထိုင်သွားလို့ရတာပဲ။ အဲ့လိုနေလို့ရလျက်နဲ့ ဂုဏ်သိက္ခာရှိတဲ့ တရားမျှတမှုကိုလိုလား တဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေအဖြစ်တိုက်ပွဲတွေနေကြတာဖြစ်တယ်။

ဒါကြောင့် အမှန်တရားနဲ့တရား မျှတမှုကိုရှာဖွေနိုင်မယ့်နည်းလမ်းတွေကိုတော့ သူတို့မတွန့်ဆုတ်ဘူးလို့မြင်ပါတယ်။ CDM တွေရဲ့ ပါဝင်မှုသဘာဝအရ ကာလခွဲခြားထားတာလို့မြင်တယ်။ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ဖော်ဆောင်ရေးအတွက် လုပ်ရမယ့် စိစစ်‌ဆောင်ရွက်ရမယ့် လုပ်ငန်းအဆင့်ဆင့် ပေါ်လာမှာပါ။  ဒါကြောင့်ထိခိုက်စရာ‌သိပ်မရှိပါဘူးမြင်ပါတယ်။

ပြီးတော့ အဆင့်ဆင့်ဆောင်ရွက်တဲ့အခါ စစ်ကောင်စီလုပ်သလို စစ်အုပ်ချုပ်ရေးနဲ့ အရေးယူနေတာ မဟုတ်ဘူး၊ ပြန်လည်တင်ပြခွင့်၊ဆွေးနွေးခွင့်တွေနဲ့ တည်ဆောက်တာကိုး။ ဒီတော့ ကြီးမားတဲ့ပြစ်မှုတွေ ကလွဲလို့ ဥပမာ တိုက်ရိုက်ပါဝင်ထားတာ၊ လူ့အခွင့်အရေး ချိုးဖောက်တာ ရာဇဝတ်မှုတွေမှာ ကိုယ်တိုင် ကျုးလွန်ထားတဲ့ အထောက်အထားရှိတာက လွဲလို့ ကျန်ကိစ္စအားလုံးက အပြန်အလှန်ဆွေးနွေးတင်ပြမှုတွေနဲ့တည်ဆောက်ထားလို့ အကာကွယ်ပေးနိုင်လိမ့်မယ်။ ဒါကြောင့် CDM သဘာဝအရ ကာလ ခွဲခြားပေမဲ့တိကျတဲ့ စစ်ဆေးမှုတွေ အကာကွယ်ပေးမှုတွေ ခိုင်ခိုင်မာမာရှိမယ်လို့အာမခံနိုင်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ရဲတပ်ဖွဲ့ဝင်များကို ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

မေး –  တော်လှန်ရေးအချိန်တစ်ခုကြာလာတဲ့အခါ တပ်၊ရဲအပါအဝင် နိုင်ငံဝန်ထမ်းတွေထဲမှာ တော်လှန်ရေးအင်အားစုတွေကို အတွင်းသတင်းတွေပေးနေတဲ့ “ဖရဲသီး” လို့ခေါ်တဲ့ လူတွေရှိလာတယ်။ သူတို့ အတွက်က‌ရော ဘယ်လိုစဉ်းစားချက်ရှိမလဲ။

ဖြေ –  တော်လှန်ရေးကာလဖြစ်တဲ့အတွက် ဖရဲသီးတွေရဲ့ အခန်းကဏ္ဍက စာရင်းတွေတော့ ထွက်လာလို့ရမှာမဟုတ်ဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တော်လှန်ရေးအင်အားစုတွေက ကိုင်တွယ်ကြရမှာရှိတာကိုး။ ဒါတွေက လျှို့ဝှက်ချက်တွေပါ ပေါက်ကြားလို့လည်းမရဘူး၊ အချက်အလက်တွေလည်းစုစည်းလို့ရမှာမဟုတ်ဘူး။ မှတ်တမ်းတွေတော့ ရှိကြပါတယ်၊ ကျွန်တော်သိသလောက် ကာလတစ်ခုရောက်တဲ့အခါ တော်လှန်ရေးအင်အားစုတွေက တာဝန်ခံပြီးထွက်ပြောကြရမှာဖြစ်ပါတယ်။

ဘယ်သူက ဖရဲသီးဖြစ်တယ်ဆိုတာ သူတို့နဲ့ဆက်စပ်ဆောင် ရွက်နေတဲ့ အဖွဲ့အစည်းတွေက ထွက်ပြောကြရမှာပါ၊ ဒီအတွက်လည်း ယန္တယားက အသင့်ဖြစ်မယ် ထင်ပါတယ်။ တော်လှန်ရေးမှာ ရန်သူရဲ့အခြေအနေတွေကိုအသိပေးနေတာဖြစ်တဲ့အတွက် ဖရဲသီး တွေရဲ့အခန်းကဏ္ဍက အရမ်းအရေးကြီးပါတယ်။ ဖိနှိပ်ရက်စက်မှုပြင်းထန်တဲ့စစ်အာဏာရှင်ရဲ့အတွင်းစည်းမှာ ရုန်းကန်တိုက်ပွဲဝင်ရတယ်ဆိုတာ အတော်လဲသတိကြီးရတဲ့ အခြေအနေပါ။

ကျွန်တော်တို့ဆွေးနွေးမှုတွေမှာလည်း ဖရဲသီးတွေနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြတာရှိပါတယ်။ ဥပဒေရေးဆွဲ တဲ့အခါ သီးခြားဥပဒေတွေနဲ့အကာကွယ်ပေးကြ ရမှာဖြစ်ပါတယ်။ ဒါတွေက ဥပဒေ နည်းဥပဒေတွေ ဆွဲတဲ့အခါ ပေါ်လာမယ့်ကိစ္စတွေပါ။ သူတို့နဲ့ပတ်သက်ပြီး  ကျယ်ကျယ်ပြန့်ပြန့် မညွှန်းကြဘူးဆိုတာက ဖရဲသီးတွေအပေါ်ရှိလာမယ့်ဖိအား‌တွေကြောင့်ပါ။

၂၀၂၁ ဖေဖော်ဝါရီတွင် ရန်ကုန်မြို့၌ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် မီးရထားဝန်ထမ်းများ။ မီးရထားကျွမ်းကျင်လုပ်သားများ အလုပ်ထွက်ကုန်၍ စစ်ကောင်စီ အခက်တွေ့နေသည်။

မေး –  Non-CDM ဝန်ထမ်းတွေကို အရေးယူမှုနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိနေကြတယ်။ တချို့ကလည်း ဒီမူဝါဒပါအချက်တွေက ပြင်းထန်တယ်လို့ မြင်ကြတယ်။ CDM ဝန်ထမ်းတချို့ကလည်း ပျော့တယ်လို့ မြင်ကြတယ်။ Non-CDM တွေအတွက်ကလည်း တော်လှန်ရေးအောင်မြင်ရင် သူတို့ အရေးယူခံရမယ်ဆိုတော့ တော်လှန်ရေးအင်အားစုတွေဘက်ကို နောက်ကွယ်က ထောက်ပံ့ ကူညီနေလည်း မထူးဘူး ဆိုတဲ့ စိတ်ဝင်သွားနိုင်မလား၊ ဘယ်လိုရှုမြင်ထားပါသလဲ။

ဖြေ –  ဒီကိစ္စကို ၂ ဖက်စလုံးက တုံ့ပြန်ကြတယ်။ တစ်ပိုင်းကတော့ ဒီဟာက မူဝါဒဗျ။ မူဝါဒနဲ့ ဥပဒေကို သဘော နည်းနည်းရောထွေးတဲ့အခြေအနေရှိတယ်။ ဒါကြောင့် NUCC က အတည်ပြုတဲ့အခါ မူဝါဒ ၄ ချက်ကိုပဲ ထုတ်နှုတ်ပြီးအတည်ပြုထားတယ်။ မူဝါဒကနေ အသေးစိတ်အခြေအနေကျ ဥပဒေ၊ နည်းဥပဒေဆွဲတဲ့အခါ ပေါ်လာမယ့်ကိစ္စတွေပါ။ ဒါကိုစောင့်ဖို့လိုပါတယ်။ ဒါကိုပျော့ပြောင်းတယ်မြင်ရင် ဥပဒေ၊ နည်းဥပဒေတွေပေါ်လာရင် ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ ဒုတိယအဆင့်က အရေးကြီးတာပါ။ ဒါက ကောင်းတာလုပ်ရင် ကောင်းတာခံစားရမယ်။ မကောင်းတာလုပ်ရင်မကောင်းတာခံစားရမယ်ဆိုတဲ့ လုပ်ငန်းစဉ် ကိုပဲ ညွှန်းတာပါ။ မူဝါဒကို မူဝါဒလို့ပဲကြည့်တယ်ဆိုရင် ရှင်းလင်းသွာပါလိမ့်မယ်။

ကျွန်တော်တို့က အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရှာဖွေရေးလုပ်ငန်းစဉ် (Transitional Justice -TJ) လိုတယ်ပြောတာ။ ဒီ TJ လုပ်ငန်းစဉ်ကိုဖြတ်သန်းတာက အပြစ်ပေးတာပြင်းထန်တယ်လို့ မြင်တာလား၊ မှားတာ ကို မှားတယ်လို့ လက်ခံဖို့လိုတယ်၊ မမျှတတာကို မမျှတဘူးလို့လက်ခံဖို့လိုတယ်၊ ဂုဏ်သိက္ခာနဲ့မညီခဲ့ဘူး ဆိုတာ လက်ခံဖို့လိုတယ်၊ ဒါအပြစ်ရဲ့သဘောပဲ။ ကောင်းမှုဆိုးမှုရဲ့နောက်မှာ ကောင်းမှုဂုဏ်နဲ့ဆိုးပြစ်ဒဏ်တော့ရှိရမှာပါ။

နောက်စဉ်းစားပုံကတော့ နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့စဉ်းစားတာပါ။ 

နိုင်ငံ့ဝန်ထမ်းဥပဒေအရ ဝန်ထမ်းစည်းကမ်းနဲ့ကိုင်တွယ်တာပါ။ သတ်မှတ်ထားတဲ့လုပ်ထုံး လုပ်နည်းတွေရှိ ပါတယ်။ စုံခုံဖွဲ့စည်းရတာတွေရှိတယ်၊ စုံခုံမှာ ဖြေရှင်းရတာတွေရှိမယ်။ ဒီတော့ စစ်အာဏာရှင်ရဲ့ဒေါက်တိုင်အဖြစ်ပါဝင်မှုအပြင်းအပျော့ပေါ်မူတည်ပြီး TJ လုပ်ငန်းစဉ်ရော နိုင်ငံ့ဝန်ထမ်းဥပဒေလုပ်ငန်းစဉ်ရော ရှိပါတယ်။  အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ရာဇဝတ် မှုတွေကို စစ်ကောင်စီနဲ့တွဲပြီးတော့ ပြောင်ပြောင်တင်းတင်းကျုးလွန်တဲ့ဟာတွေ ဒါတွေကတော့ သေချာတာပေါ့။

ဒီမှာ  Non-CDM ဆိုတာက တစ်ဖက်ကကြည့်ရင် အုပ်ချုပ်ရေးယန္တယား၊ အစိုးရ ယန္တယားဆိုတာလည်း မြင်ဖို့လိုတယ်။ Non-CDM တွေနဲ့ တည်ဆောက်ထားတာ။  စစ်ကောင်စီက ဒီယန္တယားကိုသုံးပြီး ဖိနှိပ်တာ ဖြစ်တယ်။ ဒီဖိနှိပ်မှုမှာပါဝင်တဲ့သူတွေအနေနဲ့ အကြမ်းဖက်မှုတွေ လူ့အခွင့်အရေးချို့းဖောက်မှုတွေ၊ ရာဇဝတ် မှုတွေကိုလုပ်ရင်တော့   မလွဲမသေ ကျွန်တော်တို့က အရေးယူ ကိုယူရမယ့်ကိစ္စတွေဖြစ်ပါတယ်။

ဒါက CDM တစ်ခုတည်းအ‌ပေါ်ကျူးလွန်တာမဟုတ်ဘူး။ ပြည်သူလူထုကို ကျူးလွန်တာဖြစ်တယ်။ ဥပမာ ထွေအုပ်ကနေ ကျူးလွန်တာက ပြည်သူလူထုတစ်ရပ်လုံးအပေါ် ကျူးလွန်တာဖြစ်တယ်။ CDM တစ်ခုတည်းကို ကျူးလွန်ထားတာ မဟုတ်ဘူး။ သူတို့ကို Non-CDM အနေနဲ့ပဲကြည့်ရမှာလား၊ ပြည်သူလူထုကိုဖိနှိပ်တဲ့ အစိုးရယန္တယားရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပူးပေါင်းပါဝင်သူတွေအဖြစ်ကြည့်ရမှာလားဆိုတာပါ၊ ဒီကနေ့  စစ်ကောင်စီက အာဏာသိမ်းထားတယ်ဆိုတာက နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ထားတာပါ။ နိုင်ငံတော်ပုန်ကန်မှုမှာပါဝင်နေတဲ့ယန္တယားအဖြစ် ကျွန်တော်တို့က ရှုမြင်ဖို့လိုတယ်ဆိုတာ ပကတိအမှန်တရားပါ။

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု၌ အစောဆုံးပါဝင်၍ စစ်ကောင်စီကို ၂၀၂၁ ဖေဖော်ဝါရီတွင် ဆန့်ကျင်ဆန္ဒပြနေသည့် ရဲအုပ် ခွန်အောင်ကိုကို (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

မေး –   CDM မလုပ်တဲ့ဝန်ထမ်းတွေဘက်က ဒါနိုင်ငံရေးကိစ္စတွေဖြစ်တယ်။ ကိုယ်နဲ့မဆိုင်ဘူး ဝန်ထမ်း ဆက်လုပ်တာက အပြစ်ဖြစ်ရလား လုပ်ခွင့်မရှိဘူးလား ဆိုတာမျိုး၊ တော်လှန်ရေးအင်အားစုတွေဘက် က အသာစီးရ(တော်လှန်ရေးအောင်မြင်) ရင်ကော နေရင်းထိုင်ရင်းအရေးယူခံရမှာလားဆိုတာမျိုး စဉ်းစားချက်မျိုးရှိကြတယ်၊ ဘယ်လိုမြင်ပါသလဲ။

ဖြေ –  ဒီမှာ ထည့်သွင်းစဉ်းစားရမှာကတော့ ဟောင်းမြေ့နေတဲ့ဝန်ထမ်းစနစ်ကြီးပေါ့။ လူ့ဂုဏ်သိက္ခာနဲ့ တရား မျှတမှုကို ချစ်မြတ်နိုးတဲ့နိုင်ငံ့ဝန်ထမ်းစနစ်ကို ထူထောင်မယ်ဆိုတဲ့အခြေခံကိုဆုပ်ကိုင်နိုင်ဖို့လိုတယ်။

အစိုးရတစ်ခုအောက်မှာ အလုပ်လုပ်ရတယ်ပြောတော့ ဒီစစ်အာဏာရှင်က အစိုးရလား။ လက်နက်နဲ့ အာဏာသိမ်းတာနဲ့အစိုးရဖြစ်သွားတာလား။ တရားမျှတမှုနဲ့အမှန်တရားကိုသာ မကာကွယ်ရင် အားကြီးသူနောက် လိုက်တဲ့ယန္တယားကြီးပဲ ပေါ်မှာပေါ့ဗျ။ ကိုယ့်ကိုထိခိုက်နိုင်တဲ့ဘက်ကိုလိုက်တယ်။ အကြောက်တရားကြီးစိုးလို့ ပေါ်လာတဲ့အဂတိပဲ။

ကျွန်တော်တို့ အလုပ်သမားအခွင့်အ‌ရေးတွေမှာ   အလုပ်လုပ်ခွင့်ရှိသလို အလုပ်မလုပ်ခွင့်လည်းရှိပါတယ်။ အလုပ်လုပ်ခွင့်ဆိုတာက တရားမဝင်တဲ့ အလုပ်တွေသွားလုပ်ရင် ဒါအလုပ်လုပ်ခွင့်ဥပဒေနဲ့တော့မဆိုင်ဘူးလေ။ တရားမဝင်အလုပ်တွေမှာ လုပ်တဲ့သူတွေကို ကြံရာပါ အဖြစ် တရားစွဲကြတာပဲလေဗျာ။ ဥပမာ ဘိန်းထုတ်တဲ့ သူ‌တွေဆီမှာလုပ်တယ်ပေါ့ဗျာ။ ဘိန်းချက်တာကို ငါတို့က အလုပ်လုပ်ခွင့် ရှိတယ်လို့တော့ ပြောလို့မရဘူး ဘိန်းချက်ခြင်းကိုက တရားမဝင်တာ ဖြစ်တဲ့အတွက် လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် အဲဒီလုပ်ငန်းမှာပါတဲ့လူတွေက ပြစ်မှုကြံရာပါပဲဗျ။

အဲဒီတော့ အများစု နဲ့ဆိုင်တဲ့ကိစ္စတွေမှာ ကိုင်တွယ်ဖို့ခက်ကြတာမှန်ပါတယ်။ လူ့အဖွဲ့အစည်းမှာ လူတစ်ယောက်က ပြစ်မှုကျူးလွန်တယ်ဆို သူ့ကိုအပြစ်ပေးလို့ရတယ်။ လူအများစုက ပြစ်မှုကျူးလွန်တယ်ဆို ဘယ်လိုပြစ်မှု ပေးမှာလဲဆိုတာ စိန်ခေါ်မှုရှိတယ်ပေါ့ဗျာ။ အဲ့ဒါကြောင့် TJကို ထည့်သွင်းအဖြေရှာကြတာပေါ့ဗျာ။

မေး –  စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်တာကာလအတွင်းမှာ CDM ဝန်ထမ်း တွေကို NUG ကရော တော်လှန်ရေးအင်အားစုတွေကပါ  ထောက်ပံ့မှု အနည်းငယ်သာလုပ်နိုင် တာတွေ့ရပါတယ်။ ဒီအခြေအနေမှာ CDM ဝန်ထမ်းတွေက စားဝတ်နေရေးကို ဆက်လက် တောင့်ခံထားနိုင်ဖို့ ခက်ခဲနေကြပါတယ်။ တော်လှန်ရေးမအောင်မြင်ခင် ကာလမှာ အဲဒီလို CDMတွေက မူဝါဒထဲက ဘယ်အချက်တွေ ခံစားခွင့်ရမှာလဲ။

ဖြေ –  သမ္မတကြီးရဲ့ပြီးခဲ့တဲ့ ထုတ်ပြန်တာတွေမှာ ခြေလှမ်းတွေ စလှမ်းနေတာ မြင်ရပါတယ်။ မဖြစ်မနေ စလုပ်ရမှာက CDM ထောက်ပံ့ရေးပေါ့။ ဟုတ်တယ် တစ်စုံလုံးကို ထောက်ပံ့နိုင်ဖို့ အခက်အခဲဖြစ်ကြတယ်။ ကျွန်တော်မြင်တာတော့လုံလောက်တဲ့ထောက်ပံ့မှုမရှိကြဘူး။  ထောက်ပံ့နိုင်မယ့်နည်းလမ်းကို တိုးမြှင့်ရှာဖွေကြဖို့လိုတယ်။

တော်လှန်ရေးဖြစ်လာတဲ့အခါ တော်လှန်ရေးတစ်ရပ်လုံးရဲ့ ဘဏ္ဍာရေးလိုအပ်ချက်က တအား ကြီးပါတယ်။ဒီနှစ်ထဲမှာ နိုင်ငံတကာထောက်ခံမှု မြင့်တက်သလို ပူးပေါင်းဆောင်ရွက်မှုတွေ NDAA လိုကိစ္စမျိုးတွေလည်းရှိလာတော့ ပိုမိုထိရောက်တဲ့ ပံ့ပိုးမှုတွေ ရှိလာမယ်မြင်ပါတယ်။

အရင်ကတော့ နိုင်ငံတကာကပြည်တွင်းကို NGOs,INGOs တွေကနေ လှူကြတဲ့အခါမှာ သူတို့ကလည်း တကယ် စစ်ပွဲဖြစ်နေတဲ့ဧရိယာတွေ ပဋိပက္ခဖြစ်နေတဲ့နေရာတွေ ဆင်းဖို့မလွယ်ဘူး၊ စစ်ကောင်စီက အရေးယူတာကိုး၊ ဖမ်းမှာကိုးဗျ။ ဒီတော့တကယ်လိုအပ်နေတဲ့နေရာတွေကို သူတို့လက်လှမ်းဖို့ မလွယ်ဘူးပေါ့ဗျာ။

ဒီနှစ်ထဲမှာတော့ နိုင်ငံတကာကထောက်ခံမှု အားကောင်းလာတာနဲ့အမျှ တစ်ဖက်ကလည်း တိုက်ရိုက်ပံ့ပိုးနိုင်မယ့်နည်းလမ်းရှာလာကြတဲ့အခါ လက်တွေ့ကျတဲ့ကူညီပံ့ပိုးမှုပြုနိုင်‌ရေး ယန္တရားသာ တည်ဆောက်နိုင်မယ်ဆိုရင်တော့ နည်းနည်း ခုသာခံသာ ရှိလာမယ့်ခြေလှမ်းတွေဖြစ်လာမှာမယ်မြင်ပါတယ်။

နောက် နိုင်ငံ့ဝန်ထမ်း CDM တွေက အုပ်ချုပ်ရေးယန္တရားအသီးသီးမှာ ပါဝင်လာတဲ့အတွက် NUG ရဲ့ အုပ်ချုပ်ရေးယန္တရားတည်ဆောက်လာနိုင်တယ်ပေါ့ဗျာ။ ကူညီရေးနဲ့ ကာကွယ်ရေးကိစ္စတွေက အခြေ အနေအရတော့ ပိုအားကောင်းလာပြီ၊ လုပ်နိုင်စွမ်းပိုမြင့်လာတယ်ပေါ့ဗျာ။

မေး –  ဒီမူဝါဒမှာ ကျောင်းသား CDM နဲ့ ပုဂ္ဂလိက CDM တွေအတွက် သီးခြားထည့်သွင်းရေးဆွဲထားတာ မတွေ့ရပါဘူး။ နောက်ထပ်မူဝါဒတွေ ထပ်ထွက်လာဖို့ရှိမလား။

ဖြေ –  ဟုတ်ပါတယ်။ သူတို့အတွက်က  မူဝါဒသက်သက်ထွက်မှာပါ။ မူလတုန်းက အားလုံးတစ်ပေါင်းတည်း ထွက်နိုင်ဖို့ CDM မူဝါဒအဖြစ်စဉ်းစားကြတာပေါ့။ဒါပေမဲ့ သဘာဝမတူတာတွေရှိတယ်၊ နိုင်ငံ့ဝန်ထမ်း နဲ့ပုဂ္ဂလိက ဝန်ထမ်းသဘာဝချင်းမတူဘူး။ ကျောင်းသား CDM ကလည်း သဘာဝမတူဘူး။ ဒါကြောင့် မူဝါဒသီးခြားစီထွက်မယ်လို့ သိထားပါတယ်။ သက်ဆိုင်ရာ ပုဂ္ဂလိကဝန်ထမ်းတွေနဲ့ ကျောင်းသားတွေကိုယ်တိုင် ဆွေးနွေး အဖြေရှာကြရမယ့် ကိစ္စဖြစ်ပါတယ်။

မေး –  CDM မူဝါဒဟာ မူကနေ လုပ်ဆောင်ချက်ဖြစ်လာဖို့ ဘယ်လောက်နီးစပ်နေပြီ လဲ၊ လက်တွေ့ ဘယ်လောက်အလုပ်ဖြစ်နိုင်မလဲ။

ဖြေ –  ဒါတွေက လုပ်ကိုလုပ်ရမယ့်ကိစ္စတွေပဲ။ ရောထွေးမှုရှိနိုင်ပေမဲ့  ဒီအစိတ်အပိုင်းတွေက အတိုးအလျှော့ ရှိနိုင်ပါတယ်။ မြေပြင်အခြေအနေအရ လိုအပ်လာရင် ဥပဒေဆွဲတဲ့အခါ ပြင်ဆင်ရမှာဖြစ်ပါတယ်။ လက်တွေ့အခြေအနေကို အကာကွယ်မပေးနိုင်ရင် ကာကွယ်ပေးနိုင်မယ့်ဟာတွေ ပြင်ဆင်ရေးဆွဲရမှာပါခင်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button