သတင်း

အမေရိကန်သတင်းသမား Danny Fenster ကြီးလေးသောပုဒ်မနှစ်ခုဖြင့် အမှုထပ်ဖွင့်ခံရ 

ပုဒ်မသုံးခုဖြင့် အမှုရင်ဆိုင်နေရသူ အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၉) ရုံးချိန်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) တို့ဖြင့် ထပ်မံအမှုဖွင့်လိုက်သည်ဟု သိရသည်။

အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမေရိကန်သတင်းသမားကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅−က၊ မတရားအသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မ၁၇(၁) အပြင် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပါ ပုဒ်မ ၁၃ (၁) တို့ဖြင့် တရားစွဲဆိုထားပြီးဖြစ်သည်။

ယနေ့ရုံးချိန်းတွင် ပြစ်ဒဏ်ကြီးလေးသည့် ပုဒ်မနှစ်ခုဖြင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ထပ်တိုးအမှုဖွင့်လိုက်ခြင်းဖြစ်ပြီး အကြောင်းရင်းကို မသိရသေးကြောင်း Danny Fenster ၏ ရှေ့နေ ဦးသန်းဇော်အောင်က Myanmar Now ကို ပြောသည်။

“အဲဒီနှစ်မှုအတွက် ဘာကြောင့်စွဲဆိုတယ်ဆိုတာကို မပြောနိုင်သေးဘူး။ ဒီနေ့မှ တရားဝင်သိရတာ ဒါနဲ့ဆိုရင်တော့ သူရင်ဆိုင်နေရတာ ၅ မှုရှိပါပြီ” ဟု ၎င်းက ပြောသည်။

ထပ်မံစွဲဆိုလိုက်သော ပုဒ်မ ၁၂၄-က သည် အမြင့်ဆုံးပြစ်ဒဏ် တစ်သက်တစ်ကျွန်း (အနှစ်၂၀) ထိ ချမှတ်နိုင်သကဲ့သို့ အကြမ်းဖက်မှုဥပဒေပါ ပုဒ်မ ၅၀(က) သည်လည်း အနိမ့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်သည်။

ယနေ့ရုံးချိန်းတွင် အမေရိကန်သတင်းသမား Danny Fenster ၏ ဇနီးဖြစ်သူနှင့် Frontier Myanmar မဂ္ဂဇင်းမှ ဝန်ထမ်းနှစ်ဦးက သက်သေထွက်ဆိုခဲ့သည်ဟု ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။ 

“ဒန်နီက Frontier မှာ ၂၀၂၀ ကနေ ခုထိလုပ်ခဲ့တယ်ဆိုတဲ့အကြောင်း၊ အဲဒီမတိုင်ခင်က Myanmar Now မှာ လုပ်ခဲ့တယ်ဆိုတဲ့အကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက ပြန်ကြားတဲ့စာထဲမှာ Myanmar Now ရဲ့ အယ်ဒီတာအဖွဲ့ထဲမှာ ပါတယ်ဆိုတာ သူမသိကြောင်း၊ အဲ့ဒီစာကို ဘယ်လိုလုပ်ထားတယ်ဆိုတာ သူမသိဘူးဆိုတဲ့အကြောင်းတွေ အဲဒါတွေထွက်ဆိုတယ်” ဟု ဦးသန်းဇော်က ပြောသည်။

အမေရိကန်သတင်းသမား Danny Fenster ကို စွဲဆိုထားသော ၅၀၅ အမှု၊ ၁၇(၁) နှင့် ၁၃(၁) အမှုများအတွက် နိုဝင်ဘာ ၁၀ ရက် ရုံးချိန်းတွင် လျှောက်လဲချက်ပေးရမည်ဟုလည်း ၎င်းက ပြောသည်။

ပုဒ်မ ၅၀၅-က အမှုအတွက် အာမခံလျှောက်ထားခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့ပြီး လက်ရှိတွင် စွဲဆိုထားသည့် ပုဒ်မငါးခုလုံးအတွက် ရုံးဖွင့်ရက်များတွင် နေ့စဉ်ပုံမှန်စစ်ဆေးသွားမည်ဟု ဦးသန်းဇော်အောင်က ပြောသည်။ 

မေလ ၂၄ ရက်က မိသားစုရှိရာ အမေရိကန်နိုင်ငံသို့အပြန် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရပြီး အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရသူ Danny Fenster ၏ လက်ရှိကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ “သူ စိတ်ကျန်းမာရေးအတွက် ဆေးတွေသောက်နေရတယ်၊ စိတ်ကျနေလို့ အဲဒီအတွက် ဆေးတွေသောက်နေရတယ်လို့ သိရတယ်” ဟု ဦးသန်းဇော်အောင်က ပြောသည်။

အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီက ပုဒ်မ ၅၀၅−က၊ ပုဒ်မ ၁၇(၁) ဖြင့် စွဲဆိုထားသည့် အမှုနှစ်ခုလုံးမှာ ထုတ်ဝေခွင့်လိုင်စင်ပိတ်သိမ်းခံရပြီးနောက်ပိုင်း Myanmar Now က ရေးသားဖော်ပြခဲ့သော သတင်းများနှင့် ပတ်သက်ကြောင်း ဦးသန်းဇော်အောင်က ပြောကြားထားသည်။

ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်း၏ အုပ်ချုပ်မှုအယ်ဒီတာဖြစ်သူ အမေရိကန်နိုင်ငံသား Danny Fenster မှာ အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်ကတည်းက Myanmar Now မှ အလုပ်ထွက်ထားသူဖြစ်သည်။

Danny Fenster ကို ပြန်လွှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုထားသော်လည်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိန်းသိမ်းထားရမည့်အခြေအနေဖြစ်၍ ထိန်းသိမ်းထားခြင်းဖြစ်သည်ဟု စက်တင်ဘာလကုန်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောဆိုခဲ့သည်။

အာဏာသိမ်းပြီးနောက် သတင်းသမား ၁၀၀ ဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ပြန်လွတ်လာသူအချို့ရှိသော်လည်း သတင်းသမားအများအပြား ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကာ ကြီးလေးသော ပုဒ်မများဖြင့် စစ်ကောင်စီက စွဲဆိုထားသည့် အမှုများကို ရင်ဆိုင်နေရသူများလည်း ရှိသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button