ပဲခူးတိုင်း၊ ရေတာရှည်မြို့ ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင်ရှိသည့် CB Bank ဘဏ်ခွဲသို့ ယမန်နေ့ (နိုဝင်ဘာလ ၅ ) မွန်းလွဲ ၁ နာရီခွဲခန့်က အမျိုးသား ၄ ဦးရောက်လာကာ သေနတ်၊ လက်လုပ်မိုင်းတို့သုံး၍ ဓားပြတိုက်သွားကြောင်း သိရသည်။
သေနတ်နှစ်လက်ပါလာသော ထိုသူတို့က ကျောပိုးအိတ်အတွင်း ထည့်လာသည့် လက်လုပ်မိုင်းကို ငွေသွင်း၊ ငွေထုတ် ကောင်တာပေါ်တင်၍ ခြိမ်းခြောက်ကြောင်း ဘဏ်ဝန်ထမ်းတစ်ဦးကို ကိုးကား၍ ဒေသခံတစ်ဦးက ပြန်ပြောပြသည်။
ထို့နောက် ဘဏ်မှ ငွေကျပ် ၅၃၁ သိန်းယူဆောင်ကာ ဆိုင်ကယ်နှစ်စီးဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း၊ များမကြာမီတွင် စစ်သားများ ရောက်လာကာ လက်လုပ်မိုင်းကို ယူဆောင်သွားကြောင်း ၎င်းက ဆက်ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက ယနေ့ သတင်းထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်သမားများ လုပ်ဆောင်ခဲ့သည်ဟု ဆိုကြောင်း BBC သတင်းအရ သိရသည်။
ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ဘက်ကမူ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ရေး ခုခံတော်လှန်နေသူများအပေါ် ပြည်သူတို့ အထင်လွဲစေရန် လုပ်ကြံသည့် ကိစ္စဖြစ်နိုင်ကြောင်း ပြောသည်။
“တော်လှန်ရေးအဖွဲ့တွေ ချိတ်ဆက်ထားတော့ ရေတာရှည်ထဲက ဘယ်အဖွဲ့ကမှ မလုပ်ကြောင်း ငြင်းထားတယ်”ဟု PDF အဖွဲ့ဝင်က ပြောသည်။
ထိုဖြစ်စဉ်ပြီးနောက် စစ်တပ်က ရေတာရှည်မြို့တွင်း လမ်းများကို ပိတ်ဆို့၍ ရှာဖွေမှုများလုပ်ခဲ့ကြောင်း၊ ယနေ့ (နိုဝင်ဘာ ၆) တွင် ဘဏ်ရှိဝန်ထမ်းများကို တစ်ဦးချင်း ခေါ်ယူစစ်ဆေးနေကြောင်း ရေတာရှည် CB ဘဏ်နှင့် နီးစပ်သည့် အထက်ပါ ဒေသခံထံမှ သိရသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ရန်ကုန်ကဲ့သို့ မြို့ကြီးများရှိ ဘဏ်အချို့တွင်ပင် ဓားပြတိုက်မှုများကြုံနေရပြီး ဖြစ်စဉ်အားလုံးမှာ PDF အဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟု စစ်ကောင်စီက အပြစ်ပုံချနေသည်။
ပဲခူးမြို့တွင် စက်တင်ဘာ ၁၃ ရက်က ဧရာဝတီဘဏ်၏ ငွေသယ်ကား ဓားပြတိုက်ခံရပြီး ကျပ်သန်း ၄၀၀၀ ခန့် ပါသွားသည်ဆိုသော အမှုတွင်လည်း စစ်ကောင်စီက PDF လက်ချက်ဟုသာ စွပ်စွဲထားသည်။
သို့သော် ထိုမျှ ပမာဏများပြားသည့် ငွေကို ဓားပြတိုက်သူ ၇ ဦးက Hijet ယာဉ်ငယ်တစ်စီးဖြင့် သယ်ဆောင်ထွက်ပြေးသည်ဆိုသော စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်မှာ ယုတ္တိမရှိဟု ဝေဖန်သူတချို့က ဆိုသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)