
ရေတာရှည်မြို့ပေါ်သို့ တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်မည်ဆိုသည့် သတင်းများထွက်ပေါ်လာပြီးနောက် ရေတာရှည်နှင့် ဆွာမြို့များမှ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရွာများသို့ ဆက်သွယ်ထားသည့် သစ်သားတံတား ၂ စင်းကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် စစ်ကောင်စီက ဖျက်ဆီးလိုက်သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်တောင်းမြစ်၏ ရေတိမ်သောနေရာများကို ဖြတ်သန်းဆောက်လုပ်ထားသည့် ဒေသအခေါ် ဆွာမကြီးတံတားနှင့် ဆွာမြစ်ဆိပ်တံတား (ကူးတိုးဆိပ်) တို့ကို စစ်ကောင်စီက ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ရေတာရှည်မြို့သည် စစ်ကောင်စီရုံးထိုင်ရာ နေပြည်တော်နှင့် မိုင်၅၀ ကျော်သာ ဝေးသည်။
ပေ ၄၅၀ နီးပါး အရှည်ရှိကြပြီး ၁၀ ပေခန့်ကျယ်သည့် ထိုသစ်သားတံတားများသည် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ကျေးရွာများတွင် နေထိုင်သည့် ဒေသခံများ၏ သွားလာရေးနှင့် ကုန်ပစ္စည်းသယ်ဆောင်ရာတွင် အရေးပါသည်။
စစ်တပ်သည် ပြီးခဲ့သည့် ၁ နှစ်ကျော်ခန့်ကလည်း စစ်တောင်းမြစ်ကို ဖြတ်သန်းဆောက်လုပ်ထားသည့် ရှမ်းစုတံတားကိုလည်း ဖျက်ဆီးခဲ့သည်ဟုလည်း ဒေသခံများက ဆိုသည်။
ထိုတံတား ၃ စင်းအနက် ဆွာမြစ်ဆိပ်တံတားသည် ဒေသခံများ အများဆုံးအသုံးပြုသည့် တံတားဖြစ်ပြီး မိုးရာသီ စစ်တောင်းမြစ်ရေတက်ချိန်တွင် တံတားကို ဖျက်ရလေ့ရှိသော်လည်း နွေနှင့် ဆောင်းတို့တွင် ပြန်တည်ဆောက်ပြီး အသုံးပြုလေ့ရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“တံတားကို အပြီးဖျက်တာ ဒီတစ်ခါပဲ ရှိသေးတယ်” ဟု ၎င်းက ဆိုသည်။
တံတား မဖျက်ဆီးခင်ကာလများတွင် စစ်တပ်က တံတားများအနီး ကင်းစခန်းများချထားကာ တံတားဖြတ်သန်းခအဖြစ် ဆိုင်ကယ် တစ်စီးလျှင် ကျပ် ၁၀၀၀၊ ကား တစ်စီးလျှင် ကျပ် ၆၀၀၀ ကောက်ခံခဲ့သည်ဟု ဒေသခံများက ပြောကြသည်။
“စစ်တပ်ကသူတွေ ငွေတွင်းကို ဖျက်စီးလိုက်တယ်ဆိုတာ၊ စစ်ရေးအရ တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်ချင်တာနဲ့ လူအင်အား လျှော့ချချင်တာကြောင့် ပါလိမ့်မယ်” ဟု ယင်းနယ်မြေအတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ တံတားများ ဖျက်ဆီးခံရပြီးနောက် ယင်းဒေသမှ ဒေသခံများသည် စစ်တောင်းမြစ်ကို ဖြတ်သန်းရန် သာဂရတံတား ၁ စင်းသာရှိတော့ကြောင်း၊ ထိုတံတားတွင် စစ်တပ်က လုံခြုံရေးတင်းကျပ်စွာချထားပြီး စစ်ဆေးမှုများ ပြုလုပ်ပြီးမှ ဖြတ်သန်းခွင့်ပြုကြောင်းလည်း ဒေသခံက ဆိုသည်။
“ဖျက်လိုက်တဲ့ တံတားတွေက မြို့ပေါ်ကို မြင်နေရသွားလို့ရတဲ့တံတား၊ ခုက ပတ်ပြီး သွားရတော့ လမ်းကလည်း ကြမ်းတော့ အချိန်လည်းကြာ ဆီဖိုးလည်း ပိုကုန်တယ်၊ ကျန်မားရေးတစ်ခုခုဖြစ်ရင်လည်း ပိုခက်ခဲသွားတယ်” ဟု ၎င်းက ဆိုသည်။

စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ရွာများကပ်လျက် ပဲခူးရိုးမနှင့် နိုင်ငံအရှေ့ပိုင်း တောင်တန်းများကြားတွင် တည်ရှိသည့် စစ်တောင်းမြစ်ဝှမ်းဒေသသည် စစ်ရေးအရ အချက်ချာကျသည်။ ထိုဒေသတစ်ဝိုက် တော်လှန်ရေးအဖွဲ့များ အားကောင်းလာသောကြောင့် စစ်တပ်က တံတားများကို ဖျက်စီးခြင်း ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
“သူတို့ မြစ်အနောက်ဘက်ခြမ်းနဲ့ မြို့ပေါ်ကို တော်လှန်ရေးအဖွဲ့တွေ ခြိမ်းခြောက်ဝင်ရောက်လာနိုင်မှုတွေ လုပ်လာမှာ စိုးရိမ်တဲ့အတွက် ဒီတံတားတွေကို ဖျက်စီးတဲ့ သဘောလို့ ယူဆတယ်” ဟု PDF တစ်ဦးက ပြောသည်။
စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတွင် ပြောက်ကျားလှုပ်ရှားမှုသာရှိပြီး ထိုးစစ်တိုက်ခိုက်ခြင်း မရှိသေးသည့်အတွက် ပြင်းထန်သည့်တိုက်ပွဲများ မရှိသေးသော်လည်း သွားလာရေးနှင့် စားနပ်ရိက္ခာသယ်ယူသည့် အခက်အခဲများ ကြုံတွေ့ရကြောင်း ၎င်းက ဆိုသည်။
စစ်တပ်သည် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရွာများသို့ ဆန်၊ ဆီ၊ ဆား စားနပ်ရိက္ခာကို အကန့်သတ်ဖြင့်သာ သယ်ယူခွင့်ပြုပြီး ဈေးရောင်းချသူများကိုလည်း သတ်မှတ်နှုန်းထက် ပိုသယ်လိုပါက ငွေကြေးတောင်းခံသည်ဟုလည်း ဒေသခံများက ပြောသည်။
စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ မြို့ပေါ်သို့ ဝင်ရောက်နိုင်ခြင်းမရှိစေရန် တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် မြို့နယ်တချို့တွင် ကျေးရွာလမ်းပိုင်းများကို ဖျက်ဆီးလေ့ရှိသည်။
ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့တွင်လည်း မြို့သိမ်းမည့် သတင်းကြောင့် ကျေးလက်လမ်းပိုင်းများကို ဖေဖော်ဝါရီ ၂၉ ရက်နေ့က မြေတူးစက်များနှင့် ဖျက်ဆီးခဲ့ကြောင်း ယင်းနယ်မြေသတင်းများကို အဓိကဖော်ပြသည့် မြေလတ်အသံက ဓာတ်ပုံနှင့်တကွ ဖော်ပြရေးသားထားသည်။
အုတ်ဖိုမြို့နယ်၊ ချောင်တင်းကွင်းရွာနှင့် သာလိကာရွာ ဆက်သွယ်ထားသည့် သာလိကာ-ဂွေးချောင်းလမ်း လှေတုန်းရွာနှင့် ဒေါင်ကြီးရွာအထိ ဆက်သွယ်ထားသည့် သဲကုန်း-ဒေါင်းကြီးလမ်းပိုင်းကို ပဲခူးရိုးမမှတစ်ဆင့် သွားလာ၍မရအောင် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ပါရှိသည်။
ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNU ၏ တပ်မဟာ (၁) နှင့် (၆) နယ်မြေတို့ရှိ ကားလမ်းများကိုလည်း အာဏာသိမ်းစစ်တပ်က ပြီးခဲ့သည့်နှစ် မေလအတွင်းက စက်ယန္တရားများ အသုံးပြုကာ လိုက်လံဖျက်ဆီးခဲ့သည်။
မွန်ပြည်နယ်အတွင်း ရွာချင်းဆက် လမ်းပိုင်းငါးခုအပါအဝင် ကရင်ပြည်နယ်၌လည်း လမ်းပိုင်းတချို့ ဖျက်ဆီးခံရသည်။
တောင်ငူ-ရေတာရှည်-ဆွာ စသည့် မြို့နယ်တို့သည် ကရင်အမျိုးသားအစည်းရုံး KNU ၏ တပ်မဟာ ၂ လှုပ်ရှားမှုနယ်မြေ ဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းလှုပ်ရှားရာ ဒေသလည်း ဖြစ်သည်။
