သတင်း

ရေတာရှည်နှင့် ဆွာမြို့နယ် ကျေးရွာများတွင် စစ်တပ်က တပ်စွဲထားပြီး လုံခြုံရေးတင်းကျပ်

နိုင်ငံအနှံ့ ထိုးစစ်ဆင်ခံနေရသည့် စစ်ကောင်စီခေါင်းဆောင်က ၎င်း၏တပ်များကို စစ်တောင်းမြစ်တစ်ဝိုက်တွင် KNU တပ်မဟာ ၃ ခုက တိုက်ခိုက်နေသည်ဟု ပြောဆိုထားမှုအပေါ် KNU ပြောရေးဆိုခွင့်ရှိသူက တပ်မဟာ ၇ ခုလုံးက တိုက်ပွဲဝင်နေသည်ဟု တုံ့ပြန်ထားသည်။

စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း ပဲခူးတိုင်း၊ ရေတာရှည်နှင့် ဆွာမြို့နယ်ရှိ ကျေးရွာတချို့တွင် ပြီးခဲ့သည့် ဇူလိုင်လဆန်းမှ စတင်၍ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်လိုက်ပြီး ရာဂဏန်းရှိသည့် စစ်သားများတပ်စွဲထားသည်ဟု ဒေသခံများက ပြောကြသည်။

အထူးသဖြင့် ဆွာမကြီး၊ ရွာသစ်၊ အိုးမြေတူး စသောကျေးရွာများရှိ ဘုန်းကြီးကျောင်းများနှင့် လူမနေသည့်နေအိမ်များတွင် အင်အား ၁၅၀ နှင့် ၂၀၀ ကြား တပ်စွဲနေထိုင်ကြခြင်းဖြစ်သည်ဟု ဆိုသည်။

“တစ်ရွာမှာ ၅၀ကျော်စီတော့ ရှိတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခင်က စစ်တောင်းမြစ်တစ်လျှောက်တွင် စစ်ကြောင်းထိုးလေ့သာရှိသော်လည်း ယခုတွင် အထိုင်တပ်စခန်းများတွင် လနှင့်ချီ တပ်စွဲထားခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ဆိုသည်။

ဒေသခံများကို အတင်းအဓမ္မ ခြိမ်းခြောက်ခြင်းမရှိသော်လည်း နိုင်ငံရေးမလုပ်ရန်၊ နိုင်ငံရေးတွင် မပါရန် ဒေသခံများကို စကားပြောဆိုကာ အနုနည်းဖြင့် ပြောင်းလဲစည်းရုံးနေသည်ဟုလည်း ဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောသည်။

ရေတာရှည်မြို့မှ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် နယ်မြေထိစပ်နေသော စစ်တောင်းမြစ်အရှေ့ဘက်သို့ ဖြတ်သန်းသည့် မြစ်ဆိပ်များတွင်ဆန်ဆီ၊ ရိက္ခာကို အကန့်သတ်ဖြင့်သာ သယ်ယူခွင့်ပြုထားပြီး အခြေချတပ်စွဲထားသော စစ်သားများက အထုပ်အပိုးများကို ရှာဖွေစစ်ဆေးလေ့ရှိသည်ဟုလည်း ထိုအမျိုးသမီးက ဆိုသည်။

ကျေးရွာများတွင် မြင်တွေ့ဖူးနေကျ ဒေသခံ မဟုတ်ပါက အချိန်ကြာမြင့်စွာ စစ်ဆေးတတ်သည်ဟုလည်း အစစ်ဆေးခံရဖူးသည့် အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးက ဆိုသည်။

“ကျွန်တော့ဇာတိရွာမပြန်တာ သုံးနှစ်ကျော်ပြီ၊ အခုပြန်တော့၊ မင်းဘယ်ရွာကလဲ မေးတော့ ပြန်ဖြေတော့ မသိဘူး၊ မင်း PDF လားဆိုပြီး မေးတော့ မှတ်ပုံတင်ပြ (ရတယ်) ရွာကအမျိုးတွေဆီ ဖုန်းဆက်မှ လွှတ်ပေးလိုက်တာ”

စစ်တောင်းမြစ်တစ်လျှောက်တွင် ပြီးခဲ့သည့် ဧပြီလလယ်က စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများလည်းရှိခဲ့ကာ ဒေသခံ ထောင်နှင့်ချီ၍ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။

ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူ၊ ရေတာရှည်၊ ဆွာ စသည့် မြို့နယ်များသည် KNU တပ်မဟာ (၂) လှုပ်ရှားနယ်မြေအတွင်း ပါဝင်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းလှုပ်ရှားနေသည့် နယ်မြေလည်း ဖြစ်သည်။

ပဲခူးရိုးမနှင့် နိုင်ငံအရှေ့ပိုင်း တောင်တန်းများကြားတွင် တည်ရှိသည့် စစ်တောင်းမြစ်ဝှမ်းဒေသသည် စစ်ရေးအရ အချက်အချာကျသောကြောင့် ယင်းဒေသကို ခြေကုပ်ရယူနိုင်ရန် NUG ဦးဆောင်သော တော်လှန်ရေးအင်အားစုများက ယမန်နှစ် နှစ်ဆန်းကတည်းက ကြိုးပမ်းနေသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း နိုင်ငံအနှံ့ ထိုးစစ်ဆင်ခံနေရသည့် သူ၏တပ်များကို စစ်တောင်းမြစ်တစ်ဝိုက်တွင် KNU တပ်မဟာ ၁၊ ၃၊ ၅ တို့က စစ်ပွဲအသစ်စရန် ပြင်ဆင်နေသည်ဟု ဩဂုတ် ၅ ရက်နေ့ မိန့်ခွန်းတွင် ညည်းတွားပြောဆိုခဲ့သည်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကမူ KNU ၏ တပ်မဟာအားလုံးက စစ်အာဏာရှင်ကို ဖြုတ်ချရန် တိုက်ပွဲဝင်သွားမည်ဟု Myanmar Now ကို ပြောထားသည်။

KNU တွင် တပ်မဟာ ၇ ခုရှိပြီး NUG လက်အောက်ခံ PDF တပ်များလည်း ထိုဒေသများတွင် အခြေစိုက်လှုပ်ရှားကြသည်။

Show More

Related Articles

Back to top button