သတင်း

ချင်းတောင်ပိုင်းတွင် တိုက်ပွဲများ ဆက်နေပြီး စစ်တပ် အထိနာ

ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်နေရာ စစ်ကောင်စီဘက်မှ အထိနာလျက်ရှိသည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) များ၏ စာရင်းများအရ သိရသည်။

ယနေ့ (နိုဝင်ဘာ ၄)နံနက် ၈ နာရီခွဲ၌ မင်းတပ်မြို့အနောက်ဘက် မင်းတပ် – မတူပီလမ်းရှိ ၆ မိုင်နှင့် ၉ မိုင် ကြားတွင်လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် မိုင်တိုင် ၄၃ တွင်လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF (မင်းတပ်) က ဆိုသည်။

ယနေ့မနက်တွင် မင်းတပ် – မတူပီလမ်း ၆ မိုင်နှင့် ၉ မိုင်အကြား မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းပါ အဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့ရာ ထိုအဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး CDF (မင်းတပ်) က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထို့နောက် မွန်းလွဲတွင် မတူပီမှ မင်းတပ်ဘက်သို့ ပြန်ဆင်းလာသည့် သံချပ်ကာယာဉ် ၂ စီးနှင့် စစ်ကား ၇၅ စီးပါ ယာဉ်တန်းကို မိုင်တိုင် ၄၃ အနီး CDF (မင်းတပ်) က ရှေ့နောက် နှစ်ဖက်ညှပ်၍ တိုက်ခိုက်ခဲ့သည်ဟု CDF (မင်းတပ်) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောသည်။ 

“(၆ မိုင်နဲ့ ၉ မိုင်ကြား) မိုင်းတွေ တော်တော်ကွဲသွားတယ်။ (စစ်တပ်ဘက်က) ထိခိုက်ဒဏ်ရာရတာ နည်းနည်းများတယ်။ ကျတဲ့အထိတော့ မရှိဘူးထင်တယ်။ ကိုယ်တွေဘက်ကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ ညနေတိုက်ပွဲကတော့ ဘာမှမသိရသေးဘူး။ ဖုန်းဆက်တော့ ပစ်ခတ်သံတွေပဲ ကြားရသေးတယ်။ မပြီးသေးဘူး” ဟု ကိုယောမန်က ယနေ့ညနေတွင် Myanmar Now ကို ပြောသည်။ 

ချင်းပြည်နယ်တောင်ပိုင်းကို စစ်အင်အားဖြည့်နေသည့် ထိုယာဉ်တန်းစစ်ကြောင်းကို မင်းတပ်မြို့မှ မတူပီမြို့သို့ တက်သွားစဉ်က ရာသီဥတုအခြေအနေအရ နှစ်ကြိမ်ခန့်သာ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သော်လည်း အပြန်တွင် CDF (မင်းတပ်) က သုံးကြိမ်မြောက် ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်သည်။ 

ယမန်နေ့ မနက်က မင်းတပ် – မတူပီလမ်း မိုင်တိုင် ၄၈ အနီးတွင်လည်း ထိုယာဉ်တန်းကို တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့် သေဆုံးကြောင်း၊ CDF (မင်းတပ်) ဘက်မှ ဒဏ်ရာရသူ ၃ ဦးထဲမှ ၇၃ နှစ်အရွယ် CDF ရဲဘော်တစ်ဦး သေဆုံးခဲ့သည်။ 

အထိနာသွားသော ထိုစစ်ယာဉ်တန်းကို CDF (မင်းတပ်) က ယမန်နေ့ ညနေတွင် မိုင်တိုင် ၄၈ အနီး ထပ်မံတိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့သည်ဟု ကိုယောမန်က ပြောသည်။ 

အလားတူ မတူပီ – ပလက်ဝလမ်းပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး အောက်တိုဘာ ၃၀ တိုက်ပွဲတွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၂၀ ခန့် သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု CDF (မတူပီ) က ယမန်နေ့က ထုတ်ပြန်သည်။

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တွင် ယနေ့ (နိုဝင်ဘာ ၄ ) မနက် ၈ နာရီမှစ၍ ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း CDF (ကန်ပက်လက်) ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ကျင်ဒွေးမြို့၊ ဖုံတွီကျင်းရပ်ကွက် (အထက်ပိုင်း) ရှိ CDF  ထိန်းချုပ်ရာနယ်မြေအတွင်း စစ်သားများ ဆိုင်ကယ်စီးဝင်ရောက်လာရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း၊ CDF ဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။  

ချင်းပြည်နယ်တောင်ပိုင်းတွင် လတ်တလောဖြစ်ပွားနေသည့်တိုက်ပွဲများနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းအမှောင်ချထားပြီး ထိုတိုက်ပွဲများတွင် သေဆုံးသည့် စစ်သားအရေအတွက်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

စစ်ကောင်စီကို လက်နက်ကိုင်ပြန်ခုခံနေသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် အောက်တိုဘာလဆန်းမှစ၍ ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီး လက်နက်၊ လူအင်အား ဖြည့်တင်းခဲ့သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button