သတင်း

အိုးဘိုအကျဉ်းထောင်တွင် လုံလောက်သော ဆေးကုသခွင့် မရ

မန္တလေးမြို့၊ အိုးဘိုထောင်ရှိ အကျဉ်းသားများ လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘဲ ဖြစ်သလို နေထိုင်ကြရသည်ဟု အကျဉ်းကျခဲ့သူများနှင့် ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။

ရောဂါလက္ခဏာပြင်းထန်ပြီး၊ အခြေအနေဆိုးသူများသာ ထောင်ဆေးရုံသို့ သွားခွင့်ရကြောင်း ရှေ့နေတစ်ဦးက ဆိုသည်။

“ကျန်းမာရေးစောင့်ရှောက်မှုက ကိုယ့်ဟာကိုယ်ကုပဲ။ ကိုယ့်ဟာကိုယ် အဆင်ပြေသလို ကြည့်လုပ်နေကြရတာပဲ။ အပြင်မှာ ကိုဗစ်ဖြစ်တဲ့လူနာတွေ စင်တာတွေ မသွားဘဲ၊ ကိုယ့်ဟာကိုယ်ဖြေရှင်း ဒုက္ခရောက်နေကြရသလိုပဲ” ဟု နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။

“အရမ်းအခြေအနေဆိုးမှပဲ ထောင်ဆေးရုံဖြစ်ဖြစ် ပို့တာဗျ။ ချောင်းဆိုးဖျားနာတာကတော့ ကိုယ့်ဟာကိုယ်လုပ်ကြရတာ။ လူကြီးပိုင်းတွေတောင်မှ တော်တော်ဆိုးမှ ဆေးရုံပို့ပေးတာမျိုး။ သာမန် ထူထူထောင်ထောင် ဖျားနာတာလောက်တော့ ချောင်းဆိုးရင် ချောင်းဆိုးပျောက်ဆေး၊ ဖျားရင် ပါရာစီတမော့လောက်ပဲ ပေးတာမျိုး။ အဲဒီလောက်ပဲရှိတယ်”  

တရားလွှတ်တော်ရှေ့နေ နောက်တစ်ဦးကလည်း ကိုဗစ်ရောဂါဖြစ်ပွားနေသူအတွက် စောင့်ရှောက်ကုသမှု ထောင်တွင် ရှိမနေဟု ပြောသည်။

“ကျွန်မအမှုသည် ဖမ်းခံရတုန်းက ကိုဗစ်ဖြစ်နေတာ။ သုံးယောက်တွဲအမှုမှာ ကိုဗစ်ဖြစ်နေပါတယ်လို့ ပြောတာတောင်မှ သူတို့သုံးယောက်လုံးကို သီးသန့်အခန်းတစ်ခုတည်းမှာ ထားပြီး ဒီအတိုင်းပစ်ထားတာ၊ ပါရာစီတမော့လေးတစ်လုံးတောင် မပေးဘူး။ ကျွန်မတို့နဲ့ တွေ့တဲ့အချိန်မှာ မသေလို့သာ ပြန်တွေ့ရတာပဲလို့ ပြောတယ်”ဟု နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဖြင့် တရားစွဲဆိုခံထားရသူတစ်ဦး၏ ရှေ့နေက ဆိုသည်။

၎င်း၏ အမှုသည် ဖမ်းဆီးခံရချိန်ကတည်းက ကိုဗစ်ရောဂါကူးစက်ခံထားရပြီး ရဲစခန်းမှတစ်ဆင့် နန်းတွင်းစစ်ကြောရေး၊ ထိုမှ အိုးဘိုထောင်သို့ ပို့ဆောင်ခံရချိန်အထိ ဆေးကုသပေးမှု လုံးဝမရှိဟု ဆိုသည်။ 

“အကျဉ်းသားတွေက ဘယ်လိုဖြစ်နေလဲဆိုတော့ ရှေ့နေဆီကို ဆေးမှာပြီး သောက်တာ။ တချို့ဆို ရှေ့နေက လာတွေ့တဲ့အချိန်ကျမှ ရှေ့နေတွေ အိတ်ဆောင်ဆောင်ထားတဲ့ ဆေးကို တောင်းသောက်ရတာမျိုးအထိ ရှိတယ်”ဟု အထက်ပါအမျိုးသမီးတရားလွှတ်တော်ရှေ့နေက ပြောသည်။

သွေးကင်ဆာဝေဒနာသည် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုလည်း အရာရာချို့တဲ့သည့် ထောင်တွင်းဆေးရုံ၌သာ ကုသခွင့်ပေးထားသည်။ 

ဇူလိုင်လအတွင်း ကိုဗစ်တတိယလှိုင်း ဖြစ်ပွားနေချိန်တွင် အင်းစိန်ထောင်အပါအဝင် အကျဉ်းထောင်များ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခဲ့သည်။ 

NLD ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်သည့် ဦးဉာဏ်ဝင်းသည်လည်း အင်းစိန်ထောင်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူစဉ် ဇူလိုင် ၂၀ ၌ ဆုံးပါးသွားခဲ့သည်။  

ပါတီဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့လည်း ကိုဗစ်နိုင်တင်းဖြစ်ပွားခဲ့ကြသည်။ 

ထိုသို့ အကျဉ်းထောင်များ၊ စစ်ကြောရေးစခန်းများတွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ဖြစ်ပွားလျက်ရှိသော်လည်း ဇူလိုင် ၂၅ တွင် တစ်နိုင်ငံလုံးမှ အချုပ်သား ၄၀၀၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးရာတွင် ကိုဗစ်နိုင်တင်း ရှိမရှိ မစစ်ဆေးနိုင်ခဲ့ပေ။ 

အာဏာဖီဆန်သူများပြားသည့် ပြင်ပဆေးရုံများ လူနာလက်ခံကုသပေးနိုင်မှု ကသောင်းကနင်းမဖြစ်စေရန် စစ်ကောင်စီက စီမံခန့်ခွဲမှု မလုပ်ပေးနိုင်သည့် အခြေအနေတွင် ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားလာနေသည်။

ပြီးခဲ့သည့်လပိုင်းကမှ အိုးဘိုအကျဉ်းထောင်မှ ပြန်လွတ်လာသူ အမျိုးသားတစ်ဦးက ဆေးကုသပေးမှု လွန်စွာနည်းပါးသည်ဟု ဆိုသည်။ 

“ကျွန်တော်နဲ့ အတူတူနေခဲ့ရတဲ့ အခန်းထဲက လူတစ်ယောက် ဝမ်းတွေလျှောတော့ သောက်ဆေးတော့ လာပေးတယ်၊ နှစ်ရက်တစ်ခါ ဆေးလာပေးတယ်၊ အပြင်ကနေ ဒဏ်ရာနဲ့ ရောက်လာတဲ့ ဘုန်းကြီးတစ်ပါး၊ လက်မှာ ပတ်တီးကြီးနဲ့ ရောက်လာတော့ အနာကို ဆေးလာထည့်ပေးတာ တစ်ခါတော့ တွေ့ရတယ်” ဟု ထိုလူက ပြောသည်။

ဆက်လက်၍ ” ကျွန်တော်တို့အဆောင်က လူတစ်ယောက် ကိုဗစ်ဖြစ်တဲ့အချိန်မှာတော့ သူတို့တစ်ထပ်လုံးကို သီးသန့်ဆောင်ပို့လိုက်တာ တွေ့ရတယ်၊ ကုသမှုနဲ့ ပတ်သက်ရင်တော့ ဆေးကုသမှု ဘာမှမရှိဘူး။ ကိုဗစ်ပိုးတွေ့တဲ့ အထပ်ကို ဆေးဖျန်းတာတို့ ဘာတို့တော့ လုပ်တာ တွေ့ရတယ်”ဟု ၎င်းက ဆက်ပြောသည်။ 

ဖမ်းဆီးခံရသူများထဲမှ ချောင်းဆိုးဖျားနာသူကို ထောင်အပြင်ဘက် အဆောင်တစ်ခု၌ သီးသန့်နေစေပြီးမှ ထောင်အတွင်း ပို့ဆောင်ခြင်းကဲ့သို့ ကာကွယ်ရေးအစီအစဉ်ကောင်း ရှိနေသော်လည်း ဆေးကုသမှုအခြေအနေ တိုးတက်ကောင်းမွန်ခြင်းမရှိဟု ဆိုကြသည်။

ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေနှင့် ပတ်သက်ပြီး အကျဉ်းဦးစီးဌာနကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။

အိုးဘိုထောင်တွင် ကူးစက်ရောဂါ ပြန့်ပွားမည်စိုးသဖြင့် ထောင်ဝင်စာတွေ့ခြင်း၊ ရှေ့နေများကို အမှုသည်များနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကို ယနေ့အထိ ပိတ်ပင်ထားသည်။

တရားစွဲခံရသူများကိုလည်း အပြင်တရားရုံးများသို့ ပို့ဆောင်ခြင်းမပြုဘဲ၊ အွန်လိုင်းဗီဒီယိုစနစ်ဖြင့် အမှုစစ်ဆေးနေသည်။

ထောင်တွင်းတရားရုံးဖြင့် စစ်ဆေးလျက်ရှိသော အမှုများတွင်လည်း အမှုလိုက်ရှေ့နေများပင် တရားခွင်အတွင်းသို့ အကန့်အသတ်ဖြင့်သာ ဝင်ခွင့်ရကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button