အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မတ္တရာ ကင်းရွာဘကကျောင်း ဆရာတော်နှင့် တပည့် ၂ ဦး အဖမ်းခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းရွာတွင် အောက်တိုဘာ ၉ ညပိုင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်သား ၂၀ ကျော်က ရဟန်းတစ်ပါးနှင့် လူ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ (အောက်တိုဘာ ၁၁) အထိ ပြန်မလွတ်သေးကြောင်း ဒေသခံများက ပြောသည်။

အဖမ်းခံရသူတို့မှာ “လွင်ဦး”အမည်ရှိ ဘကကျောင်းမှ သက်တော် ၃၇ နှစ်အရွယ် ကျောင်းတာဝန်ခံဆရာတော် ဦးပညာဝံသ၊ အသက် ၁၈ အရွယ်နှင့် ၃၆ နှစ်အရွယ် အမျိုးသား ၂ ဦးတို့ ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ကင်းရွာသားတစ်ဦးက ဆိုသည်။

“ဆရာတော်ကို ချက်ချင်း လူဝတ်လဲပြီး ဖမ်းသွားတာ။ ကျောင်းမှာရှိနေတဲ့ ဆရာတော့် တပည့် ၂ ဦးကိုလည်း ရိုက်နှက်ပြီး ဖမ်းသွားတယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်သားတို့က ဘကကျောင်း၌ စာသင်နေသည့် ဆရာမတစ်ဦး၏ အိမ်ကို သွားရောက်ကာ ပစ္စည်းတချို့ကို ယူဆောင်သွားကြောင်း၊ အိမ်တွင် ဆရာမရှိမနေကြောင်း သူက ဆက်ပြောသည်။

အောက်တိုဘာ ၆ တွင် စစ်ကောင်စီတပ်က မတ္တရာမြို့နယ်၊ ကင်းကျေးရွာသား ကျူရှင်ဆရာ ကိုသိန်းဇော်ကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ အောက်တိုဘာ ၉ တွင် ၎င်း၏ နေအိမ်ကို လိုက်ပြခိုင်းကာ အပြန်လမ်းတွင် လည်ပင်းလှီးကာ သတ်ပစ်ခဲ့ပြီး အလောင်းကို လမိုင်းကျေးရွာသုသာန်အနီး စွန့်ပစ်သွားခဲ့သည်ဟု ဆိုသည်။ 

ကျူရှင်ဆရာ ကိုသိန်းဇော်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) ထောက်ပံ့သူဟု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက စွပ်စွဲတိုင်တန်းခဲ့ခြင်းဖြစ်ပြီး ယခုဘကကျောင်းဖြစ်စဉ်မှာလည်း ထိုကိစ္စနှင့် ဆက်စပ်ဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။

ဒေသခံတို့ စွပ်စွဲသည့် ဖမ်းဆီးမှု၊ သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး အဆိုပါ အုပ်ချုပ်ရေးမှူး၊ မတ္တရာမြို့မရဲစခန်းတို့ကို Myanmar Now က မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ကား ၁၀ စီးဖြင့် ရောက်လာသည့် စစ်ကောင်စီတပ် အင်အား ၂၀၀ ခန့်က ကင်းရွာအဝင်ရှိ ဘုန်းကြီးကျောင်း(မြောက်ကျောင်း) တွင် တပ်စွဲထားရာမှ တောင်ကန်ကျေးရွာ ဘုန်းကြီးကျောင်းကို ပြောင်းရွှေ့သွားသည်ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်၂၀ ကလည်း မတ္တရာမြို့နယ်၊ တံငါတောင်ရွာ၌ စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ရာ ဒေသခံ ၂ ဦး သေဆုံးပြီး ၃ ဦး အဖမ်းခံခဲ့ရသေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button