
Facebook ဟာသရုပ်သံတိုများကြောင့် လူသိများလာခဲ့သည့် အောင်ရဲထွေး ပြီးခဲ့သည့်နှစ် နှစ်သစ်ကူးပါတီရန်ပွဲကြောင့် သေဆုံးခဲ့ပြီးနောက် အမျိုးသားသုံးဦးကို ရဲက ထိန်းသိမ်းခဲ့ပြီး လူသတ်မှုဖြင့် လနှင့်ချီကာ စစ်ဆေးခဲ့သည်။
ပြီးခဲ့တဲ့လက ၎င်းတို့သုံးဦး စွဲချက်မတင်မီ ပြန်လွတ်လာခဲ့ပြီးနောက် နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံအနှံ့မှ လူအများ၏ ဝေဖန်မှုများ၊ အငြင်းအခုံများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ကိုအောင်ရဲထွေးသေဆုံးသည့်ညက အခင်းဖြစ်ပွားရာ ရန်ကုန် သုဝဏ္ဏ ပေါ်ဆန်းမွှေးလမ်းပေါ်ရှိ The One Entertainment တွင် နှစ်သစ်ကူးပါတီဆင်နွှဲသည့် ရာနှင့်ချီသော လူများအနက်မှ အခင်းဖြစ်ပွားခဲ့သည့်နေရာနှင့် အနီးကပ်ဆုံးတွင် ရှိခဲ့သူတစ်ဦးနှင့် အဆက်အသွယ်ရခဲ့ပါသည်။
ထိုစဉ်က မျက်မြင်တွေ့ရှိခဲ့သူ ကိုချမ်းကျော်ကို Myanmar Now က တွေ့ဆုံမေးမြန်းရန် အကြိမ်ကြိမ်ကမ်းလှမ်းခဲ့သည်ကို နောက်ဆုံးတွင် လက်ခံခဲ့ပြီးနောက် သြဂုတ်လအစောပိုင်းတွင် ရန်ကုန်ရှိ လုံခြုံသောနေရာတစ်ခုတွင် တွေ့ဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံမေးမြန်းခန်းမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
Myanmar Now ။ ။ ပထမဆုံးမေးချင်တာက အစ်ကိုက အဲ့ဒီအချိန်မှာ အောင်ရဲထွေးနဲ့ အဲဒီနေရာမှာ ဘယ်လိုဖြစ်လို့ ရှိနေတာလဲ။ ပြီးတော့ အစ်ကိုနဲ့ သူနဲ့ ဘယ်လိုများ ပတ်သက်လဲ။
ဖြေ ။ ။ ကျွန်တော်နဲ့ အောင်ရဲထွေးနဲ့ကတော့ ပတ်သက်မှု မရှိဘူး။ သူ့ကောင်မလေးက ကျွန်တော့်သူငယ်ချင်း။ ပြီးတော့ ကျွန်တော့်မိန်းမနဲ့ ကျောင်းနေဖက်ဖြစ်တယ်။ အဲဒီညက
ကျွန်တော်တို့ အဲဒီပွဲသွားဖို့ရှိတယ် လိုက်မလားဆိုတော့ သူတို့က လိုက်ချင်တယ်ဆိုပြီး လိုက်လာတာ။ ကျွန်တော်တို့ဝိုင်းမှာ ရှိနေတယ်။ အဲဒီဝိုင်းက ရှင်းရှင်းပြောရရင် VVIP ပေါ့။
တော်ရုံသာမန် Regular တို့ VIP တို့ သူတို့ခွဲထားတယ် လက်ပတ်တွေနဲ့။ အဲ့လိုလူတွေ တက်လို့မရဘူး။ VVIP ဆို VVIP သူ့အဆင့်အတန်းနဲ့သူ ရောင်းတာ။ သူတို့ (ဆိုင်က)
ရောင်းပြီးသားသူတွေပေါ့။ အဲဒီတုန်းက VVIP တစ်ဝိုင်းကို (လက်မှတ်ခ) ၁၅ သိန်းထင်တယ်။ ၁၀ သိန်းလား၊ ၁၅ သိန်းလား သိပ်မမှတ်မိတော့ဘူး။
Myanmar Now ။ ။ပြဿနာက ဘယ်လိုစဖြစ်တာလဲ။ ပြဿနာဖြစ်တဲ့အချိန်မှာ အစ်ကိုက ဘယ်နေရာမှာ ရှိနေတာလဲ။
ဖြေ ။ ။ ပြဿနာဖြစ်တဲ့အချိန်မှာ ကျွန်တော်က ကျွန်တော့ဝိုင်းရဲ့ ထိုင်ခုံမှာ ထိုင်နေတာ။ သူ့ကောင်မလေးနဲ့ သူနဲ့(အောင်ရဲထွေးတို့နှစ်ဦး) က လက်ရန်းပေါ့၊ ဝရန်တာလိုဟာမျိုး။
အဲ့ဒီလက်ရန်းရှေ့မှာ သူတို့ နှစ်ယောက်က ဖက်ပြီးကနေတာ။ ကနေရင်းနဲ့ အောက်ကနေ အဲ့ဒီကောင်လေးတွေက သူ့ကိုမြင်လို့လားမသိဘူး အပေါ်တက်လာပြီးတော့ ဘာမပြောညာမပြောနဲ့
သူ့ကောင်မလေးဆီကနေ ဆွဲလုပြီးတော့ ဝိုင်းရိုက်တယ်။ ရိုက်တော့ ဟိုကောင်လေး မှောက်နေတယ်။ ကျွန်တော်တောင် ထတော့ ကျွန်တော့သူငယ်ချင်းတစ်ယောက်က “ဟာအစ်ကို..
အစ်ကိုနဲ့ မဆိုင်ဘူး” ဆိုပြီး ကျွန်တော့ကို ဆွဲချလိုက်တယ်။ ကျွန်တော်က ပြန်ထိုင်လိုက်တယ်။ ပြန်ထိုင်လိုက်တဲ့အချိန်မှာ အောင်ရဲထွေးက မှောက်နေတယ်။ ပါးစပ်ထဲကနေ သွေးတွေ
ထွက်လာတော့ အဲဒီကျမှ လုံခြုံရေးတွေက သူ့ကို အပြင်ကို ခေါ်သွားတယ်။ ခေါ်သွားတဲ့အချိန်မှာ ကျွန်တော့မိန်းမနဲ့ သူ့ကောင်မလေးက လိုက်သွားတော့ ကျွန်တော်က ကျွန်တော့မိန်းမ
လိုက်သွားပြီဆိုတော့ နောက်ကနေ လိုက်သွားတယ်။ ဝင်းထိပ်ရောက်တော့ The One ကတာဝန်ရှိတဲ့သူတွေက သူတို့ကားနဲ့ ဆေးရုံပို့ပေးတယ်။ ပို့ပေးမယ်ဆိုတော့ ကျွန်တော်နဲ့
ကျွန်တော့မိန်းမက နေခဲ့တယ်။ ဆေးရုံကို သူ့ကောင်မလေးက လိုက်သွားတယ်။
Myanmar Now ။ ။ သူတို့ကအပေါ်တက်ပြီး ခိုက်ရန်ပြုတယ်လို့ ပြောတယ်။ သူတို့ဆိုတာ ဘယ်သူ့ကို ပြောတာလဲ။ ဒီရဲက ထုတ်ပြန်ထားတဲ့သုံးယောက်ကို ပြောတာလား။ သူတို့တွေပါလား။
ဖြေ ။ ။ အေးပေါ့၊ အေးပေါ့။ ပါတယ်ပါတယ်။ ပါတယ်ဆိုတာ အဲ့ဒီမှာ ဟိုကောင့်ကို ဆေးရုံပို့မယ် ဆိုတော့၊ လုံခြုံရေးတွေက ဓာတ်ပုံရိုက်ယူထားလိုက်တယ်။ The Oneက
လုံခြုံရေးတွေက သူတို့ကို ဓာတ်ပုံရိုက်ယူထားလိုက်တဲ့အတွက် ဒီကောင်တွေမှန်းသိလို့ ဒီကောင်တွေ နောက်နေ့ သွားအဖမ်းခံတာလေ။
Myanmar Now ။ ။ ရန်ပွဲဖြစ်ပြီးနောက်ပိုင်း ပါတီက ရပ်သွားလား။ ဆက်ပြီး ပျော်မြူးနေကြလား။
ဖြေ ။ ။ ပါတီကတော့ မရပ်သွားဘူး။ သူကဆက်ပြီး သူ့ဒီဂျေ ဖွင့်ရမဲ့အချိန်တိုင်းတော့ သူ့ဟာသူ အပိုင်းလိုက် ဖွင့်နေတာ။ ပွဲကတော့ မပျက်သွားပါဘူး။
Myanmar Now ။ ။ အဲ့ဒီအချိန်ကကော ရန်ပြုခဲ့တဲ့သူတွေက ဘယ်နေရာမှာ ရှိနေလဲ။
ဖြေ ။ ။ ဖြစ်ပြီးသွားမှကို ပြောတာလား။ ဖြစ်ပြီးသွားတော့ ပထမတော့ ဟိုသုံးယောက်ကို ဖမ်းထားတယ်။ The One က တာဝန်ရှိတဲ့သူက သူ့ကောင်မလေးကိုမေးတယ် အမှုဖွင့်မလား။
သူ့ကောင်မလေးကတော့ ပြောတယ်။ သိပ်ဒဏ်ရာမကြီးဘူး ထင်လို့ အမှုမဖွင့်ဘူးဆိုတော့ သူတို့ပြန်လွှတ်လိုက်တယ် ထင်ပါတယ်။ ပထမတော့ သူတို့ဖမ်းထားတာ။ ဖမ်းထားပြီး
ဓာတ်ပုံတွေဘာတွေ သူတို့ ရိုက်ယူထားလိုက်တယ်။ ဓာတ်ပုံရိုက်ယူပြီး ဖမ်းထားလို့လဲ ရဲစခန်းမှာ နောက်နေ့ သွားအဖမ်းခံတာလေ။
Myanmar Now ။ ။ အဲ့လူတွေက အစ်ကိုတို့နဲ့ ရန်ငြိုးရန်စ ရှိတဲ့သူတွေလား ။ အရင်တုန်းက မြင်ဖူးလား။
ဖြေ ။ ။ ကျွန်တော် မြင်လဲမမြင်ဖူးဘူး။ ရန်ငြိုးရန်စလည်း မရှိဘူး။ ဒါပေမဲ့ အောင်ရဲထွေးကို မြင်တာနဲ့တက်ရိုက်တယ်ဆိုတော့ ဒီကောင်တွေကတော့(အချင်းချင်း) ရန်စရှိခဲ့လို့ ဖြစ်မယ်။
Myanmar Now ။ ။ အောင်ရဲထွေး ဆေးရုံရောက်သွားတဲ့အချိန်မှာ အစ်ကို တူတူပါသွားလား။
ဖြေ ။ ။ မပါပါဘူး။ သူ့ကောင်မလေးပဲ ပါတယ်။ ကျွန်တော်နဲ့ကျွန်တော့မိန်းမက ကျန်ခဲ့တယ်။ ကျွန်တော့မိန်းမက (ဆေးရုံကို) လိုက်သွားမယ်ဆိုတော့ ကျွန်တော်က ကျွန်တော့မိန်းမကို
သွားခေါ်တယ်။ ပြီးတော့ အဲဒီဝိုင်းမှာ ခဏ ထိုင်တယ်။ ကျွန်တော်တို့လဲ ခဏနေတော့ ပြန်တော့တာပဲ။
Myanmar Now ။ ။ အဲ့ဒီအချိန်မှာ ခုနက ရန်ဖြစ်တဲ့သူတွေနဲ့ တွေ့သေးလား။
ဖြေ ။ ။ မတွေ့တော့ဘူး။
Myanmar Now ။ ။ ရဲကတော့ ထုတ်ပြန်တာ သုံးယောက်လို့ ပြောတယ်။ အစ်ကို့အမြင် ဘယ်နှယောက်ရှိလဲ။
ဖြေ ။ ။ ကျွန်တော့အမြင်လဲ သုံးလေးယောက်ပါဘဲ။ အဲဒီလောက်ပါဘဲ။ သူတို့က အုပ်စုလိုက် တက်လာတယ်ဆိုတော့။
Myanmar Now ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက ဒီအမှုနဲ့ပတ်သက်ပြီးသတင်းတွေ ဖတ်ရမှာပေါ့။ မျက်မြင်သက်သေတွေက (လူသတ်တရားခံ) ဘယ်သူတွေမှန်း သဲသဲကွဲကွဲမသိဘူး။ အထူးသဖြင့် စားပွဲထိုးတွေပေါ့။ လုံခြုံရေးတွေကို တရားရုံးက စစ်မေးပါတယ်။ လုံခြုံရေးတွေကလည်း ဘယ်သူမှန်း ရှင်းရှင်းလင်းလင်း မသိဘူးလို့ ပြောပါတယ်။ ဆိုတော့ ဒီဟာက တကယ်မမြင်နိုင်တဲ့ အကွာအဝေးမှာ ရှိနေတာလား။ ဒါမှမဟုတ် ရန်ပွဲဖြစ်နေတာကို စားပွဲထိုးတွေ(လုံခြုံရေးတွေ)က ရှင်းရှင်းလင်းလင်း မြင်နေရလား။
ဖြေ ။ ။ ရှင်းရှင်းလင်းလင်းတော့ မမြင်ရလောက်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီရုံကြီးက မှောင်နေတယ်။ ကျွန်တော်တို့တောင်မှ အပြင်ရောက်တော့မှ ဒီကောင်တွေကို မီးရောင်အောက်
ရောက်တော့မှ ဒီကောင်တွေမှန်း သိတာလေ။ ဦးထုပ် ဆောင်းထားတယ်။ ပြီးတော့ Hoody(ခေါင်းစွပ်အင်္ကျီပွ) ပေါ့။ Hoody ဆောင်းထားတယ်။ အထဲမှာတော့ စားပွဲထိုးတွေ ပြောတာ
ဖြစ်နိုင်တယ်။ သဲသဲကွဲကွဲ မမြင်ရလောက်ဘူး။ အပြင်ရောက်တော့မှ အောင်ရဲထွေးကို လုံခြုံရေးတွေနဲ့ အပြင်ရောက်တော့မှ “သူတို့လုပ်တာ…သူတို့လုပ်တာ” လို့ဖြစ်တဲ့အတွက် ဓာတ်ပုံ
ရိုက်ယူထားလိုက်တဲ့အတွက် အဲ့ဒီရောက်မှ ကျွန်တော်တို့သိတာ၊ ဒီကောင်တွေမှန်း။
Myanmar Now ။ ။ CCTV (လုံခြုံရေးကင်မရာ) မှတ်တမ်းကော ရှိလား။ ဘာကြောင့်လဲဆိုတော့ အင်မတန်မှဈေးကြီးတဲ့ စားသောက်ဆိုင်ကြီးဖြစ်နေတော့လေ။ အစ်ကိုသတိထားမိသလောက် CCTVမှတ်တမ်းတွေကော ရှိလား။
ဖြေ ။ ။ CCTV ကတော့ သူတို့တပ်ထားရင်တော့ ရှိမှာပေါ့။ နဲနဲတော့ သူတို့တပ်ထားမှာ။
Myanmar Now ။ ။ ဒီကိစ္စကိုတိုက်ရိုက်ညွှန်းတာ မဟုတ်ပေမဲ့ သမ္မတက ပြောတာရှိပါတယ်။ တရားရေးဘက်ကလည်း ဒါကိုပြန်ပြီး စိစစ်ဖို့ လုပ်နေတယ်။ တကယ်လို့သာ အစ်ကို့ကို သက်သေစာရင်းထဲမှာ ထည့်မယ်ဆိုရင် အစ်ကို သွားရောက်ပြီး သက်သေထွက်ပေးဖို့ ရှိလား။
ဖြေ ။ ။ အခုလိုပြန်ခေါ်မယ်ဆိုရင် ကျွန်တော် သေချာပေါက် သွားရောက်ဖြေမှာပါ။
Myanmar Now ။ ။ အောင်ရဲထွေးနဲ့ရန်ဖြစ်ခဲ့တဲ့သူတွေက ဘယ်လိုလူမျိုးလဲ။ အစ်ကိုတို့ အဲ့ဒါကို သိရလား။
ဖြေ ။ ။ ကျွန်တော် မသိဘူးဗျ။ အဲ့ဒါတော့။
Myanmar Now ။ ။ ဒီအမှုက အင်မတန်မှကို နာမည်ကြီးတဲ့အမှုဆိုတော့ တချို့ ကလည်း ခန့်မှန်းပြောဆိုတာတွေ ရှိတယ်။ မိသားစုကိုဖိအားပေးတာ ခြိမ်းခြောက်တာတွေ ရှိကောင်းရှိနိုင်တယ် ဆိုပြီး။ အစ်ကိုကကော အဲ့ဒါကို မစိုးရိမ်ဘူးလား။ အစ်ကို့ကို လာပြီး ရန်လုပ်မှာ ဖိအားပေးမှာ။
ဖြေ ။ ။ ကျွန်တော် အဲ့ဒါတော့မကြောက်ဘူး။
Myanmar Now ။ ။ ဘာကြောင့် Myanmar Now ကို လက်ခံပြီး စကားပြောလဲ။
ဖြေ ။ ။ ကျွန်တော်လဲ ကျွန်တော့ဟာကျွန်တော် ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန်နေတာ။ သမ္မတကိုယ်တိုင် နိုင်ငံတော်တရားရေးအရ ဖောက်ဖျက်ရာကျတဲ့ အမှုမျိုးတောင်မှ
ဒီလိုနာမည်ကြီး အမှုမျိုးတောင်မှ ဒီလိုတရားသူကြီးက ကွင်းလုံးကျွတ်လွှတ်ပေးတယ်ဆိုတော့၊ ကျွန်တော့်အမြင်အရ ကျွန်တော့အဖေတုန်းကတောင်မှ ကားတိုက်မှုလေးမှာ မတော်တဆမှု
ဖြစ်တာတောင်မှ တော်တော် ရှင်းယူရတဲ့ခေတ်မှာ အခုလို လူမြင်ကွင်းမှာ ဂျာနယ်တွေမှာပါသလိုပေါ့ တက်ရိုက်သွားပြီး လူသေသွားတဲ့ဟာကို ကွင်းလုံးကျွတ်လွတ်တယ်ဆိုတာ ဒါ …
တရားသူကြီးကို ကျွန်တော် လေးစားတယ်။(ရယ်လျက်)
Myanmar Now ။ ။ အောင်ရဲထွေးသေဆုံးပြီးနောက်မှာ သူ့မိသားစုက အင်မတန်မှကို တက်တက်ကြွကြွနဲ့ တရားခံတွေ ဖမ်းပေးဖို့ဆိုပြီး သတင်းမီဒီယာတွေကို ဖြေတယ်။ သူ့သားက အင်မတန်မှကို အပြစ်ကင်းစင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ အခုဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ သူတို့ဟာ ပျောက်နေတယ်။ သူတို့အသံ တိတ်နေတယ်။ ဘာ့ကြောင့်လို့ထင်လဲ။
ဖြေ ။ ။ ငွေကြေးကြောင့်လို့တော့ ကျွန်တော်ကထင်တယ်။ ဒါကတော့ ကျွန်တော့အထင်ပေါ့။ သူများကိုလည်း မပြောကောင်းပါဘူး။ သူတို့ကျေနပ်လောက်တဲ့အထိ ငွေကြေး
ပံ့ပိုးပေးလိုက်လို့လားမသိဘူး။ ကျွန်တော်ထင်တယ်။
Myanmar Now ။ ။ အစ်ကိုနဲ့ ကိုအောင်ရဲထွေးကောင်မလေးနဲ့ကော ဒီကိစ္စ ပြောဖြစ်လား။
ဖြေ ။ ။ အခုနောက်ပိုင်း ကျွန်တော်နဲ့က သိပ်မပြောဖြစ်ဘူးဗျ။
Myanmar Now ။ ။ ကျွန်တော်တို့သူ့ကို ဆက်သွယ်ပါတယ်။ ဒါပေမဲ့ ဆက်သွယ်ဖို့ အင်မတန်ခက်တဲ့အခြေအနေပါ။ သူကကော ဒီဆုံးဖြတ်ချက်ချပြီးနောက်မှာ တစ်စုံတစ်ရာ အံ့အားသင့်တာ ရှိပါသလား။
ဖြေ ။ ။ သူကတော့ ဒီလိုမျိုးဖြစ်နေတယ်ဆိုတာ သိနေတဲ့ပုံစံဘဲ။ ဟိုတလောက ကျွန်တော်တို့ဆုံတော့ အချိန်တန်ရင်လည်း သူတို့က သူတို့ဟာသူတို့ ပြီးသွားမှာတဲ့။ သူက
သူကြားသလောက်တော့ သူ့ကောင်လေးအိမ်က လျော်ကြေးပေးတာကို လက်ခံမယ်ထင်တယ်တဲ့။ အဲ့လိုမျိုးတော့ ပြောဖြစ်တာပေါ့။
Myanmar Now ။ ။ တရားရုံးက သက်သေမခိုင်လုံတဲ့အတွက် လွှတ်တယ်လို့ပြောပါတယ်။ သူ့မိသားစုက ဒီသုံးယောက်က အကယ်၍သာ တရားခံမဟုတ်ဘူးဆိုရင် ဘာလို့သတ်တဲ့သူတွေကို မရှာဘဲ နှုတ်ဆိတ်နေတယ် ထင်လဲ။
ဖြေ ။ ။ ဒီသုံးယောက် မသတ်ဘူးလို့ ဘယ်သူပြောတာလဲ။
Myanmar Now ။ ။ ကျွန်တော်ဆိုလိုတဲ့သဘောက သက်သေမခိုင်လုံတဲ့သဘော။ သူတို့ကိုလွှတ်တာက သတ်တယ်၊ မသတ်ဘူး ဆုံးဖြတ်တာမဟုတ်ဘဲနဲ့၊ သက်သေမခိုင်လုံဘူး
ဆိုပြီးတော့ လွှတ်လိုက်တဲ့သဘောဆိုတော့။
ဖြေ ။ ။ သက်သေမခိုင်လုံဘူးဆိုတာ သူတို့မခိုင်လုံတဲ့သက်သေတွေ စစ်ဆေးမေးမြန်းလို့ပေါ့။ ဒါပဲပေါ့။
Myanmar Now ။ ။ တခြားဖြည့်စွက်ပြောချင်တာ။ ကျွန်တော်မေးသင့်လျက်သားနဲ့ ကျန်ခဲ့တဲ့မေးခွန်းတွေရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ တရားရေးကိစ္စတော့ ကျွန်တော်ပြောချင်တာပေါ့။ လူမြင်ကွင်းမှာ ဒီလိုမျိုး လူလယ်ကောင်မှာ ဒီလိုမျိုးဖြစ်သွားတဲ့ အမှုကြီးကို တရားသူကြီးက၊ ရဲကလည်း ကန့်ကွက်နေတဲ့
ကြားထဲက တရားသူကြီးက ဒီလိုမျိုး အမိန့်ချလိုက်တာ ကျွန်တော်လဲ တော်တော်အံ့သြမိတယ်။ အံ့သြမိလို့လည်း ကျွန်တော်အခု အစ်ကိုတို့လာမေးတာကို လက်ခံစကားပြောတာ။ နို့မို့ဆို
ကျွန်တော်ဖြေမှာမဟုတ်ဘူး။