စစ်အာဏာသိမ်းပြီးနောက် အမေရိကန်ဒေါ်လာဈေးနှင့်အတူ စက်သုံးဆီဈေး မြင့်တက်လာသောကြောင့် အရေးကြီးကုန်စည်ပို့ဆောင်ခြင်းမှလွဲ၍ ကုန်တင်ကားများ ပြေးဆွဲမှုရပ်နားလာရသည်ဟု ကုန်တင်ကားဂိတ်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။
စစ်အာဏာမသိမ်းမီ ဇန်နဝါရီတွင် စက်သုံးဆီတစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ၇၀၀ ကျပ်၊ ဓာတ်ဆီ (92) ၆၅၀ ကျပ်သာ ရှိခဲ့သော်လည်း အောက်တိုဘာ ၄ ရက်တွင် ၁၆၅၀ ကျပ်အထိ မြင့်တက်ခဲ့သည်။ ထက်ဝက်မြင့်တက်လာသောကြောင့် တွက်ခြေမကိုက်ဖြစ်လာသည်ဟု ရန်ကုန်-မြဝတီ ကုန်စည်ပို့ဆောင်ပေးနေသည့် အမည်မဖော်ပြလိုသော ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
“ကုန်သည်တွေက(တန်ဆာခ) မတိုးပေးဘူး။ ဈေးက အရင်အတိုင်းပဲပေးတယ်။ ဈေးတင်ပြီးတော့ တန်ဆာခယူမယ်ဆိုရင် ဘေးလူက ကျွန်တော်တို့ထက် လျှော့ယူပြီးတော့ တင်သွားတယ်။ ကျွန်တော်တို့က မြဝတီနဲ့ ရန်ကုန်နဲ့ဆွဲတာ။ တော်တော်များများက နားနေရတယ်။ မကိုက်လို့ဆိုပြီးတော့ Owner တွေက ဆီဈေးက တက်၊ တန်ဆာခက မရဆိုတော့ အကုန်လုံးနားနေရတာ”ဟု ၎င်းက ပြောသည်။
ထိုင်းဘတ်ဈေးနှင့် ဒေါ်လာဈေးမြင့်တက်မှုကြောင့် သွင်းကုန်အသစ်တင်သွင်းမှုမရှိတော့ဘဲ ဂိုဒေါင်အတွင်းရှိ လက်ကျန်ပစ္စည်းများသာ ပို့ဆောင်ပေးနေရသလို ပို့ကုန်တင်ပို့မှုလည်းနည်းပါးကာ ပုံမှန်အားဖြင့် တစ်ရက်လျှင် မြဝတီ-ရန်ကုန်ပြေးဆွဲသည့် ကုန်တင်ကား အစီး ၅၀ရှိပါက ၁၅ စီးခန့်သာ ပြေးဆွဲနိုင်ကြောင်း ၎င်းက ဆိုသည်။
ပြေးဆွဲမှုအချို့ကို ခတ္တရပ်နားကာ စက်သုံးဆီဈေးနှုန်းကို စောင့်ကြည့်နေပြီး ဈေးထပ်တက်ဦးမည်ဆိုပါက လုံးဝရပ်နားရမည့် အခြေအနေဖြစ်လာနိုင်ကြောင်း ရန်ကုန်မှ ရှမ်းပြည်နယ်(တောင်ပိုင်း) ပြေးဆွဲပေးနေသည့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“ဒီထက် ထပ်တက်လာရင်တော့ ကုန်ဈေးနှုန်းထပ်တက်ရင် စားသုံးသူက ထိမှာကိုး။ အဲလိုဆိုရင် ကားခတွေက ဈေးပိုယူလို့မရဘူး။ ဆီဈေးနှုန်းသာ ဒီထက် တရိပ်ရိပ်နဲ့ ထပ်တက်မယ် တစ်လီတာကို ၂,၀၀၀ နီးပါးလောက် ဖြစ်သွားရင် ကျွန်တော်တို့ ကားတွေက လုံးလုံးရပ်နားထားရမှာပေါ့။ သွားလို့လာလို့ အဆင်မပြေတော့ဘူး” ဟု ၎င်းက ဆိုသည်။
ရန်ကုန်- တောင်ကြီးတစ်ခေါက်လျှင် လေးသိန်းမှ လေးသိန်းခွဲအထိ ကျန်သော်လည်း ဆီဈေးတက်သည်နှင့်အမျှ အမြတ်ရရှိမှုနည်းလာပြီး တစ်ခေါက်လျှင် ၈၀,၀၀၀ ကျပ်ဝန်းကျင်သာ ကျန်တော့မည်ဆိုပါက အရင်းနှင့် အမြတ် မကာမိတော့ကြောင်း ၎င်းက ဆက်ပြောသည်။
စက်သုံးဆီဈေးမှာ ရုတ်တရက်ကျဆင်းမည့် အခြေအနေမရှိကြောင်း၊ ဆီဆိုင်များစွာရှိသော်လည်း ဝယ်ယူခွင့်ကို ကားတစ်စီးလျှင် ကျပ် ၂၀,၀၀၀၊ ၅၀,၀၀၀ အထိသာ ဝယ်ယူရန် ကန့်သတ်မှုများရှိကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိရပ်နားထားသည့် ကုန်တင်ကားအရေအတွက်အတိအကျကိုမူ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။
စစ်ကောင်စီ၏ ဗဟိုဘဏ်က စက်သုံးဆီဈေးမြင့်တက်လာမှုကို ထိန်းသိမ်းရန် စက်သုံးဆီတင်သွင်းသူများကို ဒေါ်လာတိုက်ရိုက်ရောင်းချပေးကာ သတ်မှတ်ဆိုင်များမှတစ်ဆင့် ခွဲတမ်းဖြင့် ဈေးလျှော့ရောင်းချပေးသော်လည်း အကန့်အသတ်ရှိသည့်ပြင် ကျယ်ကျယ်ပြန့်ပြန့်မရှိကြောင်း ကုန်တင်ကားလုပ်ငန်းရှင်များက ဆိုသည်။
ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းဖြင့် ဒေါ်လာတိုက်ရိုက်ရောင်းချ၍ ပြည်ပမှ တင်သွင်းလာသော စက်သုံးဆီကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ရောင်းချပေးနေပြီး ရန်ကုန်ဈေး ဓာတ်ဆီ(92) တစ်လီတာ ၁,၁၂၂ ကျပ်၊ ရိုးရိုးဒီဇယ် ၁,၁၁၇ ကျပ်ဖြစ်ပြီး မြို့အလိုက် ဈေးကွာခြားကြောင်း စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စက်သုံးဆီကို ရန်ကုန်မှတစ်ဆင့် အခြားမြို့ကြီးများသို့ အဓိကဖြန့်ဖြူးရောင်းချခြင်းဖြစ်ပြီး ခရီးကွာဝေးပါက ဈေးပိုမြင့်တက်လာသောကြောင့် နယ်ဝေးပြေးဆွဲသည့် ကုန်တင်ယာဉ်လိုင်းများ ပိုမိုတွက်ခြေမကိုက်ကြောင်း အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်သက်က ပြောသည်။
တွက်ခြေမကိုက်၍ ရပ်နားသည့်ကားများရှိသော်လည်း ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတွင် ကုန်သည်ပိုင်၊ ကုမ္ပဏီပိုင် ကားများစွာရှိသောကြောင့် စာချုပ်ချုပ်ဆိုကာ ကုန်စည်ပို့ဆောင်ပေးနေသည့် ကုန်တင်ကားများမှာ ပုံမှန်ပြေးဆွဲပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တစ်စုံတစ်ရာ တအားကြီး ခက်ခဲသွားတဲ့ဟာဆိုရင်တော့ တစ်မျိုးပေါ့။ အဲ့လိုမဟုတ်ဘူးဆိုရင် ဒီဈေးသည် တစ်ပိဿာကို ၅၀ ဆိုရင် ၅၀ နှုန်းပဲ ချုပ်ထားတဲ့အတွက် ရှုံးရှုံးမြတ်မြတ် ဆွဲပေးရမှာ စာချုပ်ချုပ်ထားတဲ့အတွက်” ဟု ၎င်းက ဆိုသည်။
သို့သော်လည်း လက်ရှိတွင် ကုန်ရှားပါးနေကြောင်း ယခင်နှစ်က တင်ဒါခေါ်ယူမှုများ၊ ဆောက်လုပ်ရေးနှင့် အခြားကုန်ပစ္စည်းများပို့ဆောင်ပေးရသော်လည်း ယခုအခါ စားသောက်ကုန်၊ တစ်ကိုယ်ရေသုံးပစ္စည်းနှင့် ဆေးဝါးများကိုသာ အဓိကတင်ပို့ရကြောင်း၊ ဆောက်လုပ်ရေးပစ္စည်းများမှာ ဒေါ်လာဈေးမြင့်တက်မှုကြောင့် ဝယ်ယူမှုနည်းကြောင်း ၎င်းက ဆိုသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p