မြန်မာနိုင်ငံတဝန်း စက်သုံးဆီ ပြတ်လပ်မှုနှင့်ဆီမှောင်ခိုဈေးကွက်ကြီးမြင့်နေချိန်၌ စက်သုံးဆီ မသမာမှုများပြုလုပ်သည်ဆိုကာ နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့တို့အပါအဝင် မြို့ကြီးအချို့မှ စက်သုံးဆီအရောင်းဆိုင် ၁၇ ဆိုင်ကို စစ်တပ်ကအရေးယူထားကြောင်း သိရှိရသည်။
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ”TGB”၊ ပုဗ္ဗသီရိမြို့နယ်ရှိ”ရွှေပိုး”၊ “Terminal 001”၊ မန္တလေး ပုသိမ်ကြီးမြို့နယ်ရှိ၊ “Away”၊အမရပူရမြို့နယ်ရှိ “အောင်ဗိုလ်ဟိန်း”၊ စဉ့်ကိုင်မြို့နယ်ရှိ” စိန်စီအောင်”၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ “အောင်သန်းကျော်”၊ “အောင်သိဒ္ဒိ”၊ “ရွှေခြင်္သေ့”၊ “မိုးကောင်ကင်”၊ စွမ်းအင်နှင့် ရန်ကုန် သံလျင်မြို့နယ်ရှိ “Apex”၊ ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ “BOC”၊ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ “စွမ်းမြန်မာ”၊ “Parent Love-01”၊ကျိုက်မရောမြို့နယ်ရှိ “Puma Power”၊ပေါင်မြို့နယ်ရှိ “မင်းသန်း-၉” အစရှိသည့် စက်သုံးဆီအရောင်းဆိုင် ၁၇ ဆိုင်ကို ယာယီလိုင်စင်ပိတ်သိမ်းခြင်းနှှင့် အရောင်းဆိုင်တာဝန်ရှိသူများကို အရေးယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ဆိုင်တာဝန်ရှိသူတွေပါ ဖမ်းသွားတယ်ပြောတယ်။ ပြန်လွတ်၊မလွတ်တော့ မသိရသေးဘူး ။ ညှိနှိုင်းနေတဲ့ အခြေအနေပေါ့”ဟု မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ရှိ အရေးယူခံရသည့် စက်သုံးဆီဆိုင်အနီးနေထိုင်သူ မြို့ခံအမျိုးသားက Myanmar Now ကိုပြောသည်။
ထို့ပြင် စစ်ကော်မရှင်သည် Bar Code/QR Code များ Scan ဖတ်ခြင်းမပြုဘဲ ရောင်းချသည်ဆိုကာ နေပြည်တော်မှ စက်သုံးဆီဆိုင် (၃) ဆိုင်၊ရန်ကုန်တိုင်းဒေသကြီးမှ စက်သုံးဆီဆိုင် (၄) ဆိုင်၊ မန္တလေးတိုင်းဒေသကြီးမှ အရောင်းဆိုင် (၁၀) ဆိုင်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့မှ အရောင်းဆိုင်(၇ ) ဆိုင်စုစုပေါင်း(၂၄)ဆိုင်တို့ကို ပြင်းထန်စွာသတိပေးထားပြီး၊ လိုက်နာမှုမရှိကြောင်းထပ်မံတွေ့ရှိပါက ထိထိရောက်ရောက်အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
မတ်လ ၃၀ ရက်နေ့ကလည်း စစ်ကိုင်းမြို့၊ ညောင်ပင်ဇင်ကျေးရွာအနီးရှိ ဆီသိုလှောင်ခြံ ငါးခုကိုလည်း စစ်တပ်ကဝင်ရောက်ရှာဖွေခဲ့ပြီး မှောင်ခိုရောင်းဝယ်နေသူ ၁၇ ဦးကို ဖမ်းဆီးခဲ့ပြီး စက်သုံးဆီသယ်ယာဉ် အမျိုးအစား၂၂ စီး၊ ဆီဂါလံပေါင်း ခြောက်သောင်းကျော်နှင့် အရောင်းအဝယ်ပြုလုပ်သည့်ငွေကြေးများ ကို သိမ်းဆည်းသွားကြောင်း ဒေသခံများထံကသိရှိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံတဝန်း၌ စက်သုံးဆီပြတ်လတ်မှုအား ဆိုးရွားစွာကြုံတွေ့နေရပြီး၊ ပြည်သူများက ညအိပ်တန်းစီရသည်အထိ စက်သုံးဆီရရှိရန် ခက်ခဲသည့်အခြေအနေကိုရောက်ရှိနေသည်။

ထိုအခြေအနေတွင် အချို့သောစက်သုံးဆီဆိုင်ကြီးများသည် မှောင်ခိုကိုယ်စားလှယ်ရောင်းချသူများကို ဈေးနှုန်းမြှင့်၍ လိုသလောက် အလွယ်တကူရောင်းချပေးနေပြီး ထိုသူများက ဈေးကွက်အတွင်း နှစ်ဆ သုံးဆ တင်၍ တစ်လီတာပေါက်ဈေး ၁၇၀၀၀ အထိ ဈေးမြှင့်တင်ရောင်းချနေသည်။
“ညအိပ်မတန်းနိုင်တဲ့သူတွေ၊ အရေးပေါ် ခရီးသွားလာစရာ ရှိတဲ့သူတွေက ဝယ်စီးကြတာပဲ။ ဒီတော့ မှောင်ခိုဈေးကွက်ကလည်းပိုကြီးလာတာပဲ။ သူ့ချိတ်နဲ့သူရောင်းကြဝယ်ကြတာပဲ”ဟု အထက်ပါ မန္တလေးမြို့ခံအမျိုးသားကဆိုသည်။
ဆီဆိုင်ကြီးများတွင် တန်းစီဝယ်ယူပါက ဆိုင်ကယ်တစ်စီးလျှင် ၄၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်ဖိုး အထိသာ အမြင့်ဆုံးရောင်းချပေးလေ့ရှိသည်။ သို့သော် ထို နှစ်လီတာခန့်စက်သုံးဆီအား ဝယ်ယူရရှိရန် အပူချိန် မြင့်မားသည့်နေ့လယ်ချိန်တွင် နာရီပေါင်းများစွာတန်းစီရခြင်း၊ နေ့ပိုင်းတွင်တန်းစီရသက်သာစေရန် ဆီဆိုင်ကြီးများရှေ့တွင် ညအိပ်တန်းစီစောင့်ဆိုင်းခြင်းတို့ လုပ်ဆောင်နေကြရသည်။
စက်သုံးဆီဆိုင်ကြီးများက ပြီးခဲ့သည့်မတ်လလယ်တွင် ဆိုင်ကယ်များကို စုံ/မ စနစ်ခွဲခြား၍ ရောင်းချခြင်း၊ လိုင်စင်မဲ့ဘီးများကို ဆီမရောင်းချခြင်း၊ ယာဉ်အထောက်အထား စာရွက်များနှင့် ဆိုင်ကယ်ဦးထုပ်ပါမှ ရောင်းချပေးခြင်း၊ Scan ဖတ်၍ရောင်းချပေးခြင်း၊ ရက်အကန့်အသတ်ဖြင့် ရောင်းချခြင်း စသည်တို့ပြုလုပ်ခဲ့သော်လည်း တန်းစီဝယ်ယူသည့်စနစ် မဖြေရှင်းနိုင်သေးကြောင်း ဒေသခံများကပြောသည်။
“အဓိကက သူတို့ထုတ်တဲ့ပေါက်တတ်ကရ အမိန့်တွေကြောင့် ပိုဆိုးသွားတာလည်းပါတယ်။ ဆီချွေတာသုံးဖို့စပြီး ထုတ်ပြန်လိုက်ကတည်းက လူတွေကကြောက်ကုန်ကြတာ။ လှောင်ကုန်ကြတာ”ဟု ပြင်ဦးလွင်မြို့ခံ အမျိုးသားတစ်ဦးကလည်းဆိုသည်။
စစ်ကော်မရှင်၏ စုံ/မ စနစ်နှင့်၊ Scan ဖတ်၍ ရောင်းချခြင်းစနစ်သည်လည်း ဆီချွေတာရေးကို သက်ရောက်မှုမရှိစေဘဲ အခြေခံလူတန်းစားများကို ပိုမိုဖိနှိပ်ရာရောက်ပြီး ရိုက်ခတ်မှုကြီးမားခဲ့သည်ဟု ၎င်းကပြောသည်။
“လိုင်စင်မဲ့ဘီးပဲ စီးနိုင်တဲ့ စက်ရုံ၊ အလုပ်ရုံနဲ့ပန်းရံသမားလေးတွေ၊ အခြေခံလူတန်းစားလေးတွေ အထိနာတာပေါ့။ သူတို့ကို ပိုဖိနှိပ်ရာရောက်တယ်။ အခုချိန် သူတို့တွေကပဲ မှောင်ခိုဈေး ကြီးကြီးပေးပြီး စီးနေရတာ။ ဆီတစ်လီတာက သူတို့တစ်ရက်လုပ်အားခ နှစ်ဆဖြစ်နေတယ်”ဟုဆိုသည်။



