သတင်း

ရေးမြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသူကို စစ်တပ်က ပစ်သတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်က စိတ်ကျန်းမာရေးမကောင်းသည့် လူငယ်တစ်ဦး စစ်ကောင်စီ၏ ပစ်သတ်ခြင်းခံရပြီး အလောင်းပင် ပြန်သယ်ခွင့်မရကြောင်း မိသားစုဝင်ထံမှ သိရသည်။

ပစ်သတ်ခံရသူမှာ ရေးမြို့နယ်၊ ခေါဇာမြို့တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် ကိုရဲနိုင်ဦးဖြစ်ကာ စစ်တပ်အစီအစဉ်ဖြင့် သင်္ဂြိုဟ်ခဲ့ကြရသည်။

စက်တင်ဘာ ၂၈ နံနက်ပိုင်းတွင် နေအိမ်မှ ထွက်သွားပြီး ပြန်ရောက်လာခြင်း မရှိဘဲ ည ၇ နာရီတွင် ခေါဇာရဲစခန်းက သေဆုံးကြောင်း အကြောင်းကြားလာသည်ဟု ကိုရဲနိုင်ဦး၏ အစ်မဖြစ်သူ မိချိုသက်ဦးက Myanmar Now ကို ပြောသည်။

ခေါဇာရဲတပ်ဖွဲ့၏ အဆိုအရ ကိုရဲနိုင်ဦးသည် နေအိမ်မှ ၁၈ မိုင်အကွာရှိ စစ်တပ်တပ်စွဲထားသော ရေးမြစ်ကူးတံတား (ချောင်းတောင်) ဂိတ်တွင် စစ်ဆေးမေးမြန်းမခံဘဲ ထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်သည်ဟု မိချိုသက်ဦးက ဆိုသည်။

“ဖြစ်ရပ်မှန်က ကျွန်မတို့ မသိသေးဘူး။ သူတို့ပြောတဲ့အတိုင်း လက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမောင်လေးက စိတ်ဝေဒနာရှင်ဖြစ်တဲ့အတွက်ကြောင့် ပြေးမှာပေါ့၊ စိတ်မှမမှန်တာ။ ဒါပေမဲ့ ကျွန်မက တစ်ခွန်းပြန်ပြောလိုက်သေးတယ်၊ သေတဲ့အထိ ပစ်ရတာလား” ဟု ၎င်းက ပြောသည်။ 

ကိုရဲနိုင်ဦးသည် စိတ်ရောဂါဖြစ်နေသည်မှာ ခြောက်လခန့်ရှိပြီဖြစ်ကာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေရာမှ အိမ်ပြန်ရောက်သည်မှာ နှစ်ရက်သာရှိကြောင်း၊ မိသားစုဝင်များ တားမြစ်ထားသည့်ကြားက နံနက် ၉ နာရီ ခန့်တွင် ကွမ်းယာဝယ်ရန် အပြင်ထွက်သွားကြောင်း မိချိုသက်ဦးက ဆိုသည်။

“သူက စိတ်မမှန်ဘူး။ အိမ်ကလူလည်း မထင်ထားဘူး၊ သူလမ်းလျှောက်သွားတာ ရေးချောင်းတောင်တံတားအထိ သွားတယ်ဆို လုံးဝမမှန်းဆထားဘူး။ ခေါဇာနဲ့ ရေးက တော်တော်ဝေးတာပေါ့။ နည်းတဲ့ခရီးမှ မဟုတ်တာ။ ပုံမှန်လူဆို ဘယ်သူမှ လမ်းမလျှောက်ဘူး” ဟု ၎င်းက ပြောသည်။ 

စက်တင်ဘာ ၂၈ ရက် ညနေ ၆ နာရီခန့်က ရေးမြစ်ကူးတံတား (ချောင်းတောင်) ဂိတ်တွင် ကိုရဲနိုင်ဦးကို စစ်သားသုံးယောက်က ရိုက်နှက်စစ်ဆေးပြီးနောက် မကြာမီတွင် သေနတ်သံငါးချက် ကြားလိုက်ရကြောင်း တံတားအနီးတွင် နေထိုင်သူ မိတ်ဆွေများထံမှ သိရသည်ဟုလည်း မိချိုသက်ဦးက ဆိုသည်။ 

“ကျွန်မတို့ ဝမ်းအနည်းဆုံးက သူစိတ်ဝေဒနာ ခံစားနေရတယ်။ သူ့မှာ ဘာလက်နက်မှ မပါဘူး။ ဆိုင်ကယ်တောင်မပါဘူး။ သူ့မှာ မှတ်ပုံတင်နဲ့ ဖုန်းပဲပါတယ်။ ကျွန်မမောင်လေးက ရိုးရိုးသားသားသေသွားတာ မဟုတ်ဘူး။ သူတို့ရိုက်နှက်တာ လက်လွန်သွားပြီး သေဆုံးသွားတာ” ဟုလည်း ၎င်းက ပြောသည်။ 

ကိုရဲနိုင်ဦး၏ အလောင်းကို နေအိမ်ပြန်သယ်ခွင့်မရသည့်အပြင် မျက်နှာမှလွဲ၍ ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများ ကြည့်ရှုခွင့် မရခဲ့ပေ။ (ဓာတ်ပုံ − Supplied) 

စက်တင်ဘာ ၂၉ ရက်တွင် ရေးမြို့နယ်ဆေးရုံသို့ သွားရောက်ခဲ့သော်လည်း အလောင်းထုတ်ယူခွင့် မရခဲ့ဘဲ မွန်းလွဲပိုင်းတွင် ရဲနှစ်ဦးလိုက်ပါလျက် ရေးသုသာန်တွင် သင်္ဂြိုဟ်ခဲ့ရပြီး မိသားစုဝင်အနည်းငယ်ဖြင့်သာ နာရေးပြုလုပ်ခဲ့ရသည်ဟု သိရသည်။   

ရုပ်အလောင်းပြသချိန်တွင် မျက်နှာမှလွဲ၍ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖွင့်ကြည့်ခွင့်မပေးကြောင်း၊ ကိုရဲနိုင်ဦး၏ မျက်နှာတွင် ဒဏ်ရာများ၊ သွေးစများ တွေ့ရကြောင်း မိချိုသက်ဦးက ဆိုသည်။

ထို့ပြင် သေဆုံးသူကိုင်ဆောင်ခဲ့သည့် တယ်လီဖုန်းနှင့် မှတ်ပုံတင်ကတ်ကိုလည်း ရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာ ၁) အထိ ပြန်မပေးသေးကြောင်း သိရသည်။

စစ်သားများက ရိုက်နှက်စစ်ဆေးကာ ပစ်သတ်ခဲ့သည်ဟု ယူဆရသော ရေးမြို့နယ် ခေါဇာမြို့တွင် နေထိုင်သူ ကိုရဲနိုင်ဦး သေဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိသည့်အပြင် သက်ဆိုင်ရာ ရဲစခန်းနှင့် စစ်ကောင်စီတာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

စက်တင်ဘာ ၂၀ ရက်ကလည်း ရေးမြို့နယ် ချောင်းတောင်တံတားဂိတ်တွင် အမျိုးသားတစ်ဦးကို စစ်သားများက ပစ်သတ်ခဲ့သည်။ 

အာဏာသိမ်းပြီး ရှစ်လကျော်အကြာအထိ နိုင်ငံတစ်ဝန်းတွင် အာဏာသိမ်းမှုဆန့်ကျင်သူများကို စစ်ကောင်စီက ဆက်လက်ပြီး ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်သည့် ပြည်သူ့တော်လှန်ရေးစတင်ကြောင်း စက်တင်ဘာ ၇ ရက်တွင် ကြေညာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများအပါအဝင် ဒေသအသီးသီးတွင် တိုက်ပွဲများပြင်းထန်နေသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button