
(ရန်ကုန်) – ရှေ့နေဦးကိုနီ လုပ်ကြံခံရသည့်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိနေခြင်းမှာ ၎င်း၏သားဖြစ်သူ အလုပ်ကိစ္စကြောင့် ရဲမှူးကြီးတစ်ဦးနှင့် တွေ့ဆုံရန် ဖြစ်သည်ဟု လေဆိပ်လုပ်ကြံမှု သံသယ တရားခံ ဦးအောင်ဝင်းဇော်က မြောက်ပိုင်း ခရိုင်တရားရုံးတွင် ယနေ့ထွက်ဆိုခဲ့သည်။
လေဆိပ်လုပ်ကြံမှု သံသယတရားခံ အောင်ဝင်းဇော်ကို နံနက် ၁၀ ခွဲမှ မွန်းလွဲ ၃ နာရီထိ ရန်ကုန် မြောက်ပိုင်း ခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ပြီး ထိုစစ်ဆေးမှုတွင် တရားလိုရှေ့နေ ဦးနေလ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။
ဦးအောင်ဝင်းဇော်က သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီလုပ်ကြံခံခဲ့ရသည့် ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက်က သားဖြစ်သူ လေယာဉ်မှူး အလုပ်လုပ်ကိုင်ရန် အတွက် ညီဖြစ်သူ အောင်ဝင်းခိုင်နှင့် လေဆိပ်တွင် ချိန်းဆိုထားခြင်းကြောင့် ရောက်ရှိနေခြင်းဖြစ်သည်ဟုထွက်ဆိုခဲ့သည်။
ယခုအချိန်အထိ ထွက်ပြေးလွတ်မြောက်နေသည့် ဦးအောင်ဝင်းခိုင်နှင့် လေဆိပ်တွင် ချိန်းဆိုမှုမှာ ဦးကိုနီလုပ်ကြံခံရမှုနှင့် မသက်ဆိုင်ဟု လည်းဆိုသည်။
သူ၏သားဖြစ်သူ လေယာဉ်မှူးအလုပ် လုပ်ကိုင်နိုင်ရန်အတွက် ညီဖြစ်သူ ဦးအောင်ဝင်းခိုင်နှင့်သိကျွမ်း သည့် လေဆိပ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဝင်းမင်းသိန်းကို လေဆိပ်တွင်လာရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု တရားခွင်တွင် ထွက်ဆိုခဲ့သည်။
တရားလွှတ်တော်ရှေ့နေ ဦးနေလက ရန်ကုန်လေဆိပ် CCTV မှတ်တမ်းများကို စစ်ဆေးရာတွင် ဦးကိုနီ လုပ်ကြံမှုသည် ၎င်းတို့ညီအစ်ကို နှစ်ဦး၏ ဦးဆောင် စီမံခန့်ခွဲမှုများ မှတဆင့် ပေါ်ပေါက်ခဲ့သည်မှာ မှန်ကန်သလား ဟု တရားခွင်တွင် မေးမြန်းရာတွင် ဦးအောင်ဝင်းဇော်က ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က လေဆိပ်လုပ်ကြံမှု သံသယတရားခံ အောင်ဝင်းဇော်၏ သက်သေထွက်ဆိုချက်မှာ အကြောင်းပြချက်သာဖြစ်ပြီး ရဲမှူးကြီးဝင်းမင်းသိန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရုံးထိုင်ခြင်း မဟုတ်ဟု ပြောသည်။
“နိုင်ငံတကာ လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်မှုမှာ (လေဆိပ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး) ဝင်းမင်းသိန်းရဲ့ အခန်းကဏ္ဍ ကပါနေ မယ်။ ပြည်သူအများမှာ ထင်ယောင်ထင်မှားဖြစ်သွားနိုင်တယ်။
သူရဲ့ ရာထူးပါ ထိခိုက် သွားနိုင်တယ်။ ပြီးတော့ ရဲမှူးကြီး ဝင်းမင်းသိန်းကအဲဒီ မှာရုံးထိုင်တာမဟုတ်ဘူး။ သူ့ရုံးကသက်သက်ဗျ”ဟု တရားခွင်က အထွက်တွင် ၎င်းကပြောသည်။
လေဆိပ်လုပ်ကြံမှု ဖြစ်ပွားခဲ့ပြီးနောက် ဦးအောင်ဝင်းဇော်ကို ဇန်နဝါရီလ ၃၀ ရက် နံနက် ၄ နာရီ ၂၀ ခန့်တွင် သံလွင်တံတား (ဘားအံ) တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်သို့ခေါ်ယူ စစ်ဆေးခဲ့သည်။
ထို့နောက် အာဏာပိုင်များက ဦးကိုနီလုပ်ကြံမှုနှင့်ပတ်သက်ပြီး လူသတ်ရန် ပူးပေါင်းကြံစည်မှု ပုဒ်မ ၃၀၂(၁)၊လက်နက် ဥပဒေ ပုဒ်မ ၁၉(စ)တို့ဖြင့် အောင်ဝင်းဇော်ကို အမှုဖွင့် ဖမ်းဆီးခဲ့ သည်။
မြောက်ပိုင်းခရိုင် တရားရုံး၊အထူးခုံရုံးက ပုဒ်မ ၂ခုဖြင့် စွဲချက်တင်ခဲ့ခြင်းကို ဦးအောင်ဝင်းဇော်၏ ရှေ့နေဖြစ်သူက ရန်ကုန်တိုင်းဒေသကြီး တရားရုံးသို့ ပြင်ဆင်ချက် တင်သွင်းခဲ့သည်။
ဇွန်လ၁၈ ရက်နေ့တွင်ရန်ကုန်တိုင်းဒေသကြီး တရားရုံးက ဦးအောင်ဝင်းဇော်ကို လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)မှ ပယ်ဖျက်ပေးခဲ့သည်။