ဆောင်းပါး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၃၃ နှစ်ကြာ နိုင်ငံရေးခရီးကြမ်း

“အဖွဲ့ချုပ်ကို စပြီးတော့ ထူထောင်တုန်းကဆိုရင် ဒီတံဆိပ်ကို တပ်နိုင်ဖို့ဟာ အင်မတန်ကိုမှ မလွယ်ကူတဲ့ ကိစ္စပါ။ ဒီတံဆိပ်လေးတပ်ရုံနဲ့ အာဏာပိုင်တွေက ဒုက္ခပေးတာကိုလည်း ခံခဲ့ရတဲ့သူတွေ အများကြီးရှိပါတယ်” 

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂၇ က ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပါတီ ၃၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD  အလံနှင့် တံဆိပ်၏ အဓိပ္ပာယ်လေးနက်မှုကို ပါတီမျိုးဆက်သစ်လူငယ်များကို ရှင်းပြနေခြင်းဖြစ်သည်။

ထိုသို့ပြောကြားပြီး လပိုင်းအကြာတွင် သမိုင်းဘီးတစ်ပတ်လည်သည့် စစ်အာဏာသိမ်းမှုကို ရင်ဆိုင်ခဲ့ရပြီး သူအပါအဝင် အစိုးရအဖွဲ့ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

ယခုလ ၂၇ တွင် ကျရောက်သည့် NLD ပါတီ၏ ၃၃ နှစ်မြောက်ပါတီ နှစ်ပတ်လည်နေ့တွင်တော့ ပါတီဝင်များဖြင့် စည်ကားခဲ့ဖူးသည့် ရန်ကုန်မြို့ ပါတီရုံးချုပ်သည် ပါတီဝင် တစ်ဦးတစ်ယောက်မျှမရှိဘဲ တိတ်ဆိတ်နေခဲ့သည်။ 

နိုင်ငံအနှံ့အပြားရှိ NLD ပါတီရုံးများမှာလည်း သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေပြီး ပါတီရုံးများ၏ အခြေအနေကို အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်းတို့၏ ဒလန်များက နေ့ညမပြတ် စောင့်ကြည့် ထောက်လှမ်းနေကြသည်။ 

NLD ပါတီဝင်အမြောက်အမြားမှာ စစ်တပ်၏ အကြမ်းဖက်ဖမ်းဆီးခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်းများဖြင့် နေ့စဉ် ရင်ဆိုင်နေရသည်။ 

မန္တလေးမြို့တွင် နေထိုင်သူ ပါတီဝင်တစ်ဦးဖြစ်ပြီး ပရဟိတသမားဖြစ်သူ ဦးသန်းထွန်းဦး (ခ) ကိုဖက်တီး၊ ပါတီဝင် ဦးရဲရင့်၊ မကွေးတိုင်း စလင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးနိုင်လင်းတို့ ၃ ဦးမှာ စက်တင်ဘာ ဒုတိယပတ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပင် သေဆုံးခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ ကိုင်ဆောင်ထားကြသည် မန္တလေးမှ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သူများ။

ထို့ပြင် စက်တင်ဘာ တတိယပတ်တွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူကျေးရွာတွင် နေထိုင်သည့် NLD ပါတီထောက်ခံသူ မိသားစုတစ်စုကို စက်တင်ဘာ ၂၁ ၌ အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ပစ်ခတ်ခဲ့ရာ တစ်နှစ်အရွယ်ကလေးအပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၂ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။ 

ပါတီ၏ ဝါရင့်ခေါင်းဆောင် ရှေ့နေ ဦးဉာဏ်ဝင်းမှာ အကျဉ်းထောင်တွင်း ဆေးဝါးကုသမှု လုံလောက်စွာ မရရှိခြင်းကြောင့် သေဆုံးခဲ့ရပြီး NLD ပါတီဝင် အများအပြားမှာလည်း နှိပ်စက်ညှဉ်းပန်းမှုများကြောင့် သေဆုံးခဲ့ရသည်။ 

၈ လတာ ကာလအတွင်း စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုနှင့် စစ်ကြောရေးစခန်းများတွင် သေဆုံးခဲ့ရသည့် NLD ပါတီဝင်အရေအတွက်၊ ဖမ်းဆီးခံထားရသည့် ပါတီဝင်အရေအတွက်ကို တိတိကျကျ မသိရှိရသေးပေ။ 

ကွန်မြူနစ်ကြောက်ရောဂါနှင့် အကွဲအပြဲဇာတ်လမ်း

၁၉၈၈ လူထုအရေးတော်ပုံကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ရက်ပိုင်းအကြာ စက်တင်ဘာ ၂၇ တွင် NLD ပါတီကို အောင်၊ စု၊ တင် ဟု လူသိများသည့် အစုအဖွဲ့ ၃ ဖွဲ့ဖြင့် စတင်တည်ထောင်ခဲ့သည်။ 

ဒုတိယကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးအောင်ကြီး ဦးဆောင်သည့် အစုအဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တတ်သိပညာရှင်များအစုအဖွဲ့၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ဦးဆောင်သည့် မျိုးချစ်ရဲဘော်ဟောင်းများအစုအဖွဲ့တို့မှ အဖွဲ့ဝင် ၁၄ ဦးစီကို စုစည်းပြီး အဖွဲ့ဝင် ၄၂ ဦး ပါဝင်သည့် ဗဟိုဦးစီးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ 

ပါတီ၏ ပထမဆုံးဥက္ကဋ္ဌအဖြစ် ဒုတိယကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးအောင်ကြီး၊ ဒုဥက္ကဋ္ဌအဖြစ် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးတို့က တာဝန်ယူထားပြီး ဒေါ်အောင်ဆန်းစုကြည်က အထွေထွေအတွင်းရေးမှူး ဖြစ်သည်။

ပါတီတည်ထောင်ပြီး ၂ လ အကြာတွင် ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကြီးက ခေါင်းဆောင်ပိုင်းတွင် ကွန်မြူနစ်များရောက်နေသဖြင့် ထုတ်ပယ်ရန် အဆိုပြုသဖြင့် ထိပ်သီးအစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ဦးအောင်ကြီး ရှုံးနိမ့်ခဲ့ပြီး ပါတီမှ ထွက်သွားရသည်။

ကွန်မြူနစ်ဟု စွပ်စွဲခံရသူတို့မှာ ဟံသာဝတီ ဦးဝင်းတင်၊ ရှေ့နေမောင်ကိုယု၊ စာရေးဆရာ မောင်မိုးသူ၊ စာရေးဆရာမောင်စူးစမ်း စသည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် တတ်သိညာရှင်များအစုအဖွဲ့မှ ဖြစ်ကြသည်။

NLD စတင်တည်ထောင်ချိန်ကတည်းက လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ၊ ဒေါ်အောင်ဆန်းစုကြည်၏ နေပြည်တော်ရုံးအဖွဲ့မှူး တာဝန်ယူခဲ့သူ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးက ပါတီသည် ပါတီစတင်တည်ထောင်ချိန်ကတည်းကပင် ဆုံးဖြတ်ချက်များစွာကို ခက်ခက်ခဲခဲ ဆွေးနွေးခဲ့ကြရပြီး ယနေ့အချိန်ထိတိုင် ခက်ခဲသည့် နိုင်ငံရေးခရီးကြမ်းကို လျှောက်နေရဆဲဖြစ်သည်ဟု မှတ်ချက်ပြုသည်။ 

ပါတီခေါင်းဆောင်ပိုင်းတွင် ကွန်မြူနစ်များရှိနေသည်ဟူသော စွပ်စွဲချက်၊ ၁၉၉၀ နှင့် ၂၀၁၂ ရွေးကောက်ပွဲ၊ ၁၉၉၃ ဟန်ပြ အမျိုးသားညီလာခံ တို့နှင့် ပတ်သက်ပြီး ဗဟိုကော်မတီအစည်းအဝေးများတွင် အကြိတ်အနယ် ဆွေးနွေးခဲ့ရသည်ဟု  သူက ဆိုသည်။  

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီးထားချိန် ပေါ်ပေါက်လာသော ပါတီ၏ ဆုံးဖြတ်ချက်များကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လေးလေးစားစားလိုက်နာခဲ့သည်ဟု သူက ဆက်ပြောသည်။ 

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှတစ်ဆင့် လွှတ်တော်ထဲဝင်ခြင်းကဲ့သို့သော စစ်တပ်စိတ်ကြိုက် အခြေခံဥပဒေအတိုင်း ပြုလုပ်သည့် အစီအစဉ်တွင် ပါဝင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီခေါင်းဆောင်အများစု ဆုံးဖြတ်ခဲ့ကြသည်။

“နိုင်ငံရေးဆိုတာကလည်း Art Of Possibility ဖြစ်နိုင်တဲ့ဟာကို လုပ်ရတဲ့ အနုပညာသဘောလည်း ရှိတဲ့အခါကျတော့ ဖြစ်နိုင်ခြေတွေအားလုံးကို ခန့်မှန်းပြီးတော့ တွက်ဆပြီးတော့ အကောင်းအဆိုး၊ အကျိုးအပြစ် အကုန်လုံးကို ချင့်ချိန်ပြီးတော့ မျှတအောင် ခေါင်းဆောင်လုပ်တဲ့သူက ဆုံးဖြတ်ရတာဖြစ်ပါတယ်” ဟု သူက ပြောသည်။ 

ရွေးကောက်ပွဲရလဒ် ၂ ကြိမ် ငြင်းပယ်ခံရ

“ကျွန်တော်ကတော့ ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့ မရဘူး” 

၂၀၀၈ အခြေခံဥပဒေအရ နိုင်ငံ့အာဏာအစိတ်အပိုင်းအများအပြားကို ကိုင်ထားနိုင်သည့် တပ်ချုပ်ဖြစ်သော အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၀ နိုဝင်ဘာ ၈ ရွေးကောက်ပွဲနေ့ မဲရုံမှအထွက်တွင် သတင်းသမားများကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။  

နောက် ၂လအကြာ ဖေဖော်ဝါရီ ၁ တွင်မူ သူက မဲဆန္ဒစာရင်းမှားယွင်းမှုကို အကြောင်းပြ၍ နိုင်ငံ့ခေါင်းဆောင်များအပါအဝင် အနိုင်ရလွှတ်တော်အမတ်များကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရန်ကုန် NLD ရုံးချုပ် စီးနင်းခံရစဉ် အာဏာသိမ်းမှုဆန့်ကျင်သူများက ရုံးဝန်းကျင်သို့ သွားရောက်ပြီး စစ်ကောင်စီတပ်သားများကို ကန့်ကွက်ခဲ့ကြသည်။ စစ်ဗိုလ်ချုပ်အဆက်ဆက်က NLD ရုံးချုပ်ကို အကြိမ်ကြိမ် ဝင်ရောက်စီးနင်းခဲ့ဖူးသည်။

စစ်ဗိုလ်ချုပ်တစ်ဦး ရွေးကောက်ပွဲရလဒ် ကတိကဝတ်ဖောက်ဖျက်ခြင်းကို ပါတီက ပထမဆုံးအကြိမ် ရင်ဆိုင်ကြုံတွေ့ရခြင်းတော့ မဟုတ်ပေ။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အကြာ ၁၉၉၀ ရွေးကောက်ပွဲကာလတွင်လည်း ထိုအဖြစ်အပျက်မျိုးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။  

၁၉၈၈ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်ကလည်း ၁၉၉၀ ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျားပြန်မည်ဟု ပြောခဲ့သည်။

“ရွေးကောက်ပွဲ ကျင်းပပြီးတာနဲ့ အစိုးရအဖွဲ့တစ်ခုကို ဥပဒေနဲ့အညီ ဖွဲ့စည်းပြီး အာဏာလွှဲပြောင်းယူလို့ ရပြီ။ ရွေးကောက်ပွဲက အစိုးရတစ်ခု ပေါ်ပေါက်လာဖို့ ကျင်းပတာဖြစ်တယ်။ ဒါက ကျွန်တော်တို့ တာဝန်ပဲ” ဟု သူက ပြောခဲ့သည်။

လက်တွေ့တွင်မူ အနိုင်ရသူများကို ထောင်ထဲထည့်ပြီး အဆိုပါစစ်အစိုးရ သက်ဆိုးရှည်ခဲ့ခြင်းပင်။

မြေအောက်လှုပ်ရှားမှုများထဲက NLD 

မန္တလေးဇာတိ၊ NLD ပါတီ ဗဟိုကော်မတီဝင် ဦးသောင်းထွန်း ခေါ် ကဗျာဆရာငြိမ်းသစ်သည် ၁၉၇၆ မှိုင်းရာပြည့် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ထောင်ဒဏ် ၂ နှစ်ကျခံခဲ့ရသည်။  

၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်းတွင် လူထုမဲဖြင့် အနိုင်ရရှိခဲ့သော်လည်း NLD သည် မြေအောက်နည်းဖြင့် လှုပ်ရှားခဲ့ရသည့် နိုင်ငံရေးပါတီတစ်ခုအဖြစ်သာ ရပ်တည်ခဲ့ရပြီး စစ်ဗိုလ်ချုပ်များက အလွန်အကျွံ နှိပ်ကွပ်ခဲ့သည်ဟု ကဗျာဆရာ ငြိမ်းသစ်က ပြောသည်။ 

“ပါတီဆိုင်းဘုတ်တွေကို ဖြုတ်ချတယ်၊ တိုင်းမှူးတွေအလိုက်ပေါ့နော်။ ကိုယ့်တိုင်းမှာ NLD ကင်းစင်ရေး ဖြစ်ရမယ်ဆိုပြီးတော့ ပါတီဆိုင်းဘုတ်တွေ ဖြုတ်ချ၊ မတရားအသင်းဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်” ဟု သူက ပြောသည်။ 

ပါတီဝင်များ၏ နိုင်ငံရေးစကားဝိုင်းများ၊ ဆွေးနွေးမှုများကို လက်ဖက်ရည်ဆိုင်များတွင်သာ လျှို့ဝှက်ပြုလုပ်ခဲ့ရပြီး စစ်တပ်၏ စောင့်ကြည့်မှုကို အချိန်ပြည့်ခံစားခဲ့ရသည်ဟု သူက ဆက်ပြောသည်။ 

“NLD ရဲ့ တရားဝင်ထုတ်ပြန်တဲ့ ကြေညာချက်တွေတောင်မှ လျှို့ဝှက်ဖြန့်ဝေနေရတဲ့အဖြစ်မျိုး၊ NLD က ထုတ်ပြန်တဲ့ စာရွက်တွေ ကိုင်ရင်တောင်မှ မတရားအသင်းအဖွဲ့အစည်းနဲ့ ပတ်သက်နေရသလို ခံစားချက်မျိုးဖြစ်လာအောင် လုပ်ခဲ့ကြတာပါ” ဟု သူက ဆိုသည်။ 

“ပါတီက ဖိနှိပ်မှုတွေခံနေရတယ်။ ခုလည်းပဲ သူတို့တွေက မကြာခင်မှာ ပါတီကို တရားမဝင်ပါတီအဖြစ်နဲ့ ကြေညာဖို့ စိုင်းပြင်းနေတာရှိတယ်။ ပါတီရဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို စာရင်းစစ်ဖို့ဆိုပြီး ကြိုးစားနေတာရှိတယ်။ ဒါတွေက ကျွန်တော်တို့ပါတီကို အရင်ကလည်းပဲ လုပ်ခဲ့တာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ပါတီဟာ ရှင်သန်ရပ်တည်နိုင်ခဲ့တယ်”   

ယခင်က ပါတီတစ်ခုတည်း ရပ်တည်နေခဲ့ရာမှ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းနိုင်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်သူ ကျောင်းသားလူငယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် ပေါင်းစပ်မိနေပြီဖြစ်သည်ဟု သူက ဆိုသည်။ 

“ပါတီတစ်ခုတည်းရဲ့ ရပ်တည်မှုမဟုတ်တော့ဘူး။ အစုအဖွဲ့တွေ စုံစုံညီညီနဲ့ ရပ်တည်နိုင်တဲ့ အနေအထား ဖြစ်နေပါပြီ။ အရင်ကထက်ပိုပြီးတော့ အားကောင်းပါတယ်။ အရင်ကလောက်တော့ စိုးရိမ်စရာမရှိဘူးလို့ ကျွန်တော်ပြောနိုင်ပါတယ်” ဟု သူက ပြောသည်။  

NLD ပါတီ၏ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးတင်လှသည် ပါတီတည်ထောင်သည့် ၁၉၈၈ ခုနှစ်တွင် NLD ပါတီဝင်ဖြစ်ခဲ့ပြီး လမ်းမတော်မြို့နယ် လူငယ်ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူခဲ့သည်။ 

ရန်ကုန်တွင် ၁၉၉၆ ဒီဇင်ဘာ ၂ ရက်နေ့က ကျောင်းသားများ ဆန္ဒပြချီတက်မှုနှင့် ဆက်စပ်ပြီး ဦးတင်လှအပါအဝင် NLD လူငယ်အများအပြား ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသည်။ 

ယခုအချိန်ကာလတွင် စစ်တပ်က လူငယ်အများအပြားကို ရိုက်နှက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးမိသူတို့ နေထိုင်သည့် အိမ်ကို ချိပ်ပိတ်သိမ်းဆည်းနေခြင်း စသည့် ရာဇဝတ်မှုများ ကျူးလွန်နေရာ အဆုံးစွန်အထိ ရမ်းကားနေခြင်း ဖြစ်သည်ဟု ဦးတင်လှက ဆိုသည်။ 

“ဒီကာလကတော့ ပိုပြီးတော့ ခက်ခဲတယ်။ ပိုဆိုးတယ်လို့ ပြောရမှာပေါ့။ ခုကတော့ မဲမဲမြင်တာကို ဖမ်းဆီး ရိုက်နှက်သတ်ဖြတ်နေတာပေါ့ဗျာ။ ဒီကာလကတော့ အဆိုးဆုံးပဲဗျာ။ အရက်စက်ဆုံး၊ အပက်စက်ဆုံး၊ အညစ်ပတ်ဆုံးပဲ” ဟု သူက ဆက်ပြောသည်။ 

ဝိရောဓိများနှင့် လက်နက်ကိုင်တော်လှန်ရေး

NLD ပါတီ၏ ဗဟိုလူငယ်ဦးဆောင်အဖွဲ့၊ မူဝါဒရေးရာအဖွဲ့ဝင် ကိုသက်အပါအဝင် NLD လူငယ်တချို့သည် စစ်ကောင်စီ၏ ဖိနှိပ်မှုပြင်းထန်လာသည့် မတ်လအစောပိုင်းကပင် မြန်မာပြည်တောင်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာဒေသသို့ ထွက်ခွာခဲ့ကြပြီး စစ်ပညာသင်ယူခဲ့ကြသည်။

“အာဏာစသိမ်းလို့ ဆန္ဒစပြကတည်းက ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်ခိုင်းတာပါ။ ဒါကို စစ်ကောင်စီက မတရားဖိနှိပ်ဖမ်းဆီးတာကြောင့် ဒီလက်နက်ကိုင်တဲ့လမ်းစဉ်ကို ကျွန်တော်တို့တွေ မလွှဲမရှောင်သာဘဲ ရွေးချယ်လိုက်ရတာပါ ” ဟု သူက ပြောသည်။

အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်ခဲ့ကြသူများတွင် ကိုသက်တို့ကဲ့သို့ NLD လူငယ်များ ပါဝင်နေသကဲ့သို့ပင် အသက် ၈၀ အရွယ်ရှိ NLD ပါတီ၏ သဘာပတိတစ်ဦးဖြစ်သူ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီလည်း ပါဝင်သည်။  

“ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖပဲ။ ပြည်သူပါရင် နိုင်မယ်။ ဒီပွဲကတော့ အလဲထိုးပွဲပဲ။ သူမလဲရင် ကိုယ်လဲမယ်။ ကိုယ်မလဲရင် သူလဲမယ် ” ဟု မန်းဂျော်နီက ပြောသည်။ 

ပြီးခဲ့သည့် ၃၃ နှစ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု၊ ဒေါ်အောင်ဆန်းစုကြည်၊ NLD တို့သည် ခွဲမရအောင် ဆက်စပ်နေသည်။

ဩစတြေးယားနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ်မှ နိုင်ငံတကာကူညီထောက်ပံ့မှုမူဝါဒစာတမ်းဖြင့် PHD ဘွဲ့ရရှိခဲ့သူ စိုင်းကြည်ဇင်ထွန်းက နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်ထားသည့် အစုအဖွဲ့ဖြစ်သည့်အတွက်  လက်နက်ကိုင်တော်လှန်ရေးသို့ ကူးပြောင်းသွားမည်ဆိုပါက ပါတီ၏ ရပ်တည်ချက်မှာ တစ်ချိန်ချိန်တွင် နောင်တရလာစရာ ဖြစ်လာနိုင်သည်ဟု သုံးသပ်သည်။ 

“လက်နက်ကိုင်လမ်းစဉ်ကို ရောက်သွားတယ်ဆိုတာကလည်း ဒေါ်အောင်ဆန်းစုကြည် အာဏာသိမ်းလိုက်ကတည်းက အဖမ်းခံလိုက်ရတာကြောင့် အခုဆုံးဖြတ်ချက်တွေ အမြင်သဘောထားတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားတွေမပါတဲ့ လှုပ်ရှားမှုလို့ ယူဆလို့ရတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းကြည်ဇင်ထွန်းက ပြောသည်။ 

သို့သော်လည်း ထိုယူဆချက်အပေါ်တွင် ဦးမိုးဇော်ဦးနှင့် ကဗျာဆရာငြိမ်းသစ် တို့အပါအဝင် NLD ၏ ဝါရင့်ပါတီဝင်များက လက်ခံခြင်းမရှိကြပေ။   

ယခင်စစ်အစိုးရခေတ်က ၁၉၉၀ ရွေးကောက်ပွဲနိုင်လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) နှင့် အဝေးရောက်ညွန့်ပေါင်းအစိုးရ (NCGUB) တို့ကို ဖွဲ့စည်းနိုင်ခဲ့သော်လည်း လက်နက်ကိုင်တော်လှန်ရေးနှင့် မပေါင်းစပ်နိုင်ခဲ့သည့်အတွက်ကြောင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်မတော်လှန်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကဗျာဆရာငြိမ်းသစ်က ယူဆသည်။

သို့သော်လည်း ၂၀၂၀ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖွဲ့စည်းခဲ့သည့် NUG တွင် အင်အားကောင်းသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များရှိနေပြီး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဖြင့် ပေါင်းစပ်နိုင်သည့်အတွက် အောင်မြင်မှု ပိုမိုရရှိနေသည်ဟု သူက ပြောသည်။

“ကျောင်းသားပြည်သူတွေ၊ ရဟန်းသံဃာတော်တွေ၊ သတင်းမီဒီယာတွေနဲ့ လူထုအားလုံးကနေပြီးတော့ သူပုန်အစိုးရအဖြစ်နဲ့ သတ်မှတ်ပြီးတော့ ရရာလက်နက်စွဲကိုင်ပြီးတော့ တွန်းလှန်နေတဲ့အပေါ်မှာ NLD ပါတီကတော့ ပြည်သူလူထုနဲ့ တစ်သားတည်း တစ်ထပ်တည်းရှိနေမှာဖြစ်ပါတယ်” ဟု သူက ဆိုသည်။ 

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကိုရောက်အောင် အသုံးပြုတဲ့နည်းလမ်းတွေကတော့ အခြေအနေတစ်ခုနဲ့ တစ်ခု တူချင်မှတူမယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးက ပြည်သူလူထုက လက်ခံနေသရွေ့၊ ပြည်သူလူထုက ထောက်ခံနေသရွေ၊  ပြည်သူလူထုရဲ့ ဆန္ဒဖြစ်နေသရွေ့ကတော့ NLD ဟာ ဆန့်ကျင်မှာ မဟုတ်ဘူးလို့ပဲ နားလည်ပါတယ်” 

မြို့ပြပြောက်ကျားအဖွဲ့ NDN ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသက်က ပါတီခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာပါက ၎င်းတို့၏ ဆန္ဒသဘောထားကို လိုက်နာရန် အဆင်သင့်ရှိသည်ဟု ပြောသည်။ 

တစ်ဖက်တွင်လည်း ပြည်သူကို အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် စစ်ခေါင်းဆောင်များကို အရေးယူနိုင်သည့် အခြေအနေရောက်မှသာ လက်နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်လိုသည့် NLD ပါတီဝင်များလည်း ရှိသည်။

ရန်ကုန်၊ ဆိပ်ကမ်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ကိုဇင်မင်းပိုင်သည် စစ်ကောင်စီ၏ ဖိနှိပ်မှုပြင်းထန်လာသည့် မတ်လတွင် ရန်ကုန်မြို့ကို စွန့်ခွာခဲ့ပြီး လွတ်မြောက်နယ်မြေတစ်ခုတွင် စစ်ပညာသင်ကြားနေသည်။ 

“ကျူးလွန်ခဲ့တဲ့သူတွေကို အရေးယူမှုလည်းမရှိဘူး။ တော်လှန်ရေးလမ်းစဉ်ကလည်း ပြောင်းသွားမယ်ဆိုရင်တော့ ကျွန်တော်တို့ ပေးဆပ်ခဲ့ရတဲ့ ဘဝတွေနဲ့ မထိုက်တန်တဲ့အတွက် ကျွန်တော်တို့ကတော့ လက်နက်ဆက်ကိုင်ရမှာပဲ” ဟု ကိုဇင်မင်းပိုင်က ပြောလိုက်သည်။  

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button