
ရန်ကုန်၊ ဆူးလေဘုရားလမ်းပေါ်ရှိ ကျောက်တံတားမြို့နယ်ရဲစခန်းအဆောက်အအုံ အပေါ်ထပ် ၄ လွှာကို ယနေ့ (စက်တင်ဘာ ၂၈) နံနက်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ရန်ကုန်မြို့ပြ အာဏာရှင်ဆန့်ကျင်ရေးအင်အားစု (YADF) အဖွဲ့က သတင်းထုတ်ပြန်သည်။
ထိုဖောက်ခွဲမှုကို စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန် ရည်မှန်းချက်တူညီသည့် မဟာမိတ်အဖွဲ့ (44st-UG) အဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုအပြီးတွင် အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ထိုထုတ်ပြန်ချက်က ဆိုသည်။
ရဲစခန်းအနီးဝန်းကျင်နေထိုင်သူ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးက ပေါက်ကွဲသည့် နေရာတွင် မည်သို့ထိခိုက်သွားသည်ကို မသိရကြောင်း ပြောသည်။
“၇နာရီခွဲကျော် မိုးရွာပြီး ခဏတိတ်တုန်း မိုးကြိုးပစ်သလိုပဲ၊ အကျယ်ကြီးတစ်ချက်ပဲ။ လူလည်း နှလုံးပါ တဒိုင်းဒိုင်းတုန်တယ်” ဟု သူက ပြောသည်။
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရဲစခန်းအနီး လုံခြုံရေးတင်းကျပ်ထားပြီး လမ်းသွားလမ်းလာများကို စစ်ဆေးနေကြောင်း၊ လူငယ် ၃ ဦးကို ဖမ်းဆီးစစ်ဆေးနေသည်ကို မြင်တွေ့ရကြောင်း ရဲစခန်းအနီးတွင် နေထိုင်သူ ဒေသခံများ၏ ပြောစကားကို ကိုးကားပြီး အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။
စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြကန့်ကွက်သူများ အကြမ်းဖက်ပစ်ခတ်ခံရပြီးနောက် ဇွန်လမှစ၍ ရန်ကုန်နှင့် မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။
ရန်ကုန်မြို့ အချက်အချာမြို့နယ်များဖြစ်သည့် ကမာရွတ်၊ လှိုင်နှင့် မြောက်ဥက္ကလာမြို့နယ်များတွင် ယမန်နေ့ (စက်တင်ဘာ ၂၇) ကလည်း ဗုံးပေါက်ကွဲမှု၊ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး သေဆုံး ဒဏ်ရာရမှုများ ရှိခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှု၊ ဖမ်းဆီးနှိပ်စက်မှုတို့ကြောင့် ပြည်သူ ၁၁၃၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ယမန်နေ့ (စက်တင်ဘာ ၂၇) က ထုတ်ပြန်ထားသည်။
ဆန့်ကျင်သူတို့ကို ပစ်မိန့်ပေး၊ ဖမ်းဆီးနှိပ်စက်ခွင့် ပေးထားသော စစ်ကောင်စီက ထိုသေဆုံးမှုကိန်းဂဏန်းကို ပယ်ချလေ့ရှိသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p