သတင်း

မူဆယ်မြို့လယ်တွင် ပေါက်ကွဲမှုဖြစ် ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့လယ် မူဆယ်မြို့မဈေးအနီး မီးပွိုင့်ထောင့်တွင် ဩဂုတ်လ ၁ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု မူဆယ်ဒေသခံများက ပြောသည်။

ဆိုင်ကယ်စီးလူငယ်နှစ်ဦးက လက်လုပ်မိုင်းဟု ယူဆရသည့် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုတွင် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ၊ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲနှစ်ဦး၊ ပြည်သူ့စစ် ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မူဆယ်ဒေသခံက ပြောသည်။

သေဆုံးအမျိုးသမီးမှာ ဈေးဝယ်လာသည့် မူဆယ်မြို့ စွာဆောရပ်ကွက်မှ ကလေးနှစ်ဦး၏ မိခင်ဖြစ်ကာ မူဆယ်ဆေးရုံတွင် သေဆုံးသွားခဲ့သည်ဟု အဆိုပါ ဒေသခံက ဆိုသည်။ ဒဏ်ရာရသည့် ယာဉ်ထိန်းရဲနှင့် ပြည်သူ့စစ်များကိုလည်း မူဆယ်ဆေးရုံတင်ထားကြောင်း ၎င်းက ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာသည် ယာဉ်ထိန်းရဲများ စစ်ဆေးလေ့ရှိသည့်နေရာဖြစ်သည်ဟုလည်း မူဆယ်ဒေသခံက ပြောသည်။ “အဲဒီနေ့ရာက လိုင်စင်စစ်တာတွေပေါ့၊ အဲဒီမှာ ဖမ်းပြီးဒဏ်ရိုက်တယ်၊ ကျပ်တစ်သိန်းတို့ဘာတို့ပေါ့” ဟု ပြောသည်။

မူဆယ်ဈေး ဘယ်ဘက်အခြမ်းသည် လုယက်မှု မကြာခဏဖြစ်ပွားလေ့ရှိသည့် နေရာတစ်ခုဖြစ်ပြီး ယခုနေရာမှာ ဈေးအဝင်ညာဘက်ခြမ်းတွင်ရှိကာ မည်သည့်အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကို အတိအကျမသိရသေးကြောင်း ၎င်းက ဆိုသည်။ ယခုဖြစ်စဉ်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

ရှမ်းပြည်မြောက်ပိုင်းတွင် တအာင်းလက်နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ကချင်လက်နက်ကိုင်အဖွဲ့ (KIA)တို့သာမက အာဏာသိမ်းပြီးနောက် ဒေသအလိုက်ပေါ်ပေါက်လာသည့် တော်လှန်ရေးအဖွဲ့များကလည်း စစ်ကောင်စီတပ်များကို မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ကိုင်း၊ မကွေး၊ ကရင်၊ ချင်း၊ ကရင်နီ(ကယား) ပြည်နယ်တို့တွင်လည်း စစ်ကောင်စီတပ်သားများနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။ အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့များ ရာနှင့်ချီပေါ်ပေါက်လာကာ စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင်လျက်ရှိနေသည်။

အဆိုပါ အခြေအနေတွင် မဲမသမာမှုအကြောင်းပြကာ အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် စိုင်းပြင်းလျက်ရှိသည်။ “လာမဲ့ အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး လွတ်လပ်ပြီး တရားမျှတစွာ နေရာအနှံ့ အကြားအလပ်မရှိ ကျင်းပနိုင်ရမှာဖြစ်ပါတယ်” ဟု ဩဂုတ်လ ၁ ရက် မိန့်ခွန်းတွင် ပြောသွားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးချိန်မှ ယခုနှစ် ဇူလိုင်လကုန်အထိ ယင်းကို ဆန့်ကျင်သည့် ပြည်သူပေါင်း ၂,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ့တို့၏ အိမ်ခြေပေါင်း ၂၀,၀၀၀ ကျော်ကို ယင်းလက်အောက်ခံ တပ်သားတို့က မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု လွတ်လပ်သည့် အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button