
ပစ်သတ်ခံရသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်လျှပ်စစ်မန်နေဂျာ ဗိုလ်ကြီးဟောင်း ဦးစန်းအေး၏ နာရေးအစီအစဉ်ကို ပစ်သတ်မှုဖြစ်ပွားသည့် လျှပ်စစ်ရုံးတွင် စက်တင်ဘာ ၂၃ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။
သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ပြီးအပြန် မွန်းတည့် ၁၂ နာရီခန့်က ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
“နာရေးအခမ်းအနားပြီးချိန် လူစုကွဲချိန်မှာ ကွဲတာ။ လူထိခိုက်မှုတော့ မရှိဘူး။ လက်ပစ်ဗုံးလား၊ ထောင်မိုင်းလားတော့ မသိပါဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
ရုံးတွင် နေထိုင်သည့် အသက် ၅၇ နှစ်အရွယ် ဦးစန်းအေးသည် ဗိုလ်ကြီးအဆင့်ဖြင့် အရပ်ဘက်သို့ ရောက်လာသည့် မိုးကျရွှေကိုယ်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း မီတာကောက်ယူခြင်းနှင့် မီးဖြတ်ခြင်းတို့ကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ယင်းဒေသခံက ဆက်ပြောသည်။
“သူက ငါန်းဇွန်မြို့နယ်ကနေ ပြောင်းလာတာ။ တစ်နှစ်ကျော်ပဲရှိသေးမယ်။ လာဘ်စားတယ်လို့ နာမည်ကြီးတယ်။ မိုးကုတ်မှာ ဒီကာလထဲ မီတာခတွေကောက်ဖို့ အတင်းအကျပ်လုပ်တယ်”ဟု သူက ဆိုသည်။
စက်တင်ဘာ ၂၂ ညပိုင်းက ဦးစန်းအေး ရုံးတွင် ရှိနေစဉ် သေနတ်သမားက လျှပ်စစ်မီတာခပေးသည့် အပေါက်မှတစ်ဆင့် ဦးခေါင်းကို ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။
မိုးကုတ်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စက်တင်ဘာ ၂ ၌ လျှပ်စစ်မီတာခ ၅ လစာ အတင်းအကျပ်ကောက်ခံရန် မီတာစာရွက်များ ရပ်ကွက်အတွင်း လိုက်လံပေးခဲ့သောကြောင့် နောက်တစ်နေ့ စက်တင်ဘာ ၃ တွင် လျှပ်စစ်ရုံး၌ နှစ်ကြိမ် ပေါက်ကွဲခဲ့ပြီး ဖြစ်သည်။
နာရေးတွင် ဖြစ်ပေါ်လာသော လျှပ်စစ်ရုံးပေါက်ကွဲမှုမှာ ၃ကြိမ်မြောက်ဖြစ်သည်ဟု သိရသည်။
ကျောက်မျက်ထွက်သည့် နယ်မြေဖြစ်သော်လည်း အခြားမြို့များနည်းတူ စီးပွားပျက်နေသည့် မိုးကုတ်မြို့တွင် မီတာခကောက်ယူခြင်း၊ စစ်ကောင်စီတပ်က အရပ်သားများကို ဖမ်းဆီးသည့်ညဘက်တွင် မီးဖြတ်ခြင်းတို့ကြောင့် လျှပ်စစ်ရုံးကို ဒေသခံအများအပြားက မကျေမနပ်ဖြစ်နေကြသည်။
အခြားသော ထူးခြားဖြစ်ရပ် အများအပြားကဲ့သို့ပင် မိုးကုတ်လျှပ်စစ်ရုံးအတွင်း ပစ်ခတ်ဖောက်ခွဲခံရမှုသတင်းကို စစ်ကောင်စီသတင်းထုတ်ပြန်ချက်များထဲတွင် မတွေ့ရပေ။
မိုးကုတ်မြို့နယ်အတွင်း လက်နက်ကိုင်ဆောင်သူများမှာ ရဲ၊ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့တို့ ဖြစ်ပြီး ရုံးမန်နေဂျာအသတ်ခံရမှု၊ လျှပ်စစ်ရုံးတိုက်ခိုက်ခံရမှုတို့အတွက် မည်သူက ဆောင်ရွက်ခဲ့သည်ကို မသိရသေးပေ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အာဏာသိမ်းမှုဆန့်ကျင်သူတို့က စစ်ကောင်စီ သက်ဆိုးမရှည်စေရေးအတွက် ဝင်ငွေရလမ်းကြောင်းများ ဖြတ်တောက်ရန် တိုက်တွန်းထားပြီးနောက် လူထုက စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ခဲ့ကြပြီး မီတာမဆောင်ခြင်း၊ အခွန်မဆောင်ခြင်းတို့ဖြင့် ငွေရလမ်းဖြတ်တောက်ရန် ကြိုးပမ်းခဲ့သည်။
ယင်းနောက် စစ်ကောင်စီက မီတာခများ အတင်းအကျပ်ကောက်ခံရန် ကြိုးပမ်းလာပြီးနောက် လျှပ်စစ်ရုံးတိုက်ခိုက်ခံရမှုများ ဖြစ်ပွားလာနေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p