သတင်း

စစ်ရေးဆိုင်ရာ ကွပ်ကဲ၊ ထောက်ပံ့မှု နိုင်ငံအနှံ့ ဖြန့်ကြက်နေဟု NUG ပြော

နိုင်ငံအနှံ့ ဒေသအလိုက် တပြန့်တကျဲရှိနေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်၍ အဆင့်ဆင့်ကွပ်ကဲမှုစနစ်ထူထောင်ရေး၊ လက်နက်တပ်ဆင်ရေးတို့ကို တိုးမြှင့်လုပ်ဆောင်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောသည်။

“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် PDF ရဲဘော်တွေရော၊ ဒေသအလိုက် ခုခံကာကွယ်သူတွေရောရဲ့ အင်အားက အများအပြားရှိနေတဲ့အတွက် အချိန်တိုအတွင်းမှာ ဆောင်ရွက်ရတဲ့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အခက်အခဲများစွာ ရှိနေပါတယ်။ ဒါပေမဲ့ အခက်အခဲများစွာထဲကနေပဲ တိုးတက်မှုတွေ များစွာရှိအောင် ဆောင်ရွက်နေပါတယ်”ဟု NUG ကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သည့် ၎င်းက ပြောသည်။

အာဏာသိမ်းမှုဆန့်ကျင်သူတို့ ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်ဖြိုခွင်းနေသည့် စစ်ကောင်စီကို လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ပြန်လည်ခုခံမည့် ပြည်သူ့တော်လှန်ရေးစပြီဟု စက်တင်ဘာ ၇ ရက်တွင် ကြေညာထားပြီး ဖြစ်သည်။

သို့သော် ထောက်ပံ့ကူညီမှု၊ အဆင့်ဆင့်ကွပ်ကဲမှုစနစ်ကို ထူထောင်မှု၊ စစ်ရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ အသေးစိတ်ကိုမူ NUG က ထုတ်ဖော်ပြောဆိုလိုခြင်းမရှိပေ။

“တော်လှန်ရေးရဲ့ နောက်တစ်ဆင့် လာမယ်ဆိုတာကလည်း မလွဲမသွေဖြစ်လာမယ့် ကိစ္စပဲ ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ နောက်တစ်ဆင့် မည်သို့မည်ပုံ ပြောင်းလဲလာမယ်ဆိုတာကတော့ မကြာခင်မှာ ပြည်သူတွေ သိမြင်လာရပါလိမ့်မယ်”ဟု ဦးနိုင်ထူးအောင်က ပြောသည်။

လက်ရှိတွင် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများအပြင် ဒေသအလိုက် အရေအတွက်များပြားစွာရှိသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) များက ၎င်းတို့ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ တိုး၍ လုပ်လာသည်ဟု စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက NUG က စစ်ကြေညာပြီး နောက်တစ်ရက်တွင်ပင် BBC ကို အတည်ပြုထားသည်။

စစ်ကောင်စီဘက်ကလည်း အရပ်ဘက်ပစ်မှတ်များကိုပင်မချန် အပြင်းအထန်နှိပ်ကွပ်နေသဖြင့် ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်ဆုံးရှုံးမှုများ နိုင်ငံအနှံ့ ပေါ်ပေါက်လာနေသည်။ 

စစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲများတွင် အကြီးမားဆုံးလိုအပ်ချက်မှာ လက်နက်အင်အားဖြစ်နေကြောင်း ဒေသ PDF အချို့ ကြုံတွေ့ရသည့် ဖြစ်စဉ်များနှင့် ပြောစကားများလည်း ရှိနှင့်ပြီးဖြစ်သည်။

လွတ်မြောက်နယ်မြေတစ်နေရာတွင် စစ်ရေးလေ့ကျင့်နေသည့် PDF တပ်ဖွဲ့ဝင်အချို့။ (ဓာတ်ပုံ – ပေးပို့)

စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့မှုများပင် ကြုံနေရသည့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့ပြပြောက်ကျားအဖွဲ့တစ်ခု၏ တာဝန်ခံတစ်ဦးကလည်း NUG ထံမှ စစ်ပညာဆိုင်ရာ အကူအညီအချို့ရသော်လည်း စစ်လက်နက်ပစ္စည်းတပ်ဆင်ပေးမှု၊ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပို၍ လိုအပ်သည်ဟု ပြောသည်။

“အခြေခံလိုအပ်ချက်တွေက အများကြီးပါ။ ရိက္ခာ၊ ဖိနပ်ကအဆုံး အားလုံးပေါ့။ ပြည်သူက ထောက်ပံ့တာနဲ့ လျှောက်လှမ်းနေရတာပါဗျ။ အဓိကလိုအပ်တာကတော့ လက်နက်ခဲယမ်းပါ”ဟု ၎င်းက ပြောသည်။

ကယားပြည်နယ်အတွင်း စစ်ကောင်စီကို အခက်တွေ့အောင် ရင်ဆိုင်ထားနိုင်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ဖွဲ့ဝင်တစ်ဦးကမူ NUG နှင့် ပူးပေါင်းဆောင်ရွက်မှုများရှိသော်လည်း ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်သည်။

“ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတယ်။ စစ်ရေးနဲ့ အခြားကိစ္စတွေမှာ အကုန်လုံး ဝိုင်းပြီး လုပ်ဆောင်နေတာ ရှိပါတယ်။ ထိုက်သင့်တဲ့ အကြံဉာဏ်တချို့လည်း ကျွန်တော်တို့ (NUG ဆီက) ယူထားပါတယ်ခင်ဗျ။ ထောက်ပံ့မှုအသေးစိတ် မပြောချင်ဘူးခင်ဗျ။ ထိုက်သင့်သလောက်တော့ရှိပါတယ်”ဟု ၎င်းက ပြောသည်။

NUG က အနာဂတ်တွင် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရန် အခြေခံအဖြစ် ပြည်သူ့တပ်မတော် (People Defence Force)ကို ဖွဲ့စည်းလိုက်သည်ဟု မေ ၅ ရက်တွင် ကြေညာထားသော်လည်း ဒေသခံ PDF အဖွဲ့များအပြင်၊ ရှိနှင့်ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် မည်သို့ပူးပေါင်းဆောင်ရွက်နေသည်ကိုမူ ရှင်းလင်းစွာမသိရသေးပေ။

“တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေ အမြဲရှိနေသလို၊ ဆွေးနွေးမှုတိုင်းကလည်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ဗဟိုပြုတဲ့ စဉ်းစားမှုတွေနဲ့ ဖြစ်တာကြောင့် အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိနေပါတယ်”ဟု ဦးနိုင်ထူးအောင်က ပြောသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button