သတင်း

မူဆယ်နယ်စပ် ကာလရှည်ပိတ်သဖြင့် ပို့ကုန်ဝင်ငွေ ဒေါ်လာ ၅၃၄ သန်း ထိခိုက်

ကိုဗစ်နိုင်တင်းထိန်းချုပ်ရေးအကြောင်းပြချက်ဖြင့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးကို တရုတ်ဘက်က ကာလရှည်ကြာပိတ်ထားသောကြောင့် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၃၄ သန်းကျော် ထိခိုက်နစ်နာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏စာရင်းများအရ သိရသည်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အကြီးဆုံးဖြစ်သော မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၂၀ -၂၁ ဘဏ္ဍာနှစ် စက်တင်ဘာ ၁၀ အထိ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၂၄၂၄ သန်းသာ ရရှိခဲ့ဟု ဆိုသည်။ ယခင်နှစ်ကရ ရခဲ့သည့် ၂၉၅၈ သန်းနှင့် နှိုင်းယှဉ်လျှင် ဒေါ်လာသန်း ၅၀၀ ကျော် ကျဆင်းသွားခြင်း ဖြစ်သည်။

မူဆယ် ၁၀၅ မိုင်ဇုန်မှ နယ်စပ်ဂိတ် ၅ ခုအနက် ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်၊ မန်းဝိန်နှင့် ပန်ဆိုင်-ဝမ်တိန် ဂိတ်တို့ကို ၂၀၂၀ ဧပြီကတည်းက ကန့်သတ်ပိတ်ပင်ခြင်းဖြစ်ပြီး ကျင်းစန်းကျော့ဂိတ်ကို ယခုနှစ် ဇူလိုင် ၈ မှ စတင်ပိတ်ထားကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

“ကားပေါ်မှာရှိတဲ့ဟာတွေကို ဂိုဒေါင်ထဲချထားပြီးတော့ ဂိတ်ဖွင့်တာကို စောင့်နေရုံပဲရှိတယ်။ ဂိုဒေါင်ထဲမှာ ဆန်တွေ၊ ဆန်ကွဲတွေ၊ ပဲတီစိမ်းတွေ အများကြီးပိတ်မိနေတာပေါ့” ဟု ၎င်းက ဆိုသည်။ 

ပို့ကုန်လုပ်ငန်းရှင်များသာမက တရုတ်မှ ကုန်ပစ္စည်းတင်သွင်းရောင်းချသူများ၊ ကုန်တင်ယာဉ်မောင်းများ၊ ကုန်သည်များနှင့် သိုလှောင်ရုံများကို အမှီပြုလုပ်ကိုင်သည့် အလုပ်သမားများလည်း ထိခိုက်နစ်နာမှုရှိနေပြီး စားဝတ်နေရေး ကျပ်တည်းသွားကြောင်း ၎င်းက ထပ်မံပြောသည်။

မူဆယ်တွင် ခုတင် ၁၀၀၀ ဆံ့ ကိုဗစ်ထိန်းချုပ်ရေးစင်တာ ဖွင့်လှစ်ပြီးပါက ကုန်တင်ယာဉ်မောင်းများကို ရောဂါကင်းရှင်းကြောင်းအထောက်အထားဖြင့် ပြန်ကုန်သွယ်ခွင့်ပေးမည်ဟု တရုတ်က လေသံပစ်သော်လည်း အမှန်တကယ်မဖွင့်ကြောင်း၊ တစ်ဖက်သတ်ပိတ်ထား၍ ပြန်ဖွင့်ချိန်ကို အတိအကျမသိကြောင်း ၎င်းက ဆိုသည်။

ယူနန်ပြည်နယ် ကူမင်းမြို့တွင် အောက်တိုဘာ ၁၁ မှ ၁၅ အထိ နိုင်ငံတကာအစည်းအဝေးကျင်းပရန် ရှိနေပြီး တရုတ်သမ္မတ ရှီကျင်းဖျင် တက်ရောက်မည်ဟု သိရကာ ထိုအစည်းအဝေးအပြီးတွင် နယ်စပ်ဂိတ်ပြန်ဖွင့်မည်ဟု မျှော်လင့်ရကြောင်း ဦးမင်းသိန်းက ပြောသည်။

နယ်စပ်ဂိတ်များ ပိတ်ထားသောကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးအခက်အခဲဖြစ်လာသဖြင့် ဂိတ် ပုံမှန်ပြန်ဖွင့်ရန်၊ အထူးသဖြင့် မူဆယ်ဂိတ်များပြန်ဖွင့်ပေးရန် စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက တရုတ်-အာဆီယံအစည်းအဝေးတွင် တရုတ်အစိုးရထံ တောင်းဆိုထားသည်။ 

တရုတ်နယ်စပ်ဂိတ်ပြန်ဖွင့်ရေးမှာ အချိန်ထပ်ယူဖွယ်ရှိကြောင်း မန္တလေးမြို့မှ အမည်မဖော်ပြလိုသည့် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

“ဒီဘက်က ကိုဗစ်ကင်းမဲ့ဇုန်လိုဖြစ်မှပဲ မူဆယ်ကတော့ ဖွင့်မယ်ထင်တယ်။ မြဝတီကတော့ တချို့ဖွင့်နေပါပြီ။ မြဝတီနဲ့ ဘုရားသုံးဆူဘက်က တစ်ပေါက်လား မသိဘူး၊ ဖွင့်နေပြီ” ဟု ၎င်းက ပြောသည်။

အဓိကကျသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပိတ်နေသဖြင့် နိုင်ငံခြားဝင်ငွေ လျော့ကျလာသဖြင့် ဒေါ်လာဈေးစံချိန်တင်မြင့်တက်ကာ ကျပ်ငွေတန်ဖိုးကျဆင်းသွားကြောင်း၊ ကျပ်ငွေတန်ဖိုး ခိုင်မာအားကောင်းရန် ကုန်သွယ်ရေးလမ်းကြောင်းများပြန်ပွင့်ရန်လိုကြောင်း ကုန်သည်များက ဆိုသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ဆန်၊ ပဲမျိုးစုံ၊ သစ်သီးဝလံနှင့် ရေထွက်ကုန်များ အဓိကတင်ပို့ရောင်းချနေပြီး ဆေးဝါး၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းများ တင်သွင်းနေခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၂၄ ခုရှိပြီး ယခုနှစ်အတွင်း နယ်စပ်မှ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ နီးပါး ကုန်သွယ်ထားပြီး ယခင်နှစ်နှင့် ယှဉ်လျှင် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော် လျော့နည်းသွားကြောင်း စီးပွားကူးသန်းဌာန၏ စာရင်းများတွင် တွေ့ရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button