မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်လယ်ကန်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌကို ရှာမတွေ့၍ စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းခေါ်သွားသည့် အသက် ၁၄ နှစ် အရွယ် မောင်ခန့်ဝေလင်း(ခေါ်) ခန့်ကိုကိုသက်မှာ နှစ်ပတ်ကြာသည်အထိ ပြန်မလွတ်သေးဟု မိဘနှစ်ပါးက ယမန်နေ့(စက်တင်ဘာ ၁၇) တွင် ပြောသည်။
“ကျွန်မ ယောက်ျားကို သူတို့ လာခေါ်တာ။ ကျွန်မ ယောက်ျားက ဒီပြင့်မှာ သွားနေတော့ မမိလိုက်တော့ ကလေးကို ဖေ့ဖေ့ကို လိုက်ပြပေါ့၊ အဲဒီလို ပြောပြီးတော့ သူတို့ ခေါ်သွားတာ။ ကလေးက သူ့ကို ဖမ်းတယ်ဆိုတာလည်း မသိဘူး။ ရှစ်တန်းကျောင်းသား။ ကလေးက ၁၄ နှစ်ပဲ ရှိပါတယ်” ဟု မိခင်ဖြစ်သူ ဒေါ်မြင့်ခိုင်က ငို၍ ပြောသည်။
စက်တင်ဘာ ၃ နံနက် ၂ နာရီကျော်တွင် တောင်လယ်ကန်ကျေးရွာ နေအိမ်သို့ စစ်သားနှင့် ရဲများ ရောက်လာကာ အသက် ၄၀အရွယ် ဦးကျော်ဆန်းလင်းကို လာရောက်ရှာဖွေခဲ့ရာ မတွေ့၍ သားဖြစ်သူကို အိပ်ရာမှ နှိုး၍ ခေါ်သွားကြောင်း ၎င်းက ဆက်ပြောသည်။
ကလေးငယ်မှာ တောင်သာမြို့အဝင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် ဘိုးဘွားရိပ်သာ၌ ရှိနေပြီး ဖမ်းဆီးခံရသည့် နေ့တွင် တစ်ကြိမ်၊ တစ်ပတ်ခန့်ကြာချိန်တွင် တစ်ကြိမ် သွားရောက်၍ သားဖြစ်သူကို ပြန်လွှတ်ပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း အကြောင်းမထူးခဲ့ဟု ဒေါ်မြင့်ခိုင်က ပြောသည်။
“ဒီကလေး ပြန်လွတ်လာနိုး၊ ပြန်လွတ်လာနိုး စောင့်နေရတာ။ ကျွန်မသားလေးပဲ ကျွန်မ ပြန်လိုချင်တာပါ” ဟု ၂ နှစ်အရွယ် သမီးငယ်နှင့်အတူ နေအိမ်တွင် ကျန်ရစ်သည့် ဒေါ်မြင့်ခိုင်က ပြောသည်။
ဗျူဟာမှူးဆိုသူက ကလေး ပြန်လွတ်မြောက်စေလိုလျှင် ဖခင်ဖြစ်သူ လာရောက်ဖြေရှင်းရန် ပြောဆိုသည်ဟု ဘိုးဘွားရိပ်သာတပ်စခန်းသို့ သွားရောက်ညှိနှိုင်းရာတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။
“ကိုယ်မှ မဟုတ်တာ ဘာမှမလုပ်ဘူးဆို လာဖြေရှင်းလိုက်ပေါ့။ (ဗျူဟာမှူးဟုဆိုသူက) အဲဒီလိုမျိုးပြောတာ။ ကျော်ဆန်းလင်း လာမတွေ့ရင် မလွှတ်ပေးနိုင်ဘူး။ အဓိကတော့ PDF (ဒေသကာကွယ်ရေးအဖွဲ့) သင်တန်းသားတွေလုပ်နေတယ်။ မြင်းခြံက ဒဏ်ရာရသူတွေ(PDF)ကို ဆေးကုသဖို့ ပံ့ပိုးပေးနေတယ်ဆိုပြီး စွဲချက်တင်ထားတာ။ ဒါတွေကလည်း သူမှ လုပ်မှ မလုပ်တာချည်းကို” ဟု အဆိုပါ အမည်မဖော်လိုသူက ပြောသည်။
စစ်ကောင်စီက အလိုရှိနေသူ ဦးကျော်ဆန်းလင်းကလည်း ၎င်းမှာ ယခင်က ကျေးရွာ NLD ခေါင်းဆောင်ဖြစ်သည်မှာ မှန်သော်လည်း အာဏာသိမ်းပြီးနောက် ပါတီနှင့် အဆက်အသွယ်မရှိကြောင်း၊ စစ်ကောင်စီဆန့်ကျင်ရေးတွင် ပါဝင်ခြင်းမရှိသော်လည်း လာရောက်ဖမ်းဆီးခံလိုက်ပါက သံသယဖြင့် ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်ကြောင်း ပြောသည်။
“ကျွန်တော်သွားလို့ ဟိုရောက်မှ ပက်ပက်စက်စက် ညှဉ်းပန်းနှိပ်စက်တာတွေ၊ နောက်နေ့ အလောင်းလာကောက်ဆိုတဲ့ ပုံစံမျိုးတွေ ကြောက်တာ” ဟု ၎င်းက ပြောသည်။
ဦးကျော်ဆန်းလင်းကို မည်သည့် ပုဒ်မများဖြင့် ဝရမ်းထုတ်ထားသည်၊ သားဖြစ်သူကို မည်သည့်အတွက် ဖမ်းထားသည်တို့ကိုမူ ဒေသဆိုင်ရာ စစ်ကောင်စီထံ စုံစမ်းမေးမြန်း၍ မရသေးပါ။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ၎င်းတို့ကို ဆန့်ကျင်မှုဖြင့် အလိုရှိသူတို့ကို မမိလျှင် ဆွေမျိုးသားချင်း၊ မိသားစုဝင်များအပါအဝင် အသက် ငါးနှစ်အောက် ကလေးငယ်များ၊ အသက် ၇၀ ကျော် မိဘဘိုးဘွားကိုပါ စစ်ကောင်စီက ဓားစာခံ ဖမ်းဆီးလေ့ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများတွင် တွေ့ရသည်။
AAPP ၏ စာရင်းကို ချဲ့ကားလွန်းသည်၊ တရားမဝင်အသင်းအဖွဲ့ဖြစ်သည်ဟု ပြောလေ့ရှိသည့် စစ်ကောင်စီကမူ ထိုသို့သော ကိစ္စများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်လေ့မရှိပေ။
စစ်ကောင်စီက သတင်းသမားများကိုပါ အပြင်းအထန်နှိပ်ကွပ်နေသောကြောင့် ဖမ်းဆီးထားစဉ် နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခြင်းများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တက်ရောက်ခွင့်ရသူတို့ကလည်း မေးခွန်းထုတ်ရန် တုံ့ဆိုင်းနေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p