ရခိုင်ပြည်နယ်တွင် စစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့သည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၄ ဦးကို ယနေ့ (စက်တင်ဘာ ၁၆) ၌ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု အပါအဝင် ပုဒ်မ နှစ်ခုဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် ၆လ အပြီးသတ်အမိန့် ချမှတ်လိုက်သည်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၉ တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြီး “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government, Burmese Government Get Out” ဟု ဆန္ဒဖော်ထုတ်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ကို စစ်တွေထောင်၌ ဖမ်းဆီးချုပ်နှောင်ပြီးနောက် ပုဒ်မ ၅၀၅ (ခ) နှင့် ဘေး/စီ/မံ ဥပဒေ ပုဒ်မ- ၂၉ တို့ဖြင့် အမှုဖွင့်ခဲ့ပြီး အကြိမ်ကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
ထို့ကြောင့် ဇူလိုင် ၁၆ တရားရုံးထုတ်ချိန်တွင် ကျောင်းသား ၄ ဦးက ”အမိန့်ချက်ချင်းချ၊ ချက်ချင်းချ” ”အပြစ်မဲ့ ရခိုင်ပြည်သူများ ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ်” ဟု ကြွေးကြော်ကာ ”ယနေ့ အမိန့်မချလျှင် အချုပ်မှ ထောင်သို့ မပြန်၊ အပြစ်မဲ့ဖမ်းဆီးခံ ရခိုင်ပြည်သူများကို ပြန်လွှတ်ပေးရန်” တရားရုံးအချုပ်အတွင်း၌ ဆန္ဒပြတောင်းဆိုခဲ့သည်။
ယင်းသို့ တောင်းဆိုခဲ့ပြီး ၂ လ တိတိ ပြည့်သည့်နေ့တွင် စစ်တွေခရိုင်တရားရုံးက စွဲချက်တင်ပြီး ချက်ချင်းအမိန့်ချခဲ့သည်။
ကိုကျော်နိုင်ဌေး အပါအဝင် ကျောင်းသား ၄ ဦးအား စစ်တွေခရိုင်တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် ၂ နှစ် ၊ ဘေး/စီ/မံ ဥပဒေ ပုဒ်မ- ၂၉ အတွက် ၆ လ သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း အကျိုးဆောင်ရှေ့နေနှင့် မိသားစုဝင်များထံမှ သိရသည်။
“ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ စွဲချက်တင်တာဖြစ်ပြီးတော့ ကျောင်းသားတွေက အပြစ်ရှိတယ်လို့ ဝန်ခံလိုက်တဲ့အတွက်ကြောင့် တရားသူကြီးကနေပြီးတော့ ချက်ချင်းပဲ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်”ဟု ကျောင်းသားများဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။
ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုတိုးတိုးအောင်က တရားရုံး၏ လုပ်ဆောင်မှုကို ကန့်ကွက်လိုက်သည်။
“အဓိကကတော့ ဒီကနေ့ အမိန့်ချမှတ်မှုဟာ မတရားလုပ်တယ်လို့ပဲ မြင်ပါတယ်။ ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ တရားရုံးက အမိန့်ချမှတ်တဲ့အချိန်ကိုတောင် မသိရတဲ့အခြေအနေပါ။ တရားရုံးရှေ့မှာ ကျွန်တော်တို့ သွားစောင့်တယ်ဆိုတာကို သူတို့သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ဘာမှမပြောဘဲ အမိန့်ချတာဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့တရားခွင်လို့ပဲ မြင်ပါတယ်”ဟု ၎င်းက ဆိုသည်။
“အလုပ်ကြမ်းနဲ့ချတယ်လို့လည်း သိရပါတယ်။ မတရားတဲ့လူတွေကတော့ မတရားတဲ့အတိုင်း လုပ်တာပါပဲ”
စီရင်ချက်ကြောင့် မိသားစုဝင်များက စိတ်မကောင်းကြကြောင်း ကျောင်းသားတစ်ဦးဖြစ်သူ ကိုကျော်နိုင်ဌေး၏ အစ်ကို ကိုကျော်မင်းဌေးက ပြောသည်။
“မိသားစုတွေကတော့ စိတ်မကောင်းကြဘူး။ ပြစ်ဒဏ်ကလည်း အများကြီးချမှတ်ခံခဲ့ရတယ်။ ကျွန်တော်တို့ မျှော်လင့်တာက တစ်နှစ်လောက် ချမယ်ဆိုရင်တော့ ချုပ်ရက်တွေနဲ့ဆိုရင် မကြာခင် ပြန်လွတ်လာမယ်လို့ ထင်ထားတာ။ ဒါပေမဲ့ အခုက ၂ နှစ် နဲ့ ၆ လတောင် ချလိုက်တာကတော့ မတရားပါဘူး”ဟု သူက ပြောသည်။
“သူတို့ကတော့ ကျန်းကျန်းမာမာရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ စိုးရိမ်တာက ထောင်ထဲမှာ အငြိုးအတေးနဲ့ စားနပ်ရိက္ခာအခက်အခဲဖြစ်အောင် အလုပ်ခံရမှာ စိုးရိမ်တယ်”
ဖခင်က စစ်မှုထမ်း
စစ်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုကြောင့် ထောင်ချခံရသည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အသက် ၂၄ နှစ်အရွယ် ကိုကျော်နိုင်ဌေးသည် စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သည်ဟု ၎င်း၏အစ်ကို ကိုကျော်မင်းဌေးက ပြောသည်။
“လူတစ်ယောက်မှာ လွတ်လပ်စွာ ကိုယ့်ခံယူချက်၊ ကိုယ်ယုံကြည်ရာကို လုပ်ခွင့်ရှိပါတယ်။ ဒါကြောင့် သူ (ကိုကျော်နိုင်ဌေး) လည်း သူယုံကြည်ရာကို သူ မှန်တယ်လို့ထင်တဲ့အရာကို လုပ်တာဖြစ်တဲ့အတွက် ထွေထွေထူးထူးပြောစရာမရှိဘူး။ နောက်ပြီး ပကတိ ကိုယ့်ပြည်မှာဖြစ်နေတဲ့ ပြည်သူလူထု၏ ဒုက္ခခံစားနေရတာကိုလည်း ကိုယ်တွေ့မျက်မြင်ဖြစ်ပါတယ်။ သူတို့လုပ်ရပ်ကလည်း အပြစ်ပြောလောက်တဲ့ လုပ်ရပ်မဟုတ်ဘဲ မှန်ကန်တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် သူတို့ယုံကြည်ရာကို ရှေ့ဆက်လုပ်စေချင်တယ်” ဟု ပြောသည်။
“သူတို့လုပ်ရပ်တွေဟာ အမှန်ဖြစ်တယ်ဆိုတာကို မြင်ပေးစေချင်ပါတယ်”
ကိုကျော်နိုင်ဌေး၏ ဖခင်မှာ တပ်မတော်တွင် တပ်ကြပ်အဆင့်ရှိသူတစ်ဦးဖြစ်သည်။ သို့ရာတွင် ယခုနှစ် ဖေဖော်ဝါရီ ၉ ၌ ရန်ကုန်မြို့၊ ခုတင် ၁၀၀၀ စစ်ဆေးရုံတွင် သွေးတိုးရောဂါဖြင့် ဆုံးပါးခဲ့ပြီဟု သိရသည်။
“သားဖြစ်သူတစ်ယောက်က စစ်တပ်ကို ဝေဖန်ထောက်ပြမှုတွေ ရှိတဲ့အခါ ကျွန်တော့်အဖေမှာ ဖိအားတွေ ရှိပါတယ်။ ဒါကြောင့် အဖေက ကျော်နိုင်ဌေးကို အဲဒီလိုတွေ မလုပ်စေချင်ဘူး။ အဖေကလည်း တစ်သက်လုံး တပ်မတော်မှာ တာဝန်ထမ်းဆောင်နေခဲ့သူဖြစ်ပြီး ပင်စင်ရမဲ့အချိန်ဆိုတော့ အေးအေးချမ်းချမ်းဖြစ်စေချင်ခဲ့တာ ဖြစ်မယ်။ ဒါတောင်မှ ကျွန်တော့်အဖေ မိခင်တပ်ရင်းက တပ်ကြပ်ကြီးရာထူးကို ဆိုင်းငံ့ပြီး တပ်ကြပ်ရာထူးတာဝန်သာ ပေးခဲ့တယ်” ဟု အစ်ကိုဖြစ်သူက ဆက်ပြောသည်။
ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် ကိုကျော်နိုင်ဌေးသည် စစ်တွေတက္ကသိုလ်မှာ ဥပဒေဘာသာရပ်ဖြင့် စတုတ္ထနှစ် ပညာသင်ကြားနေသည့် ကျောင်းသားတစ်ဦးဖြစ်သည်။
ကိုကျော်နိုင်ဌေး အပါအဝင် ကျောင်းသား ၄ ဦးသည် စစ်တွေအကျဉ်းထောင်အချုပ်ထဲတွင်ပင် အမှုရင်ဆိုင်ရင်း အချိန် ၁၁ လကြာ ချုပ်နှောင်ခံရပြီး ဖြစ်သည်။
အယူခံဝင်ရေး၊ မဝင်ရေး မဆုံးဖြတ်ရသေးဟု မိသားစုဝင်များက ပြောသည်။
“ရှေ့ဆက်လုပ်ရမှာကိုတော့ ကလေးတွေနဲ့ ထောင်ဝင်စာတွေ့ပြီးမှ သူတို့ဆန္ဒသဘောထားအတိုင်း အယူခံဝင်မလားဆိုတာ စီစဉ်ရမယ်”ဟု ကိုကျော်နိုင်ဌေး၏ အစ်ကိုဖြစ်သူ ကိုအောင်မင်းဌေးက ပြောသည်။
ရခိုင်တွင် စစ်မီးတောက်လောင်စဉ်ကာလ
စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား စစ်ရေးပြင်းထန်နေစဉ် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၇ ခု နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ၂၀၁၉ ၊ ဇွန်လ ၂၁ မှစ၍ အချိန်တစ်နှစ်ကျော်ကြာအထိ အင်တာနက်လိုင်း ဖြတ်တောက်ခဲ့သည်။
ထို့ပြင် အပြစ်မဲ့အရပ်သားများ ဖမ်းဆီးခံနေရပြီး ရွာထဲ လက်နက်ကြီးကျရောက်သဖြင့် ကလေးနှင့် အမျိုးသမီးများ သေဆုံးဒဏ်ရာမှုများ ဖြစ်ပွားနေစဉ်လည်းဖြစ်သည်။
ထို့ကြောင့် ကျောင်းသား ၄ ဦး ဦးဆောင်၍ လူ ၅၀ ခန့်ဖြင့် အောက်တိုဘာ ၁၉ ၊ မွန်းလွဲ ၁ နာရီခွဲတွင် စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးရှေ့မှစ၍ မြို့တွင်းရှိ အဓိကလမ်းမတွင် လှည့်လည်ဆန္ဒပြခဲ့ကြပြီး အင်းဝဘဏ်ရှေ့နားတွင် ရဲတပ်ဖွဲ့၏ ဖြိုခွဲဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
အဆိုပါ ဆန္ဒပြတောင်းဆိုပွဲတွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ အဓိကပါဝင်ခဲ့ပြီး ရဟန်းသံဃာတော်များနှင့် စစ်တွေမြို့မှ ပြည်သူအချို့ကလည်း ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြမှုကြောင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုဦးသန်းနိုင် (သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ)၊ ကိုမြတ်စိုးဝင်း (ကျောင်းသားများသမဂ္ဂ-ကျောက်ဖြူပညာရေးကောလိပ်- တွဲဖက်အတွင်းရေးမှူး)၊ ကိုကျော်နိုင်ဌေး (သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ) နှင့်ကိုကောင်းထွန်း (ရခိုင်ကျောင်းသားများသမဂ္ဂ-တက္ကသိုလ်များ ရန်ကုန်၊အဖွဲ့ဝင်) တို့ ဖမ်းဆီးခံခဲ့ရသည်။
ထို့နောက် ပုဒ်မ ၅၀၅ (ခ ) နှင့် ဘေး/စီ/မံ ဥပဒေ ပုဒ်မ- ၂၉ တို့ဖြင့် တရားစွဲခံရသည်။
အစိုးရရုံးရှေ့မှ ဆန္ဒထုတ်ဖော်မှု
ယင်းမတိုင်မီ ၂၀၂၀၊ စက်တင်ဘာ ၉ ကလည်း ကိုကျော်နိုင်ဌေး အပါအဝင် ရခိုင်ကျောင်းသား ၃ ဦးသည် “4G Internet ပြန်ဖွင့်ပေးရေး၊ No Bloody Government၊ No Murder Army၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ၊ ပြည်နယ်အစိုးရအား အလိုမရှိ” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ရခိုင်ပြည်နယ်အစိုးရရုံးရှေ့တွင် တောင်းဆိုခဲ့ကြသည်။
၎င်းတို့ဆန္ဒထုတ်ဖော်နေစဉ်မှာပင် စစ်တွေမြို့အမှတ် ၁ ရဲစခန်းက ဖမ်းဆီးခဲ့ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅/၂၉ ဖြင့် အမှုဖွင့်ခဲ့သည်။
ဖမ်းဆီးခံခဲ့ရသူများမှာ ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင်တို့ ဖြစ်သည်။
စက်တင်ဘာ ၁၀ ရက်နေ့ တွင် ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးရေးအတွက် ကျောင်းသားများနှင့် ဝန်းရံသူများက စစ်တွေမြို့ အမှတ် ၁ ရဲစခန်းရှေ့တွင် ထပ်မံတောင်းဆိုခဲ့ကြသည်။ သို့ရာတွင် ရဲတပ်ဖွဲ့က လူစုဖြိုခွဲခဲ့သည်။
ယင်းနောက်ပိုင်း စစ်တွေတက္ကသိုလ်၊ စစ်တွေကွန်ပျုတာတက္ကသိုလ်နှင့် စစ်တွေနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့များကလည်း တက္ကသိုလ်အသီးသီးတွင် အနက်ရောင်အလံလွှင့်ထူသည့် လှုပ်ရှားမှုပြုလုပ်ခဲ့သည်။
ရခိုင်တက္ကသိုလ်ကျောင်းသား ၃ ဦး လွတ်မြောက်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ ကယားပြည်နယ် အစရှိသည့် မြန်မာနိုင်ငံအတွင်းမှ ကျောင်းသားအဖွဲ့အစည်းများကလည်း ပိုစတာလှုပ်ရှားမှု၊ စတစ်ကာလှုပ်ရှားမှုတို့ဖြင့် ဆန္ဒပြမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြသည်။ ၂၀၂၀ ၊ စက်တင်ဘာ ၂၂ တွင် ၎င်းတို့အား အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
ထို့နောက် ၂၀၂၁ ၊ မေ ၆ တွင် အဆိုပါ ကျောင်းသား ၃ ဦးအား ငြိမ်းစုစီပုဒ်မ ၁၉ အတွက် တစ်ဦးလျှင် ငွေဒဏ် နှစ်သောင်းကျပ်စီ ကျခံစေရန် စစ်တွေမြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
”ကျွန်တော်တို့က ၂၀၂၀ ခု စက်တင်ဘာ ၉ ရက်နေ့မှာ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာ ဆန္ဒဖော်ထုတ်တယ်။ ဒါကြောင့် ကျွန်တော်တို့ကို ဖမ်းပြီး ထောင်ထဲမှာ ၁၀ ရက် ချုပ်တယ်။ နောက်ပိုင်း ငြိမ်းစုစီနဲ့ စွဲပြီး အာမခံနဲ့ လွတ်လာတယ်။ နောက် ငွေဒဏ်ချမှတ်ခံခဲ့ရတယ်”ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုတိုးတိုးအောင်က ပြောသည်။
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p