သတင်း

စစ်တွေမြို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ အဖမ်းခံရမည့် အန္တရာယ်ရှိနေ

၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား ဦးဆောင်ကျင်းပခဲ့ကြသည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကို ဖမ်းဆီးထောင်ချရန် စစ်ကောင်စီက ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်နေဝင်း၏ ဆိုရှယ်လစ်တစ်ပါတီအာဏာရှင်ခေတ်တွင် ရခိုင်ပြည်နယ်၌ ဆန်ရှားပါးမှုကြောင့် အငတ်ဘေးကြုံခဲ့ရစဉ် ဆန်ရရှိရေးအတွက် ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်တွေဒေသခံများ တောင်းဆို ဆန္ဒပြခဲ့ရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သည့်အတွက် လူရာချီ သေဆုံးခဲ့ရသည်။ ယင်းဖြစ်ရပ်ကို အမှတ်ရစေရန်နှင့် သင်ခန်းစာယူရန် သြဂုတ် ၁၃ ရောက်တိုင်း ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အစီအစဉ်များ ပြုလုပ်လေ့ရှိသည်။

၂၀၂၃ သြဂုတ်လ ၁၃ ရက်နေ့က ထိုအစီအစဉ်ကို ပြည်နယ်မြို့တော် စစ်တွေရှိ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (ရ.က.သ) ရုံးတွင် ပြုလုပ်ခဲ့ပြီးနောက် အဖမ်းအဆီးများ စတင်ခဲ့ခြင်းဖြစ်သည်။

ပထမဆုံးအဖမ်းခံရသူမှာ ထိုအခမ်းအနားကို တက်ရောက်ဟောပြောခဲ့သူ ရခိုင်အမျိုးသမီးများကွန်ရက် (RWN) ဥက္ကဋ္ဌ ဒေါ်ညိုအေးဖြစ်သည်။ စစ်ကောင်စီက သြဂုတ်လ ၁၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး စစ်တွေထောင်သို့ တန်းပို့ခဲ့သည်။

ထို့နောက် သြဂုတ်လ ၂၉ ရက်နေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး စစ်တွေမြို့ အမှတ် (၁) ရဲစခန်း စခန်းမှူးက ထောင် ၂ နှစ်အထိ ချနိုင်သည့် ဆူပူအောင်လှုံ့ဆော်မှု၊ ရာဇသတ်ကြီးဥပဒေပုဒ်‌မ – ၅၀၅(ခ) ဖြင့် တရားလိုလုပ်ကာ တရားစွဲထားသည်။

ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌကို ရုံးထုတ်သည့်နေ့တွင် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုသန်းနိုင်နှင့် လုပ်ဖော်ကိုင်ဖက်များကို စစ်ဆေးစီရင်ပြီးမှသာ ဒေါ်ညိုအေးအမှုကို စစ်ဆေးစီရင်မည်ဟု စစ်တွေမြို့နယ် တွဲဖက်တရားရုံး တရားသူကြီးက ပြောဆိုခဲ့ကြောင်း မိသားစုထံမှ သိရသည်။

“ရုံးထုတ်တာက  မိနစ် ၂၀ လောက်ပဲ ကြာပါတယ်။ မေမေ နာမည်၊ အဖွဲ့အမည်ကို မေးတယ်။ တရားသူကြီး ပြောတာက အမှုကို လက်ခံပေမဲ့ ကျောင်းသားတွေကို ဖမ်းပြီး စစ်ဆေးပြီးမှ အမေရဲ့ အမှုကို စစ်ဆေးမယ်ဆိုတယ်။ ဒါက အမေကို ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲ။ ကျောင်းသားတွေ အဖမ်းခံလာအောင်ထိ အမေက ထောင်ထဲ နေရမှာလား။ မတရားဘူးလို့ ခံစားရတယ် ” ဟု ဒေါ်ညိုအေး၏ သမီးက ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေါ်ညိုအေး (ဓာတ်ပုံ – ရ.က.သ Facebook)

စစ်ကောင်စီသည် ရခိုင်အမျိုးသမီးများကွန်ရက်ဥက္ကဋ္ဌအမှုကို အငြိုးထားကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက သြဂုတ် ၃၁ တွင် ထုတ်ပြန်ချက်ဖြင့် တုံ့ပြန်ခဲ့သည်။ အဖမ်းခံရန်လည်း အစီအစဉ်မရှိဟု ဆိုသည်။

“စစ်ကောင်စီ တရားစီရင်ရေးကို အယုံအကြည်မရှိဘူး။ ကျွန်တော်တို့ ခေါင်း‌ဆောင်တွေကလည်း မျှတမှုမရှိတဲ့ တရားစီရင်ရေးအောက်မှာ အဖမ်းခံဖို့ အစီအစဉ်မရှိဘူး” ဟု သမဂ္ဂပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်တွေဆန်ပြဿနာနေ့သည် ခေတ်အဆက်ဆက် ပြည်သူ့အာဏာကို အကြမ်းဖက်သိမ်းယူထားသည့် အာဏာရှင်တို့ စစ်အုပ်ချုပ်ရေးတွင် စီးပွားရေးကျဆင်းကာ ပြည်သူတို့၏ ငတ်မွတ်ခေါင်းပါးလာရာမှ ပေါ်ပေါက်လာသည်၊ ပြဿနာကို လက်နက်ဖြင့်သာ ဖြေရှင်းတတ်သည့် အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်ကို မီးမောင်းထိုးပြသည်ဟု မှတ်ယူပြီး အနာပေါ် တုတ်ကျသည့်အတိုင်း မလုံမလဲဖြစ်နေသော စစ်ကောင်စီက အရှက်ပြေအနေဖြင့် ကျောင်းသားခေါင်းဆောင်များနှင့် ဒေါ်ညိုအေးကို ရည်ရွယ်ချက်ရှိရှိ အငြိုးထား တရားစွဲဆိုခြင်းဟု ကျောင်းသားသမဂ္ဂက ဆိုသည်။

စစ်ကောင်စီက အမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button