ဆန္ဒပြမှုကြောင့် ကာလအတန်ကြာ ထိန်းသိမ်းခံရပြီး ယခင်လက ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ခံလိုက်ရသည့် ကျောင်းသား ၄ ဦး၏ အယူခံလွှာတင်သွင်းခြင်းကို စစ်တွေခရိုင်တရားရုံးက လက်မခံသော်လည်း ရခိုင်ပြည်နယ်တရားရုံးက ယမန်နေ့ (နိုဝင်ဘာ ၉) တွင် လက်ခံလိုက်သည်။
စစ်တပ်နှင့်အစိုးရ အလိုမရှိဟု ဆန္ဒပြခဲ့သည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များဖြစ်သည့် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ၊ ဘေးစီမံဥပဒေ ပုဒ်မ ၂၉ အရ ထောင်ဒဏ် ၆ လစီ ချမှတ်ရန် စစ်တွေမြို့နယ်တရားရုံးက စက်တင်ဘာ ၁၆ တွင် အမိန့်ချမှတ်ခဲ့သည်။
စစ်တွေခရိုင်တရားရုံးတွင် အယူခံတင်သွင်းခဲ့ရာ စက်တင်ဘာ ၂၃ ၌ ပယ်ချခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှုတင်သွင်းခဲ့ရာ အမှု ၂ မှု စလုံးကို လက်ခံခဲ့သည်ဟု ၎င်းတို့ဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။
“အမှုကို လက်ခံလိုက်တဲ့အတွက် စစ်တွေမြို့နယ်တရားရုံးက မူလစစ်ဆေးခဲ့တဲ့အမှု၊ နောက်ပြီးတော့ ကျွန်တော်တို့ စစ်တွေခရိုင်တရားရုံးက တင်သွင်းထားတဲ့အယူခံအမှု အဲဒီအောက်ရုံး အမှု ၂ မှုတွဲကို တောင်းခံမယ်။ ပြီးတော့ ရဲမှူးဇော်နိုင်ဆီကို သမ္မာန်စာပို့မယ်။ ပြီးရင် အမှုတွဲတွေအားလုံးစုံရင် အပြီးသတ်လျှောက်လဲချက်ကြားနာမယ်။ အဲဒီလို နှစ်ဖက်ကြားနာရင် အပြီးသတ်အမိန့်ကိုချမယ်”ဟု တရားလွှတ်တော်ရှေ့နေက ဆက်ပြောသည်။
စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၂ တွင် အကြောင်းခြင်းရာတစ်ခုတည်းကို အခြေခံပြီး အမှု ၂ မှု မစွဲရ၊ ပြစ်ဒဏ် ၂ ကြိမ်မပေးရဟု ပြဋ္ဌာန်းထားသည်ဟု ရှေ့နေက ထောက်ပြသည်။
“(ပြင်ဆင်ချက်ကို လက်ခံလိုက်တဲ့အတွက် ) မျှော်လင့်ချက်ကတော့ ကျွန်တော်တို့ တင်သွင်းထားတဲ့ ပြင်ဆင်ချက်က ဥပဒေနဲ့ ညီညွတ်တဲ့အတွက် အောင်မြင်မယ်လို့ ကျွန်တော် ယူဆပါတယ်” ဟု ၎င်းက ဆိုသည်။
“အောင်မြင်မှုဆိုတာက နှစ်မှုထဲက တစ်ခုဖြစ်သွားမယ်။ ပြီးတော့ ရိုးသားစွာ ဝန်ခံထားတဲ့အတွက်ကြောင့်၊ ပြီးတော့ ကျောင်းသားတွေလည်း ဖြစ်တယ်၊ လူငယ်တွေလည်းဖြစ်တယ်။ အဲဒါကြောင့် ပြစ်ဒဏ်လျှော့ပေးလိမ့်မယ်လို့ သုံးသပ်ပါတယ် ”
ကျောင်းသား ၄ ဦးသည် ၂၀၂၀ အောက်တိုဘာ ၁၉ က စစ်တွေမြို့တွင် လူဦးရေ ၅၀ ခန့်နှင့်အတူ “ကိုလိုနီအစိုးရ အလိုမရှိ၊ နယ်ချဲ့စစ်တပ် အလိုမရှိ၊ Burmese Government Get Out ၊ Burmese Army Get Out ၊ ငါတို့ ရေ၊ ငါတို့ မြေ၊ ငါတို့လေ၊ ငါတို့ပိုင်သည်၊ ငါတို့အုပ်ချုပ်မည်” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြနေစဉ် အဖမ်းခံခဲ့ရသည်။
၎င်းတို့ ဆန္ဒပြခဲ့ကြသည့်ကာလတွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများဖမ်းဆီးခံရမှု၊ နှိပ်စက်သတ်ဖြတ်ခံရမှု ရှိသောကြောင့် စစ်တပ်နှင့်အစိုးရ လူ့အခွင့်အရေးချိုးဖောက်နေသည်ဟု ဆိုကာ ရခိုင်ပြည်နယ်မှ ထွက်သွားရန် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)