သတင်း

ဆန္ဒပြ ရခိုင်ကျောင်းသား ၄ ဦးကို ထောင်ဒဏ် ၁ နှစ်စီလျှော့ချ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဆန္ဒပြကျောင်းသားလေးဦး ထောင်ဒဏ် (၂) နှစ်ခွဲစီ ချမှတ်ခံထားရသည့် အမှုကို အယူခံတက်ထားရာ ပြည်နယ်တရားရုံးက ထောင်ဒဏ် (၁) နှစ်စီ လျော့ကျသွားစေရန် ယနေ့(ဒီဇင်ဘာ ၁၆) တွင် အမိန့်ချလိုက်ကြောင်း ၎င်းတို့၏ ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များဖြစ်ကြသည့် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်း၊ ကိုကောင်းထွန်းတို့ကို နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ) အရ ထောင်ဒဏ် ၂ နှစ်စီ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၉ အရ ထောင်ဒဏ် ၆ လစီ ချမှတ်ရန် စစ်တွေမြို့နယ်တရားရုံးက စက်တင်ဘာ ၁၆ တွင် အမိန့်ချမှတ်ခဲ့သည်။

စီရင်ချက်ကို ခရိုင်တရားရုံးတွင် အယူခံတင်ရာ စက်တင်ဘာ ၂၃ တွင် ပယ်ချခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှုဆက်လက်တင်သွင်းခဲ့ရာ အမှု ၂ မှုစလုံးကို လက်ခံခဲ့သည်။

ယနေ့ ပြည်နယ်တရားလွှတ်တော်၏ အပြီးသတ်အမိန့်ချမှတ်မှုအရ ထောင်ဒဏ်တစ်နှစ်လျော့သွားသည်ဟု ရှေ့နေက ဆိုသည်။

“၅၀၅(ခ) ကနေ ထောင်ဒဏ် (၂) နှစ်ကို ခြောက်လ လျှော့လိုက်တယ်ဆိုတော့ အဲဒီအမှုမှာ တစ်နှစ်ခွဲဖြစ်သွားတယ်။ ဘေးစီမံ (၆) လကိုလည်း သီးခြားမဟုတ်ဘဲနဲ့ တစ်ပေါင်းတည်းလုပ်လိုက်တဲ့အတွက် သူတို့ဟာ ထောင်ဒဏ် နှစ်နှစ်ခွဲအစား တစ်နှစ်ခွဲ ခံရတော့မယ်ဆိုတော့ တစ်နှစ် သက်သာသွားတယ်” ဟု ရှေ့နေက ပြောသည်။

“ခန့်မှန်းခြေတွက်ချက်လိုက်ရင်တော့ သူတို့ မတ်လလောက်မှာ လွတ်လိမ့်မယ်”

အဆိုပါ ကျောင်းသား ၄ ဦးသည် ၂၀၂၀ အောက်တိုဘာ ၁၉ ရက်နေ့ စစ်တွေမြို့တွင် လူဦးရေ ၅၀ ခန့်နှင့်အတူ စစ်တွေမြို့အတွင်း လှည့်လည်ဆန္ဒပြခဲ့ကြသူများ ဖြစ်သည်။

ဆန္ဒပြရာတွင် ကိုလိုနီအစိုးရ အလိုမရှိ၊ နယ်ချဲ့စစ်တပ် အလိုမရှိ၊ Burmese Government Get Out, Burmese Army Get Out,  ငါတို့ရေ၊ ငါတို့မြေ၊ ငါတို့လေ၊ ငါတို့ပိုင်သည်၊ ငါတို့အုပ်ချုပ်မည် စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြသည်။

၄င်းတို့ ဆန္ဒပြခဲ့ကြသည့်ကာလတွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများ ဖမ်းဆီးခံရမှု၊ နှိပ်စက်သတ်ဖြတ်ခံရမှု ရှိသောကြောင့် စစ်တပ်နှင့် အစိုးရ လူ့အခွင့်အရေးချိုးဖောက်နေသည်ဟုဆိုကာ ရခိုင်ပြည်နယ်မှ ထွက်သွားရန် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

၂ နှစ်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည့် ရခိုင်ပြည်နယ်တွင် အာဏာသိမ်းရန် လပိုင်းအလိုတွင် အပစ်ရပ်ခဲ့ကြပြီး စစ်ဒဏ် အပြင်းအထန်ခံခဲ့ရသည့် ရခိုင်ဒေသခံအများစုက အာဏာသိမ်းမှုဆန့်ကျင်ရေး၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခြင်း မရှိကြပေ။

အခြားဒေသများကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဖွဲ့စည်းလှုပ်ရှားမှု မရှိသော်လည်း AA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး သြဇာချဲ့ထွင်မှု သိသိသာသာ ရှိလာသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် အခြားဒေသမှ PDF များနှင့် ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးခံရသူ အရပ်သား ၈ ဦး အနည်းဆုံးရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button