သတင်း

စစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သော ရခိုင် ကျောင်းသား ၄ ဦး ပြန်လွတ်

စစ်တပ်နှင့် ပြည်နယ်အစိုးရကို အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြမှုဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသော ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၄ ဦး ယနေ့ (မတ် ၁၁) နံနက် ၆ နာရီခန့်တွင် ချုပ်ရက်စေ့၍ စစ်တွေအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြသည်။ 

ပြည်နယ်တရားရုံးက ထောင်ဒဏ်လျှော့ချပေးထားသဖြင့် ပြန်လွတ်လာခြင်း ဖြစ်သည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဗဟိုပြန်ကြားရေး ဦးဆောင်ကော်မတီဝင်တစ်ဦးက ပြောသည်။

“သူတို့ကို ထောင် ၂ နှစ်နဲ့ ၆ လ ချခဲ့တာ။ သို့သော် ပြည်နယ်က တစ်နှစ်လျှော့လိုက်တဲ့အတွက် တစ်နှစ် ၆ လ ကျခံခဲ့ရတယ်။ အခု ချုပ်ရက်စေ့လို့ ပြန်လွတ်လာကြတာပါ။ သူတို့ပြန်လွတ်လာလို့ ဝမ်းသာပါတယ်” ဟု သူက Myanmar Now ကို ပြောသည်။ 

လွတ်လာသူတို့မှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ကျောင်းသားသမဂ္ဂ(တက္ကသိုလ်များ ရန်ကုန်)မှ ကိုကောင်းထွန်းတို့ ဖြစ်သည်။ 

၎င်းတို့ ၄ ဦး လွတ်မြောက်လာခြင်းကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးနှင့် မိသားစုဝင်တစ်ဦးတို့ကလည်း အတည်ပြုသည်။

“ထွေထွေထူးထူးတော့ မပြောချင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် အခုလိုကျန်းကျန်းမာမာနဲ့ ပြန်လွတ်လာတာကို ဝမ်းသာပါတယ်” ဟု ကိုကျော်နိုင်ဌေး၏ အစ်ကိုဖြစ်သူ ကိုကျော်မင်းဌေးက ပြောသည်။ 

၂၀၂၀ အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေမြို့တွင် ​​ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government, Burmese Government Get Out” ဟု ဆန္ဒပြကြစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

၂၀၂၀၊ အောက်တိုဘာ ၁၉ ရက်နေ့က ရခိုင်ကျောင်းသားများ ဆန္ဒပြနေစဉ်။ (ဓာတ်ပုံ-Myanmar Now)

ထို့နောက် ၎င်းတို့ကို စစ်တွေထောင်၌ ချုပ်နှောင်ထားကာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နှင့် ဘေး/စီ/မံ ဥပဒေ ပုဒ်မ- ၂၉ တို့ဖြင့် အမှုဖွင့်ခဲ့ပြီး အကြိမ်ကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး ယမန်နှစ် စက်တင်ဘာ ၁၆ တွင် ထောင် ၂ နှစ်ခွဲ ချခဲ့ခြင်း ဖြစ်သည်။ 

ကျောင်းသားများက အယူခံတက်ခဲ့ရာ ရခိုင်ပြည်နယ်တရားလွှတ်တော်က ၁ နှစ်နှင့် ၆ လသာ ကျခံစေရန် ၂၀၂၁ ဒီဇင်ဘာတွင် အမိန့်ချမှတ်ခဲ့သည်။

အာမခံမရသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မနှင့် တရားစွဲဆိုမှုကို ရခိုင်အခြေစိုက် ရှေ့နေအဖွဲ့လေးဖွဲ့ဖြစ်သော ရခိုင်ပြည်နယ်ရှေ့နေများကောင်စီ၊ စစ်တွေခရိုင်ရှေ့နေများအသင်း၊ Legal Clinic Myanmar ( Rakhine Branch) နှင့် သဇင်ဥပဒဆိုင်ရာ ထောက်ပံ့ကူညီရေးအဖွဲ့တို့က ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ၂၀၂၀ စက်တင်ဘာ ၁၃ တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။ 

၎င်းတို့ ဆန္ဒပြခဲ့စဉ်က ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်ဖြစ်ပွားနေမှုကြောင့် လူနေကျေးရွာများအတွင်း လက်နက်ကြီးကျကာ ကလေး လူကြီးများ သေဆုံးမှု ဖြစ်ပွားနေချိန်ဖြစ်သည်။ ထို့ပြင် ရခိုင်ပြည်နယ်မှ မြို့နယ် ၇ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ဇွန် ၂၁ မှစ၍ အင်တာနက်ဖြတ်တောက်ထားသည်မှာ တစ်နှစ်ကျော် ကြာမြင့်နေချိန်လည်း ဖြစ်သည်။ 

ရခိုင်ပြည်နယ်အရေး ဆန္ဒပြခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကျောင်းသားများကို ပြန်လွှတ်ပေးရန်နှင့် တရားစွဲဆိုမှုများ ဆက်လက်မပြုလုပ်ရန် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၀ ဖွဲ့ကလည်း ၂၀၂၀ နိုဝင်ဘာ ၂၃ တွင် NLD အရပ်သားအစိုးရကို တောင်းဆိုခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button