သတင်း

ရခိုင်ကျောင်းသား ၄ ဦး၏ အယူခံကို ခရိုင်တရားရုံး ပယ်ချ 

ပုဒ်မ ၂ ခုဖြင့် ထောင်ချခံထားရသည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသား ၄ ဦးအမှုကို ယမန်နေ့ (စက်တင်ဘာ ၂၃) တွင် အယူခံဝင်လျှောက်လဲချက် တင်ခဲ့ရာ စစ်တွေခရိုင်တရားရုံးက ပယ်ချခဲ့သည်ဟု အမှုလိုက်ပါဆောင်ရွက်နေသည့်ရှေ့နေထံမှ သိရသည်။

“ခရိုင်တရားသူကြီးက လျှောက်လဲချက်ပေးခိုင်းတယ်။ ဘာကြောင့် အယူခံတင်သလဲဆိုတာကို လျှောက်လဲချက်ပေးပြီးပြီးချင်းပဲ ဒီအမှုကို ပယ်လိုက်တယ်ဆိုပြီး အမိန့်ချတယ်” ဟု ကျောင်းသား ၄ ဦး ဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

၂၀၂၀၊ အောက်တိုဘာ ၁၉ တွင် စစ်တွေမြို့၌ စစ်ဆန့်ကျင်ရေးဆန္ဒပြမှုဖြင့် ကျောင်းသား ၄ ဦးကို ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုပြီး အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်းသည် ဥပဒေအရ မှားယွင်းခြင်းဖြစ်ကြောင်း၊ အယူခံတက်ခြင်းကို ခရိုင်တရားရုံးက လက်မခံဘဲ ပယ်ချလိုက်ခြင်းသည် ဥပဒေရှုထောင့်အရ မှားယွင်းနေကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ဝေဖန်သည်။

“၁၉၇၃ ခုနှစ် စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၂ အရ ဆိုလို့ရှိရင် ၁၉ ရက်၊ ၁၀ လ၊၂၀၂၀ နေ့ ပြုလုပ်မှုတစ်ခုအပေါ်မှာ ၅၀၅ (ခ) အရ တစ်မှု၊ ဘေးစီမံ ၂၉ နဲ့ တစ်မှု ၂ မှုဖွင့်ပြီးတော့ ၂ မှုလုံးကို အပြစ်ပေးတယ်။ ၂ နှစ်အမြင့်ဆုံးပြစ်ဒဏ်တစ်ခု၊ ၆ လအမြင့်ဆုံးပြစ်ဒဏ်တစ်ခု နှစ်ခုပေးတယ်။ ဥပဒေရှုထောင့်အရဆိုရင် ပြုလုပ်မှုတစ်ခုတည်းအပေါ်မှာ ပြစ်ဒဏ်နှစ်ခုပေးတာဟာ ဥပဒေအရ မှားယွင်းတယ်။ ဒါကြောင့် ခရိုင်တရားရုံးက ဒါကို လက်မခံဘဲနဲ့ ပယ်လိုက်တာဟာ ဥပဒေရှုထောင့်အရ မှားတယ်လို့ ရှေ့နေအမြင်နဲ့ သုံးသပ်ပါတယ်”ဟု ၎င်းက ပြောသည်။

အယူခံကို စစ်တွေခရိုင်တရားရုံးက ပယ်ချလိုက်သည့်အတွက် အထက်ရုံးသို့ အယူခံတက်ရန် ပြင်ဆင်ထားကြောင်း ရှေ့နေက ဆက်ပြောသည်။

“ရခိုင်ပြည်နယ်တရားလွှတ်တော်ကို တက်လို့ရသေးတယ်။ တက်ဖို့အတွက်လည်း မိတ္တူကူးထားတာ ရှိတယ်။ ကျောင်းသားတွေလည်း ဆန္ဒရှိရင် တက်မယ်”ဟု ရှေ့နေ ဦးကျော်ညွန့်မောင်က ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ တွင် ရခိုင်တက္ကသိုလ်ကျောင်းသားများဖြစ်သည့် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ကို စစ်တွေခရိုင်တရားရုံးမှ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ၊ ဘေး/စီ/မံ ဥပဒေ ပုဒ်မ- ၂၉ အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ လ သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။  

ရခိုင်တွင် တိုက်ပွဲပြင်းထန်နေပြီး အင်တာနက်ဖြတ်တောက်ခံထားရချိန် ၂၀၂၀ အောက်တိုဘာ ၁၉ က စစ်တွေမြို့၌ ကျောင်းသားများဦးဆောင်၍ “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ” စသည့်အချက်များကို တောင်းဆိုဆန္ဒပြရာ ယင်းနေ့ကတည်းက ကျောင်းသား ၄ ဦး ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၁၁ လကျော်ကြာ ထောင်အချုပ်အတွင်းမှ အမှုရင်ဆိုင်ခဲ့ရသည်။

ကျေင်းသားလေးဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်လိုက်ခြင်းအတွက် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ရခိုင်အမျိုးသားပါတီ၏ လူငယ်ကော်မတီက စက်တင်ဘာ ၁၆ တွင် ထုတ်ပြန်ထားသည်။

အလားတူ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂကလည်း ပွင့်လင်းမြင်သာမှုမရှိသော တရားခွင်မှ ချမှတ်လိုက်သော ဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်းနှင့် ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ကြောင်း စက်တင်ဘာ ၁၈ တွင် ထုတ်ပြန်ခဲ့သည်။

” ပြည်သူဘက်မှ ရပ်တည်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ကျောင်းသားများအား မတရားဖမ်းဆီးခြင်း၊ မတရားပြစ်ဒဏ်ချမှတ်ခြင်းသည် အာဏာရှင်တို့၏ ဥပဒေမဲ့လုပ်ရပ်ဖြစ်သည်ဟု ရှုမြင်ကြောင်းနှင့် အဆိုပါ ကျောင်းသားလေးဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန်” တောင်းဆိုခဲ့သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button