သတင်း

ဘုတလင်တွင် ကျောင်းသားသမဂ္ဂခေါင်းဆောင် ၃ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကျေးလက်ဒေသတွင် ဖွင့်ထားသော မြို့နယ်ကျောင်းသားသမဂ္ဂရုံးခန်းကို ယနေ့ (ဇူလိုင် ၂၈) နံနက်တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ကျောင်းသားခေါင်းဆောင် ၃ ဦးကို နှိပ်စက်သတ်ဖြတ်လိုက်သည်။

စစ်ကောင်စီစစ်ကြောင်း ၄ ခုက မြို့၏ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာ ချင်းတွင်းမြစ် အရှေ့မြောက်ဘက် ရွာသာကျေးရွာနှင့် ညောင်ကန်ရွာတို့ကို ဝင်ရောက်စီးနင်းစဉ် ထိုဖြစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထိုစဉ်က သမဂ္ဂရုံးတွင် အသက် ၁၈ နှစ်အရွယ် ကိုကျော်ဝင်းသန့် (ဥက္ကဋ္ဌ)၊ အသက် ၁၉ နှစ်အရွယ်များဖြစ်သော ကို‌ကြယ်စင်ငြိမ်းချမ်း (ဒုဥက္ကဋ္ဌ) နှင့် ကိုသုတနေ (သတင်းပြန်ကြားရေးမှူး) တို့ ရှိနေသည်ဟု ဘုတလင်မြို့နယ် ဗကသကျောင်းသားတစ်ဦးက ပြောသည်။

“နံနက်အစောပိုင်းမှာတင် ရွာကို စစ်ကြောင်းလေးကြောင်းနဲ့ စီးခံရချိန်မှာ သုံးယောက်ကို မိသွားပြီးတော့ လက်ပြန်ကြိုးတုပ်၊ ရင်ဘတ်တွေကို ဓားတွေနဲ့ ထိုး၊ နှိပ်စက်ပြီးတော့မှ ပစ်သတ်သွားတယ်လို့ သိထားတယ်။ စစ်ကြောင်းက (ရွာတွေကနေ) မထွက်သေးတဲ့အတွက် အသေးစိတ်တော့ မသိရသေးဘူး” ဟု သူက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။

ထို ၃ ဦးအပြင် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ ရဲဘော်တစ်ဦးနှင့် ရွာသားတစ်ဦးလည်း သတ်ဖြတ်ခံရသည်ဟု သတင်းကြားရကြောင်း အထက်ပါ ဗသကကျောင်းသားက ပြောသည်။

လက်ရှိတွင် ရွာအတွင်း မည်သူမျှ ပြန်မဝင်ရဲသေးသလို အထက်ပါ သတ်ဖြတ်မှုအကြောင်း ထွက်ပြေး လွတ်မြောက်လာသော ဒေသခံများကို ကိုးကား၍ သိရကြောင်း အထက်ပါ ကျောင်းသားက ဆက်ပြောသည်။

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဦးဆောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။

အခြေခံပညာကျောင်းသားများ၊ တက္ကသိုလ်ကျောင်းသားများဖြင့် ဖွဲ့စည်းထားသည့် မြို့နယ်ကျောင်းသားသမဂ္ဂရုံးခန်းကို ညောင်ကန်ကျေးရွာအတွင်း ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

သတ်ဖြတ်ခံရသော ဘုတလင်မြို့နယ်ကျောင်းသားခေါင်းဆောင် ၃ ဦး။

စစ်ကောင်စီဝါဒဖြန့် လော်ဘီချန်နယ်များတွင် အကြမ်းဖက်အဖွဲ့များ စုနေသည့် စခန်းတစ်ခုကို စစ်တပ်ကွန်မန်ဒိုတပ်ဖွဲ့မှ စီးနင်းပြီး ပြာချခဲ့ကြောင်း ဖော်ပြထားကြသည်။

ဘုတလင်မြို့ပေါ်မှ လာသော အင်အား ၁၅၀ ဝန်းကျင် စစ်ကောင်စီစစ်ကြောင်းသည် ဇူလိုင် ၂၅ ရက်ကတည်းက မြို့ အနောက်ဘက်ကျေးရွာများကို ဝင်ရောက်စီးနင်းနေခြင်း ဖြစ်သည်၊ ညောင်ကန်နှင့် ကပ်လျက် ရွာသာရွာတို့ စီးနင်းခံရသည်ဟု ဘုတလင်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) လက်အောက်ခံ တပ်ရင်းများက ဘုတလင်မြို့ပေါ်တွင် ခြေကုပ်ယူ အထိုင်ချထားပြီး၊ မြို့နယ်အတွင်း စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

အဆိုပါစစ်ကြောင်းသည် ယခုလ ၂၆ တွင် သန်းမတောကျေးရွာကို စီးနင်းခဲ့သလို ယနေ့တွင် ရွာသာရွာနှင့် ညောင်ကန်ရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်းမှ ကျေးရွာများကို ဝင်ရောက်စီးနင်းနေပြီး ဒေသခံများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။

စစ်တပ်က ပြည်သူများကို အကာအကွယ်ပေးနေသည်ဟုသာ စစ်ဗိုလ်ချုပ်များက မကြာခဏ ပြောဆိုလျက်ရှိသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button