
(ရန်ကုန်) – အဓမ္မကျင့်ရန် ကြံစည်အားထုတ်ခံရပြီး တိုက်ပေါ်မှ တွန်းချခံခဲ့ရသည်ဟု ဆိုသော ရန်ကုန်၊ သာကေတ မြို့နယ်မှ အိမ်အကူ မိန်းကလေး၏ တိုင်ကြားချက်ကို ရဲစခန်းက စုံစမ်းဆဲ အဆင့်သာ ရှိသေးသဖြင့် တရားခံဟု စွပ်စွဲခံထားရသူ အမျိုးသားကို ၁၂ ရက်ကြာသည်အထိ ဖမ်းဆီးခြင်း မပြုသေးဘဲ မိန်းကလေးကိုမူ သေကြောင်းကြံစည်မှုဖြင့် စခန်းက အမှုဖွင့်ထားဆဲဖြစ်သည်ဟု ၎င်းမြို့နယ် အမှတ် (၂) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။
အထပ်မြင့်တိုက် လေးလွှာမှပြုတ်ကျသည့်ဒဏ်ကြောင့် ခါးအောက်ပိုင်း လှုပ်ရှား၍ မရတော့သည့် ၁၇ နှစ်အရွယ် အိမ်အကူမိန်းကလေးမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရပြီး ၆၈ နှစ်အရွယ် အိမ်ရှင် အမျိုးသား၏ အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုကို ငြင်းဆန်သဖြင့် ပြတင်းပေါက်မှ တွန်းချခံခဲ့ရသည်ဟု ရဲထံတွင် ထွက်ဆိုထားသည်။
ဦးမျိုးနောင်အား ရာဇသတ်ကြီးပုဒ်မများဖြစ်သည့် ပုဒ်မ ၃၀၇ (လူသတ်မှု ကျူးလွန်ရန် အားထုတ်မှု)၊ ပုဒ်မ ၃၂၈ (ပြစ်မှုကျူးလွန်ရန် ကြံရွယ်၍ အဆိပ်စသည်များဖြင့် နာကျင်စေမှု)၊ ပုဒ်မ ၃၇၆ (မုဒိမ်းမှု) တို့ဖြင့် မိန်းကလေး၏ မိခင်က တရားလိုလုပ်ကာ အမှုဖွင့်ထားသည်။
အမှုကို စုံစမ်းစစ်ဆေးဆဲ ဖြစ်သည့်အတွက် စွပ်စွဲခံထားရသူ အောင်သပြေအရှေ့ (၂) လမ်း၊ အမှတ်(၃၃/က)၊ ၄ လွှာနေ ဦးမျိုးနောင်အား ဖမ်းဆီး၍ မရသေးကြောင်း သာကေတမြို့နယ် အမှတ် (၂) ရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲအုပ် ရန်မင်းလွင်က Myanmar Now ကို ဇွန်လ ၂၉ ရက်နေ့တွင် ပြောသည်။
ထိုအိမ်အကူမိန်းကလေးကိုလည်း သေကြောင်းကြံစည်မှု (ပုဒ်မ ၃၀၉) ဖြင့် အမှုဖွင့်ထားသည်ဟု ၎င်းက ပြောသည်။
ထိုနေ့က မွန်းလွဲ ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်ဟုဆိုသော ထိုဖြစ်စဉ်တွင် မိန်းကလေးငယ် ပြုတ်ကျသည့် အသံကို မည်သူမျှမကြားမိဘဲ ၎င်းအားတွန်းချသည်ဟုဆိုသည့် ဦးမျိုးနောင်က နောက်ဖေးလမ်းကြား ဝင်ပေါက်တံခါးသော့ကို လာတောင်းမှ သိရကြောင်း ဘေးချင်းကပ်တိုက်တွင် နေသည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။
“(ဦးမျိုးအောင်)က လောလော လောလော နဲ့ အောက်ဆင်းလာပြီး ပစ္စည်းပြုတ်ကျသွားလို့ ဆိုပြီး သော့လာတောင်းတာ။ သော့ရတော့ အောက်ထပ်ကို ဝင်သွားတယ်။ တစ်အောင့်ကြာမှ ကျွန်တော့်သားကို ‘သားရေ အဘကို ကူပါဦး’ ဆိုပြီး လှမ်းခေါ်တော့မှ ပစ္စည်းမဟုတ်ဘဲ လူဖြစ်နေတာကို ကျွန်တော်တို့ သိရတာ” ဟု ၎င်းက ပြောသည်။
အိမ်အကူမိန်းကလေးသည် နောက်ဖေးလမ်းကြားရှိ ရေပြည့်နေသော မြောင်းအတွင်း ခေါင်းနှင့်ကျခြင်းဖြစ်သဖြင့် အသက်ချမ်းသာရာရသွားခြင်းဖြစ်နိုင်သည်ဟု ထိုအိမ်နီးချင်းက ပြောသည်။
“နည်းတဲ့အမြင့်မှ မဟုတ်တာ၊ မသေတာ ကံကြီးပေလို့ပဲ” ဟု ၎င်းက ပြောသည်။
အိမ်နီးချင်းတချို့၏ အဆိုအရ သင်္ဘောသားအရာရှိဟောင်း ဦးမျိုးနောင်မှာ အဆိုပါရပ်ကွက်အတွင်း နေထိုင်သည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီ ဖြစ်ကြောင်း၊ ဇနီးဖြစ်သူမှာ ဆရာဝန်တစ်ဦး ဖြစ်ကြောင်း သိရသည်။ သမီးဖြစ်သူလည်း ထိုအိမ်တွင် နေကြောင်း သိရသည်။
အိမ်အကူ
မွန်ပြည်နယ် မုဒုံမြို့နယ် ကော့ကဒွတ်ကျေးရွာဇာတိ ထိုမိန်းကလေးက လွန်ခဲ့သည့်တစ်လခန့်က ရန်ကုန်သို့ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု Myanmar Now ကို ပြောသည်။
သင်တန်းတက်ရမည့် စက်ချုပ်ဆိုင်တွင် လူပြည့်သွားသဖြင့် ထိုအိမ်တွင် အိမ်အကူအလုပ်ကို လစာ ကျပ် ၇၀,၀၀၀ ဖြင့် ဝင်ရောက် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အိမ်ရှင် ဦးမျိုးအောင်သည် ၎င်းကို ယခင်ရက်များကတည်းက မရိုးသားသည့်အမူအရာများ ပြသကြောင်း ၎င်းက ဆိုသည်။
“ပုတီးစိပ်နေရင် ပုတီးကိုမကြည့်ဘူး သမီးကို စိုက်စိုက်ကြည့်တယ်။ အဝတ်ချိတ် လှမ်းယူတဲ့အခါလည်း သမီးလက်ကိုဆွဲပြီး သူ့ရင်ဘတ်ကို ကိုင်ခိုင်းတယ်။ အခန်းအပြင် (ဧည့်ခန်း) မှာ ဘယ်သူမှ မရှိတဲ့အခါကျရင် ‘လာ…လာ’ ဆိုပြီး တိုးတိုးလေး လှမ်းလှမ်းခေါ်တယ်။ သမီးကနောက်ဖေးကို ပြေးပြေးဝင်တယ်။ သူ့မျက်နှာကြီးကို ကြောက်တယ်” ဟု ၎င်းက Myanmar Now ကို ဆေးရုံတွင် ပြောသည်။
အမှုဖြစ်ပွားသည့်နေ့က ဦးမျိုးအောင်သည် ၎င်းကို မတရားပြုကျင့်ရန် ကြံစည်စဉ် ရုန်းကန်သည့်အတွက် ဆံပင်ကိုဆွဲကာ ပါးစပ်အတွင်းသို့ အဆိပ်ဟု ၎င်းထင်သည့် အဝါရောင်ဆေးရည်များ လောင်းထည့်ကာ ပြတင်းပေါက်မှ တွန်းချခဲ့သည်ဟု ပြောသည်။
ပြုတ်ကျပြီး ရရှိသည့်ဒဏ်ကြောင့် ရင်ဘတ်နှင့် ခါးအောက်ပိုင်း နာကျင်နေသည်ဟု ပြောသည်။
“ပစ္စည်းပျောက်တိုင်း သမီးစွပ်စွဲခံရတယ်။ ပြီးရင်ပြန်ရှာတွေ့တယ်။ သူတို့ တအားနှိမ်ပြီး ပြောတယ်။ ဘယ်နှကြိမ်ပြောလဲ သမီးမမှတ်မိပေမဲ့ အပြောခံရတဲ့အကြိမ်တိုင်းက နာတယ်” ဟု ၎င်းက ဆိုသည်။
မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုဖြင့် အမှုပြန်ဖွင့်ခံထားရသည့် အတွက် တရားဥပဒေအရ တတ်နိုင်သမျှ ရင်ဆိုင်သွားမည် ဟု ကာယကံရှင်မိန်းကလေး၏မိခင်က ပြောသည်။
“တိရစ္ဆာန်တွေတောင် သူ့တို့အသက်မသေအောင် သူတို့ ကာကွယ်တယ်။ သူ့ကိုယ်သူ သေကြောင်း ကြံစည်တယ် ဆိုတာ ဖြစ်နိုင်လား။ အန်တီ အဲ့ဒီတိုက်ကို လိုက်ကြည့်ပြီးကတည်းက သမီး ဘယ်လိုမှ အကောင်းအတိုင်း ပြန်မြင်ရမှာမဟုတ်ဘူးလို့ တွေးပြီးသား” ဟု ၎င်းက ဆိုသည်။
ဆေးကုသမှုခံယူနေသည်မှာ ရက်သတ္တနှစ်ပတ် ပြည့်တော့မည်ဖြစ်ပြီး ခွဲစိတ်ကုသမှု ခံယူရမည်ဆိုပါက စရိတ်အတွက် အခက်အခဲဖြစ်မည်ကို မိခင်ဖြစ်သူက စိုးရိမ်နေသည်။
စွပ်စွဲခံရသူ ဖြေဆိုရန် ငြင်းဆို
ဆေးရုံတက်ပြီးရက်အနည်းငယ်အတွင်း ဦးမျိုးနောင်က သမီးဖြစ်သူနှင့်အတူ ရောက်လာပြီး ဆေးစရိတ် ကျပ် ၈၅,၀၀၀ ထောက်ပံ့သွားခဲ့သည်ဟု ၎င်းကပြောသည်။
စွပ်စွဲခံထားရမှုနှင့် ပတ်သက်ပြီး Myanmar Now က ဇူလိုင်လ ၂ ရက်နေ့တွင် ဦးမျိုးနောင်၏ နေအိမ်သို့ သွားရောက် မေးမြန်းခဲ့သည်။
ယခုအချိန်တွင် အမှုစုံစမ်းစစ်ဆေးဆဲဖြစ်ပြီး မည်သည့်အကြောင်းအရာမျှ ဖြေကြားမပေးနိုင်သေးကြောင်း ၎င်း၏ သမီးဖြစ်သူက ပြောသည်။
“ဒီအချိန်မှာ ရဲတပ်ဖွဲ့ကလည်း အမှုတည်ဆောက်ဆဲကာလ ဖြစ်နေတယ်။ ကျွန်မတို့ ဖြေလည်း ဘာမှ ခြေခြေမြစ်မြစ် မရှိတဲ့အတွက် ဘောင်ဝင်မှာ မဟုတ်ပါဘူး။ အမှန်တရား ပေါ်ပေါက်လာမှာပါ။ အဲ့ဒီအချိန်ကျ ဖြေကြားပေးမှာပါ” ဟု ပြောသည်။