သတင်း

နယ်စပ်ရောက် ထန်တလန် ဒုက္ခသည် ၉၀၀ ကျော် အကူအညီလိုအပ်

မြန်မာ-အိန္ဒိယနယ်စပ်သို့ တိမ်းရှောင်နေရသည့် ထန်တလန်မြို့နယ်၊ လုံလဲရ်ရွာမှ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအဝင် စစ်ရှောင် ၉၀၀ ကျော်အတွက် အကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု အဆိုပါစစ်ရှောင်များကို စောင့်ရှောက်နေသည့် ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ တွင် အိန္ဒိယနယ်စပ်နှင့် မိုင်အနည်းငယ်ကွာဝေးသော လုံလဲရ်ကျေးရွာနှင့် ကပ်လျက်ရှိသည့် စစ်ကောင်စီ၏ လုံလဲရ် နယ်စပ်တပ်စခန်းကို ချင်းလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်မှုမတိုင်ခင် ရွာသားများက နယ်စပ်ကို ရက်အနည်းငယ် ကြိုတင်တိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းတို့ကို ကူညီပေးနေသူ ကိုအောင်က ပြောသည်။

“ကူညီဖို့တော့ အများကြီးလိုအပ်တယ် ။ အခုမှ ရွှေ့ကြတာဆိုတော့လေ။ အစားအသောက်ပိုင်းရော၊ ဆေးဝါးရော လိုတယ်” ဟု ကိုအောင်က ပြောသည်။

ရွာမှ ဆိုင်ကယ်ဖြင့် သွားသူများရှိသလို ခြေလျင်လျှောက်ပြီးသွားရသူများလည်း ရှိကြောင်း၊ ကျေးရွာဘုရားကျောင်းများ၊ နေအိမ်များ၊ တောင်ယာခင်း အရေးပေါ်ရွက်ဖျင်တဲများတွင် နေရာချထားပေးရကြောင်း သူက ဆက်ပြောသည်။

ကူညီသူများ၏ စာရင်းအရ ၈၀၀ ကျော်မှာ ဒေသတွင်း ငှာင်စိစ်၊ ဒေါန်း၊ ရမ်းပဲရ်၊ တောင်ရာ၊ ဇန်းတလန် စသည့် ကျေးရွာများတွင် ခိုလှုံနေကြပြီး ၁၄၀ ခန့်မှာ မီဇိုရမ်ပြည်နယ်၊ နှထိုင်းလ (Hnahthail) ခရိုင်အတွင်းရှိ ကျဲန်လှုမ်း၊ သမ်ရ်ဖွာ၊ ကျောင်သွင်၊ နှုမ့်သိမ်လ် စသည့်ရွာများတွင် ရောက်နေသည်။

တိုက်ပွဲ ပြန်ဖြစ်နိုင်သဖြင့် နေရပ်ပြန်ရန် မဝံ့ရဲကြသေးပေ။

အခြားဒေသမှ စစ်ဘေးဒုက္ခသည်များ

ထန်တလန်မြို့နယ်မှ စစ်ရှောင်များအရေးကူညီပေးနေသည့် Thantlang Placement Affairs Committee-IDPs help ၏ လတ်တလောရရှိထားသည့် အချက်အလက်များအရ ထန်တလန်တစ်မြို့နယ်လုံးတွင် စစ်ရှောင် ၂၀၀၀ ကျော်ရှိနေသည်ဟု သိရပြီး အရေအတွက်ထပ်တိုးလာနိုင်ကြောင်း အဆိုပါအဖွဲ့၏ တာဝန်ရှိသူ ဆလိုင်းလျှန်က ပြောသည်။ အဆိုပါစာရင်းတွင် လုံလဲရ်ရွာမှ စစ်ရှောင်များမပါဝင်သေးဟု ဆိုသည်။  

အိန္ဒိယဘက်မှ နှထိုင်းလ်ခရိုင်အုပ်ချုပ်ရေးမှူး H. Dolianbuaia က ၎င်း၏ ခရိုင်အတွင်း ချင်းပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်လာသူဦးရေ ၇၀၀ ကျော်အထိ ရှိနေပြီး နောက်ထပ် ထပ်ရောက်လာသူများလည်း ရှိနေနိုင်သည်ဟု ပြောဆိုထားကြောင်း စက်တင်ဘာ ၁၁ Chin World သတင်းဌာန သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ 

လုံလဲရ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်မှုများပြုလုပ်နေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သောကြောင့် စစ်ရှောင်များအနေဖြင့် နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း ကူညီပေးနေသူ ကိုအောင်က ဆိုသည်။

ထိုစခန်းကို ချင်းအမျိုးသားတပ်မတော်(CNA) နှင့် ဒေသခံချင်းဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် CDF (ထန်တလန်)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်သည်။

လုံလဲရ်နယ်စပ်စခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက ယနေ့အထိ သတင်းမထုတ်ပြန်သေးသော်လည်း အာဏာသိမ်းစစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက စခန်းကျမကျကို အတည်မပြုပေးနိုင်သေးကြောင်း စက်တင်ဘာ ၁၃ တွင် ဧရာဝတီသတင်းဌာနကို ဖြေကြားထားသည်။

ထန်တလန်မြို့တွင် ဟားခါးမှ စစ်ကူလိုက်လာသည့် စစ်ကောင်စီတပ်အင်အား ၈၀ ခန့် ထပ်မံရောက်ရှိလာသည်ဟု သတင်းရပြီး လတ်တလောတွင် ထန်တလန်တစ်မြို့လုံးတွင် စစ်အင်အား ၂၀၀ ခန့်ရှိနေသည်ဟု CDF (ထန်တလန်) အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများပြုလုပ်ရန် ပြင်ဆင်နေသည့်အတွက် ထန်တလန်တွင် တိုက်ပွဲများ ပြန်ဖြစ်ပွားလာနိုင်သည်ဟု သူက ဆိုသည်။

“တိုက်ပွဲဖြစ်တာမရှိသေးဘူး၊ ဒါပေမဲ့ ပြောလို့တော့မရသေးဘူး၊ စစ်ကောင်စီတပ်တွေက ထန်တလန်မှာ ရှိနေတာဆိုတော့ နည်းနည်းလှုပ်ရှားနေတာတွေလည်းရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်ခံရသည့် လုံလဲရ်စခန်းအပေါ် ဂျက်လေယာဉ် နေ့စဉ်ပျံဝဲနေကြောင်း၊ လာရောက် ကင်းထောက်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

လုံလဲရ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးပြီး လက်နက်အမြောက်အမြားလည်း ရရှိခဲ့ကာ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း CDF က စက်တင်ဘာ ၁၂ တွင် ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၉ တွင် ထန်တလန်မြို့အတွင်း စစ်ဆေးမှုများလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို CDF (ထန်တလန်)က ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ပြီး အရပ်သား ၄ ဦး ဒဏ်ရာရခဲ့သည်။ 

ဝထန်တလန်မြို့သူ၊ မြို့သားများအပေါ် အကြမ်းဖက်မှု၊ ဧည့်စာရင်းစစ်ဆေးမှု အပါအဝင် ပြည်သူများ၏ လုံခြုံရေးကို ဆက်နှောင့်ယှက်နေမည်ဆိုပါက တိုက်ခိုက်သွားမည်ဟု CDF (ထန်တလန်) က သတိပေးထားပြီး ဝင်တိုက်ခြင်း ဖြစ်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button